စကားတစ်ခွန်း

0
753

“လူ၏လျှာသည် ခြောက်လက်မခန့် သာရှိသော်လည်း ခြောက်ပေရှည်သော လူကို သေစေနိုင်သည်။”
ဤစကားပုံကို အားလုံး ကြားဖူး ကြပေမည်။ မဆင်မခြင် ပြောလိုက်မိ သော စကားတစ်ခွန်းကြောင့် မိမိ၏အသက်ကို စတေးလိုက်ရနိုင်သည်။
မိမိ၏ နှုတ်ထွက်စကားတစ်ခွန်း ကြောင့် မိမိကို ချစ်ခင်သနားသူများ လာနိုင်သကဲ့သို့ မိမိကို ရွံရှာမုန်းတီး သူလည်း များသွားနိုင်သည်။ မိမိ၏အပြောအဆိုညံ့ ဖျင်းမှုကြောင့် ဟီးရိုးမှ ဇီးရိုးလည်း ဖြစ်သွားနိုင်သည်။

ဤသည်မှာ မိမိပြော စကားအတွက် မိမိအပေါ်တွင် တန်ပြန် အကျိုးသက် ရောက်မှု ဖြစ်လာနိုင်ချေကို တစ်စိတ် တစ်ဒေသ ဖော်ပြခြင်းမျှသာ။
တစ်ခါတစ်ရံ တစ်ယောက်ယောက် ၏ စကားတစ်ခွန်းကြောင့် တစ်ခြား သူတစ်ယောက်အပေါ်တွင် အကျိုးသက် ရောက်မှု ကြီးကြီးမားမား ဖြစ်သွားနိုင် သည်။ ပြောသူ၏ အရေးပါအရာရောက်မှု အပေါ် မူတည်ပြီး အကျိုးသက်ရောက်မှုက တစ်ဦးထက် မကလည်း ဖြစ်သွားနိုင် သည်။

ဥပမာ – ပြောသူသည် သမ္မတ တစ်ယောက် ဖြစ်နေလျှင် ပြည်သူ တစ် ရပ်လုံးပေါ်တွင် အကျိုးသက်ရောက်မှု ဖြစ်နိုင်သည်။ ဤနေရာတွင် ပြောသူသည် မည်ကဲ့သို့သော သူပင် ဖြစ်နေစေကာမှ ကောင်းသော အကျိုးသက်ရောက်မှု ဖြစ်လာလျှင်တော့ ကောင်းပါသည်။ သို့သော် အဆိုးဘက်ကို ဦးတည်သွား လျှင်တော့ မကောင်း။ တစ်စုံတစ်ယောက် ၏ မှတ်ချက်ပြုပြောစကားကြောင့် ဘ၀ ပျက်ခဲ့ရသူ၊ အသက်ပေးလိုက်ရသူများ အကြောင်းကို ကြားဖူးကြပေမည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ အပြောခံရသူ၏ ဆင်ခြင်တုံတရားနည်းပါးမှု၊ ကိုယ်ခံအား နည်းပါးမှုကြောင့် ဖြစ်နိုင်သည်မှန်သော် လည်း ပြောကြားသူဘက်တွင်လည်း တာဝန်မကင်းလှ။ မိမိ၏စကား တစ်ခွန်း က သူတစ်ပါးအတွက် ဘ၀ပျက်သွားရ လောက်အောင်ထိ ဖြစ်သွားနိုင်ခြေရှိသလားဆိုသည်ကို ထည့်တွက်စဉ်းစားပြီးမှု ပြောဆိုကြလျှင်တော့ အကောင်းဆုံးဖြစ် ပေသည်။ ” Think before you speak. Look before you leap.”ဆိုသည့် အင်္ဂလိပ်စကားပုံလေးကို ကျွန်တော် သဘောကျမိသည်။

ထို့အပြင် စကားလုံးများတွင် ပါဝါရှိသည်ဆိုသည်ကို ဆရာဖေမြင့်၏ “ခုထိဘာကြောင့် မချမ်းသာသေးတာလဲ” စာအုပ်ကို ဖတ်ဖူးသူတိုင်း သိပေမည်။ သူပေးသည့် ဥပမာက ရှင်းသည်။ မိမိနား မလည်သည့် ဘာသာစကားဖြင့် မိမိကို မည်ကဲ့သို့သော ခြိမ်းခြောက်စာကို ပို့သည်ဖြစ်စေ နည်းနည်းမှစိတ်ပူရ ကောင်းမှန်း သိမည်မဟုတ်။
“မင်းကိုဒီည ငါလာသတ်မယ်” ဆို သည့် ခြိမ်းခြောက် စာပင် ဖြစ်နေစေဦး တော့ နည်းနည်းမှ ကြောက်ရကောင်း မှန်း သိမည်မဟုတ်ပေ။ သို့သော် ထိုခြိမ်း ခြောက်စာသည် မိမိ နားလည်နိုင်သည့် ဘာသာစကားတစ်ခုခုဖြင့်သာ ရေးသား ထားပါလျှင်မူ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိလောက်အောင် ပင်ကြောက်ရွံ့နေ မည်မှာ အမှန်ပင်ဖြစ်သည်။

