ဘိလပ် မဟာတန်း ကျောင်းသား

0
659

ရောက်သည်နှင့် စိတ်အချမ်းသာဆုံး မှာ ဘရစ္စတိုမြို့ပေါ်မှ ကောင်းကင်ပြာ နှင့် နေလုံးကြီး ဖြစ်သည်။ လေက တဖြူး ဖြူးတိုက်နေသည်။

ညနေစောင်းနေပြီဖြစ်သော်လည်း နေရောင်အားကောင်းဆဲ။

လူကတော့ တော်တော်ပင်ပန်းနေပြီ။ လမ်းတွင် ၂၄ နာရီခန့် အချိန်ကြာခဲ့သည်၊ ကောင်းကောင်းလည်း မအိပ်ခဲ့ရ။ မှန်း ထားသည့် အချိန်ထက် နည်းနည်း နောက်ကျသော်လည်း ချောချော မောမော ရောက်လာသည်ကိုပင် ကျေးဇူးတင်ရ မည်။

(က)

အမှန်တော့ မဟာတန်း တက်ဖို့ ယခင်က စိတ်ကူးခဲ့သည့် နေရာများတွင် ဗြိတိန် မပါပါ။ မဟာဘွဲ့ကို တစ်နှစ် တည်းဖြင့် နင်းကန် စာလုပ်ရမည်စိုး သောကြောင့် အဓိက မစဉ်းစားခြင်း ဖြစ်သည်။ ဗြိတိန်ရှိ တက္ကသိုလ်များမှာ အများအားဖြင့် မဟာဘွဲ့ကို တစ်နှစ်တက် ရသည်။ အခြား ဥရောပ၊ ဩစတေးလျ၊ နယူးဇီလန်၊ အာရှတို့ ရှိ အချို့ကျောင်းတွေ ကတော့ တစ်နှစ်ခွဲမှ ၂ နှစ် အမျိုးမျိုး ရှိသည်။ ထိုကြောင့် ၂ နှစ် ကျောင်းတက် မဟာဘွဲ့ရသော နိုင်ငံ၊ တက္ကသိုလ်ကို စစဉ်းစားမိသည်။

သို့သော် အကြောင်းအမျိုးမျိုး ကြောင့် အင်္ဂလန်နှင့်ပင် ဖူးစာဆုံလိုက်ရ တော့သည်။

၁၃ နှစ်ကျော်ကြာ သတင်းစာသမား အဖြစ် လုပ်ကိုင်ခဲ့ပြီးတဲ့ နောက် အဲဒီနွံ ထဲက ခေတ္တခဏ ထွက်ပြီး အပြောင်းအလဲ တစ်ခုတော့ လိုနေပြီ။ နောက်ပြီး ကိုယ် တိတိကျကျ သင်ယူချင်သော ဘာသာရပ် တစ်ခုကိုလည်း သင်ဖို့ အချိန်တန်ပြီ။

တစ်သက်လုံး မရခဲ့ဖူးသည့် တက္ကသိုလ် ကျောင်းသား ဘ၀ အနှစ်သာရကိုလည်း သေသေချာချာ ခံစားဖြတ်သန်းဖို့ အချိန် တန်ပြီဟု ဆုံးဖြတ်ကာ ကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းတက်မည်ဆိုတော့ ငွေ ကြေးမတတ်နိုင်သူတို့ ထုံးစံအတိုင်း ပညာသင်ဆုသာ ရှာရသည်။

သင်လိုသည့် ဘာသာရပ်က ပြည် သူ့ရေးရာ မူဝါဒ ဘာသာရပ်ကို စီးပွား ရေးပညာ အထူးပြု ယူလိုသည်။ ယင်း ဘာသာဖြင့် မြန်မာနိုင်ငံမှ ကျောင်းသား များကို ပညာသင်ဆုပေးသော အစီအစဉ် များ လိုက်ရှာရသည်။

သတင်းစာပညာကို ဆက်လက်သင် ယူလိုသည်ထက် ဘေးဝန်းကျင်တွင် စိတ် ထဲ အမြင်မတော်၊ အတွေ့မတော်သော ပြည်သူ့ရေးရာမူဝါဒ (အစိုးရ မူဝါဒ) များကို တစ်ပတ်လည်အောင် နားလည်လို သည့် စိတ်က သည်နှစ်ပိုင်းမှာ ပိုဖြစ်နေ သည်။ တစ်ရေးနိုးအကြံပေါ် ထင်ရာစိုင်း မူဝါဒများ ချနေသော အဖြစ်သနစ်များကို တွေ့ရဖန် များလွန်း၍လည်း ဖြစ်သည်။

တကယ်က စီးပွားရေးပညာ (ဘောဂဗေဒ) စစ်စစ်ကို သင်လိုသော် လည်း ရထားသည့်ဘွဲ့က အဲသည် ပညာကို မဟာတန်းတက်သင်ဖို့လောက် အတွက် အခြေခံ မရှိလှ။ ထိုကြောင့် လုပ်ကိုင်ခဲ့သော အလုပ်အတွေ့အကြုံ၊ ဝါသနာပါလို့ ကြားထဲ လေ့လာဆည်းပူးခဲ့ သော ဟိုတစ်စ သည်တစ်စ ပညာတို့ကို အခြေခံ၍ ပြည်သူ့ရေးရာ မူဝါဒ ဘာသာ ရပ်ယူရန် ဖြစ်လာခြင်း ဖြစ်သည်။

ပညာသင်ဆုရရေး ၂၀၁၆ ခုနှစ် နှစ်ကုန်ကတည်းက စလုပ်ဖြစ်သည်။

လပေါင်း နှစ်ဆယ်ကျော် အောင့် အီးသည်းခံ လုံးပန်းရင်း ၂၀၁၈ ခုနှစ် အတွင်းတွင်မှ ပညာသင်ဆု ရသွားတော့ သည်။

တက္ကသိုလ်ကျောင်းနှင့် ပတ်သက် လျှင် ဒုတိယနေရာများနှင့်သာ ကံ အကြောင်းဆုံရသည်ဟု ဆိုရမည်။ ဆယ် တန်းအောင်တော့ ပထမဦးစားပေးက စိုက်ပျိုးရေး တက္ကသိုလ် ဖြစ်သည်၊ သို့သော် ဒုတိယ ဦးစားပေးဖြစ်သော နည်းပညာကောလိပ်သာ တက်ရသည်။

နည်းပညာကောလိပ်တက်တော့ လည်း ပထမ ရွေးထားသည်က မြို့ပြ (Civil) ဖြစ်သည်။ သို့သော် အကြောင်း အမျိုးမျိုးကြောင့် လျှပ်စစ်စွမ်းအား တက်ဖြစ်သွားပြန်သည်။

ယခုလည်း ပညာသင်ဆု ငါးခု လျှောက်သည်။ ဒုတိယ တစ်ခုနှင့်သာ ဖူးစာဆုံသည်။ ပထမတစ်ခုက အရွေး မခံရ။ အခြားဟာတစ်ခုက ပညာသင်ဆု အပြည့်မရ၊ တစ်ခုက (စာရွက်စာတမ်း တစ်ခု လိုနေ၍ ထင်သည်) အကြောင်း မပြန်၊ တစ်ခုက ယခု ပညာသင်ဆုရပြီးမှ အကြောင်းကြားလာလို့ မရွေးဖြစ်တော့။

တက္ကသိုလ်ရွေးတော့သည့် ထိုသို့ ပင်။ ပညာသင်ဆု လျှောက်ကတည်းက ဘရစ္စတိုတက္ကသိုလ်က ဒုတိယနေရာတွင် ရှိသည်။ သို့သော် ပထမ စာရင်းတင်ထား သော တက္ကသိုလ်က တက္ကသိုလ်ဝင်ခွင့် မလျှောက်ဖြစ်တော့သဖြင့် ဒုတိယ တစ် ခုကို ရွေးလိုက်ခြင်း ဖြစ်သည်။ လန်ဒန် တက္ကသိုလ်နှင့် အခြား တက္ကသိုလ်တစ်ခု ကျောင်းဝင်ခွင့် ရခဲ့သော်လည်း လန်ဒန် ကဲ့သို့သော မြို့ကြီးပြကြီးတွင် မျက်စိရှုပ် နားရှုပ် မနေလိုသဖြင့် တောမကျ၊ မြို့မ ရောက် ဘရစ္စတိုကို ရွေးဖြစ်သွားခြင်း ဖြစ်သည်။

ထိုသို့ဖြင့် ယခု ဗြိတိန် အစိုးရ ပညာသင်ဆုနှင့် အင်္ဂလန်ရှိ ဘရစ္စတို တက္ကသိုလ် (University of Bristol) တွင် ကျောင်းတက်ရန် အကြောင်းဖန် လာခြင်း ဖြစ်သည်။

(ခ)

အားလုံး အဆင်သင့် ဖြစ်ပြီးသည် နှင့် ကျောင်းဖွင့်ရက်ထက် တစ်ပတ်ခန့် စောစွာ ထွက်လာခဲ့သည်။ ကျောင်းတက် မည့် ဘရစ္စတိုမြို့တွင် အတော်အသင့် နေသားကျရန်၊ ပတ်ဝန်းကျင်ကိုလည်း လေ့လာနိုင်ရန်၊ ပြင်ဆင်စရာများ အတွက်လည်း ပြင်ဆင်နိုင်ရန် ကြိုလာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းက စက်တင်ဘာ နောက် ဆုံးပတ်တွင် ဖွင့်မည်။ ထိုကြောင့် စက်တင်ဘာ တတိယအပတ်တွင်းတွင် ထွက်လာဖြစ်သည်။