သူ၏အလိုအရ ကောင်းသော စကား၊ ဘ၀ကိုတိုးတက်စေနိုင်သော စကားလုံးများကို မိမိကိုယ်ကိုမိမိလည်း အမြဲမပြတ်ပြောနေသင့်သည်။ သူတစ်ပါး ကိုလည်း ပြောပေးသင့်သည်။ ထိုစကား လုံးများက ကျွန်တော်တို့၏ မသိစိတ်ကို နှိုးဆွပေးနိုင်စွမ်းရှိပေသည်။
လူတစ်ယောက်၏ဘ၀ကို စကား တစ်ခွန်း သို့မဟုတ် စာတစ်ကြောင်း ကြောင့် အပြောင်းအလဲ ဖြစ်သွားစေနိုင် သည်။ ဤသည်ကို ဖေ့စ်ဘွတ်(ခ်)တွင် ကျွန်တော်ကြည့်လိုက်ရသည့် ဗီဒီယို ကလစ်လေးတစ်ခုက သက်သေထူနေ သည်။ ထိုဗီဒီယို ကလစ် လေးက ဆရာ၊ ဆရာမများအတွက် နမူနာယူသင့်လှသည် ဟု ထင်ပါသည်။ အမေရိကန်နိုင်ငံမှ Judith Toensing ဆိုသည့် ဆရာမ တစ်ဦးသည် သူမ၏တပည့်ဖြစ်သူ ခြောက်တန်း ကျောင်းသူလေးကို ၁၉၉၇ ခုနှစ်က စာတိုလေးတစ်စောင် ရေးပေး ခဲ့ဖူး သည်။ ထိုခြောက်တန်းကျောင်းသူ လေး၏ ရီပို့တ်ကတ်ပေါ်တွင် ရေးပေး လိုက်သည်က စာသုံးကြောင်းတည်း ဖြစ်သည်။ ကျွန်တော် ဥာဏ်မီသလောက် ဘာသာပြန်ကြည့်ရလျှင် “မင်းကို ဆရာမရဲ့ အတန်းမှာ လက်ခံသင်ကြား ခွင့်ရတာကို ဝမ်းသာပျော်ရွှင်ရပါတယ်။ ရလဒ်ကောင်းတွေကို ဆက်ထိန်းထား ဟေ့။ ငါ့ကိုမင်းရဲ့ ဟားဗတ်တက္ကသိုလ် ဘွဲ့နှင်း သဘင်အခမ်းအနားကိုလည်း ဖိတ်ပေးဦး”ဟု ဖြစ်သည်။

ထိုကဲ့သို့ ရေးပေးလိုက်ပြီး ၂၁နှစ် အကြာတွင်တော့ သူမ၏ တပည့်ဖြစ်သူမှာ ဟားဗတ်တက္ကသိုလ်မှ ပြည်သူ့ကျန်းမာ ရေးဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ထိုအခမ်းအနားသို့ တက်ရောက်ရန် သူမ ၏ဆရာမကိုလည်း အမှန်တကယ် ဖိတ် ကြားနိုင်ခဲ့သည်။ ၂၁ နှစ် ကြာပြီး နောက် သူမ၏တပည့်မလေးက သူမ၏ဆရာမ ကို လာရောက်တွေ့ဆုံချိန်တွင် ဝမ်းသာ ပီတိဖြစ်လွန်း၍ ကြက်သီးထသွားသည့် ဆရာမ၏ အမူအရာလေးကိုလည်း ကြည်နူးဖွယ် တွေ့ရသည်။ စာကြောင်း တိုလေးသုံးကြောင်းက ခြောက်တန်း ကျောင်းသူလေး တစ်ယောက်၏ စိတ်ကို နှိုးဆွပေးနိုင်ခဲ့ပေသည်။ ထိုကျောင်း သူလေး၏ အနာဂတ်အိပ်မက်ကို လမ်း ပြပေး နိုင်ခဲ့သည်။ ထိုစာသုံးကြောင်းက သူမအတွက် ကြိုးစားဖို့ခွန်အားဖြစ်စေခဲ့ သည်။
ကျွန်တော့်အနေဖြင့် ထိုအဖြစ်အပျက် မှ သင်ခန်းစာယူစရာများစွာရခဲ့သည်။

ကျွန်တော်တို့ ဆရာ၊ ဆရာမများ အနေဖြင့်လည်း ဆရာမ Judith Toensing ကို နမူနာယူပြီး သူမလို ပြုမူနိုင်ကြလျှင် ကျွန်တော်တို့တပည့် လေးများ၏ အနာဂတ်အတွက် များစွာ ကောင်းမွန်လှပေမည်။ ကလေးများကို ပြောဆိုဆုံးမရာတွင် အကောင်းဖက်သို့ ဦးတည်သည့် စကားလုံးများကိုသာ ရွေးချယ်သုံးနှူန်း ကြလျှင် ကလေးတွေ၏စိတ်ဓာတ်များ လည်း အကောင်းဘက်သို့ ဦးတည်လာပေမည်။ ဆရာဖြစ်သူ၏ စကားတစ်ခွန်းသည် မည်မျှလောက်တာ သွားသည်ကို ဤ အဖြစ်အပျက်လေးက အလင်းပြနေပေ သည်။

မိဘများအနေဖြင့်ဖြစ်စေ၊ ဆရာ၊ ဆရာမများအနေဖြင့်ဖြစ်စေ မိမိတို့၏သားသမီးများ၊ တပည့်များအတွက် မိဘဆရာသမားတို့၏ စကားတစ်ခွန်း သည် သူတို့ဘ၀၏အနာဂတ် ဖြစ်သွား နိုင်သည်ကို သတိထားကြရပေမည်။