မြန်မာပြည်က ထွက်လာသည့်ရက် တွင် သတင်းသမားတွေ ဆန္ဒပြနေ သည်။

ရိုက်တာသတင်းသမား နှစ်ဦးကို ထောင်ဒဏ်ချမှတ်လိုက်သဖြင့် သတင်း လွတ်လပ်ခွင့်အတွက် ရန်ကုန်တွင် ဆန္ဒပြနေကြခြင်း ဖြစ်သည်။

မူလက ဆန္ဒပြခွင့်ပြုမိန့် မပေးခဲ့ သော်လည်း အနားနီးချိန်တွင် ခွင့်ပြုမိန့် ပြန်ပေးခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ အလွန် မြန်မာ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး ခရီးတစ်လျှောက် သတင်း လွတ်လပ်ခွင့် တိုက်ပွဲများကား မပြီးသေး။

ဒီမိုကရေစီရာသီဥတုကား အုံ့ဆိုင်း ဆဲ။

လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ်ကို တော့ နေ့လယ်ခန့်တွင် ရောက်သည်။ လေကြောင်းခရီးစဉ်တွင် ဖော်ပြထားသည့် အချိန်ထက်ပင် အနည်းငယ် စောသေး သည်။ ရောက်ချိန်တွင် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ကို ပြထားသော်လည်း ၁၂ ခန့်ကတည်းကပင် ရောက်နေပြီ ဖြစ်သည်။ ရာသီဥတုကလည်း ကောင်း ကောင်းမွန်မွန်ပင်။ အင်္ဂလိပ်ရေလက်ကြား ကို လေယာဉ် ဖြတ်ပျံစဉ်က မိုးအုံ့သ ယောင် ဖြစ်နေသော်လည်း လေဆိပ် ရောက်တော့ နေပင်သာနေသေးသည်။
လန်ဒန်မှ ဘရစ္စတိုမြို့ကို ကားထပ် စီးရဦးမည်ဖြစ်ရာ ထိုကားထွက်ချိန် အမီရောက်ရန် လိုသည်။ ကားထွက်ချိန် က မွန်းလွဲ ၂ နာရီ ၁၀ မိနစ်။ ကြားထဲ တွင် ၂ နာရီခန့်ပင် ကောင်းကောင်း အချိန်လောက်သည်ဟု တွေးမိလိုက်သည်။
သို့သော် ထင်သလို ဖြစ်မလာ။

ဗြိတိန် လူဝင်မှု ကြီးကြပ်ရေးတွင် တန်းစီရာတွင် အချိန် တစ်နာရီခန့်ကြာ သွားသည်။ ကိုယ်စီမိသည့် အတန်းတွင် ရှေ့မှ ခရီးသည်များကို စစ်ဆေးနေချိန် အတော်ကြာသွား၍ ဖြစ်သည်။
ကံဆိုးလေစွ။ အခြား လိုင်းမှလူ များ တစ်ဦးပြီး တစ်ဦး ခေါ်နေချိန် ကိုယ့် လိုင်းမှာ ငုတ်တုပ်ဖြစ်နေသည်။ လေ ယာဉ်ပေါ်မှ ကိုယ့်နောက်မှ ဆင်းလာသော လူတော်တော်များများပင် အစစ်ဆေးခံပြီး သွားလေပြီ။
ရှေ့မှာ အထုပ်အပိုးတွေ အစစ်ရခံဦး မည်ဆိုပါက ပိုကြာဦးမည်။ နယူးဇီလန် သွားတုန်းက အထုပ်စစ်ဆေးခံရသည့် ဂိတ် ဖြတ်ရသေးသည် မဟုတ်လော။ ကားမမီမှာဘဲ စိုးသည်။ စီစဉ်ထားသမျှ အားလုံးသာ ကွက်တိဖြစ်လိုသည်။ လွဲရင် ပိုမောရဦးမည် မဟုတ်ပါလော။

တော်တော်ကြာကြာ စောင့်လိုက် ရပြီးမှ ကိုယ့်အလှည့်ရောက်သည်။ စစ် ဆေးရေး အရာရှိက အထူးအထွေ မမေး။ ကျောင်းလာတက်တာလား ဘာညာ လောက်ပဲ မေးပြီး ပြီးသွားသည်။ လူဝင်မှု ကြီးကြပ်ရေးတွင် ပြသရန် လိုအပ်သည်ဟု ဆိုကြသဖြင့် ယူသွားသော စာရွက်စာ တမ်းများ (TB ရောဂါ ဆေးစစ်ချက်၊ ပညာသင်ဆု လက်မှတ်၊ တက္ကသိုလ်ဝင် ခွင့် စသည်ဖြင့်) ကိုပင် တောင်းမကြည့်ဘဲ ခွင့်ပြုလိုက်သည်။
အဲသည်ကိစ္စပြီးတော့ မွန်ုးလွဲ ၁ နာရီပင် ခွဲနေပြီ။ နာရီဝက်ဖြင့် ကားဂိတ် ရောက်နိုင်ပါ့မလား။ တွေးပူသွားသည်။
အိတ်ရွေးပြီး အိတ်စစ်ခံရမည့် နေရာ ရှာကြည့်သည်။ သယ်လာသည့် ငါးပိငါးခြောက် စသည့် စားသောက်ဖွယ် ရာများ အပါအဝင် ဝန်စည်စလွယ်တွေ အစစ်ခံဖို့ လိုဦးမည်လော။
တော်သေးသည် ထပ်စစ်မည့် ဂိတ် က မရှိတော့။

ထိုသို့ဖြင့် ကရောသောပါး ပြေးရ သည်။ ရန်ကုန်က မိတ်ဆွေတစ်ဦး ပေး လိုက်သော ပစ္စည်း လာစောင့်ယူသူ လန်ဒန်သား မြန်မာမိတ်ဆွေက ထွက် ခွာဂိတ်တွင် စောင့်နေသည်။
သူ့ပစ္စည်းကို ထုတ်ပေး။ ထိုနောက် လေဆိပ်ကားဂိတ်ကို မြေအောက်လမ်း အတိုင်း ပြေးတော့သည်။ အရေးထဲ ပစ္စည်းများ တင်တွန်းရန် ယူလာသည့် ထော်ရီဘီးတွေက နည်းနည်းယိုင်နေ သဖြင့် ပြေးသလောက် ခရီးမတွင် ဖြစ်ရ သေးသည်။
ရောက်တော့ ကားဂိတ်ကိုရှာ၊ ကား လိုင်းနှင့် ထွက်မည့် ပလက်ဖောင်းကို ရှာရသည်။ မည်သည့် လိုင်းကားက မည်သည့် ပလက်ဖောင်းမှ ထွက်မည်ကို ကြေညာနေသော ဆိုင်းဘုတ်ကို တွေ့ သည်။ ပုံမှန်အားဖြင့် မည်သည့် လိုင်း ကားက မည်သည့် ပလက်ဖောင်းအမှတ်မှ ထွက်မည်ကို ကားမထွက်မီ ၁၀ မိနစ် အလိုတွင်မှ ကြေညာသည်။ ခရီးသည် များကတော့ ပင်မ အဆောင်အတွင်းရှိ ထိုင်ခုံများတွင် စောင့်နေရသည်။

လေဆိပ် အဝေးပြေးဂိတ်မှာ ဗြိတိန် တွင် အစည်ကားဆုံး အလုပ်အများဆုံး ကားဂိတ်ဟု ဆိုသည်။ တစ်ရက်လျှင် လိုင်းကား အစီးရေ ၁၆၀၀ ကျော်ခန့် ပြေးဆွဲနေသည်ဟု ဆိုသည်။ သို့သော် ကားဂိတ်လေးက ခပ်သေးသေး။ ထားဝယ် မှ အဝေးပြေးဂိတ်ထက်များစွာ (များစွာ) သေးသည်။
ဘန်ကောက်မှ နာမည်ကျော် မိုချစ် ကားဂိတ်ထက်ပင် သေးသေးသည်။ နယူးဇီလန် အော့ကလန်မြို့တော်ရှိ အဝေးပြေးခရီးသည်တင်နေရာဆိုလျှင် ရန်ကုန်မြို့ ဆူးလေ ကားမှတ်တိုင် လောက်သာ ရှိသည်။
ထားဝယ် ကားဂိတ်ကို ကျဉ်းသဖြင့် တိုးချဲ့ရန် စဉ်းစားနေသည်။ သို့သော် တွက်ကြည့်ရန်မှာ ထားဝယ် အဝေးပြေး ဂိတ်မှာ တစ်ရက် အစီး ၁၆၀၀ ကျော် ထွက်ပါ၏လော။
အဓိကမှာ စီမံခန့်ခွဲမှုပင် ဖြစ်သည်။

ရန်ကုန်ရှိ အောင်မင်္ဂလာ အဝေးပြေး ဂိတ် အပါအဝင် မြန်မာနိုင်ငံရှိ အဝေးပြေး ဂိတ် အများအပြားမှာ ခရီးသည်တင်ချ လုပ်သည်ထက် လက်မှတ်ရောင်း၊ ကား ရပ်နားကွင်း၊ ကုန်တင်ကုန်ချကွင်းကြီးနှင့် လူနေဆိုင်ခန်းတွဲများလို ဖြစ်နေသည်။ တကယ်တော့ ဖြစ်သင့်သည်မှာ ကားရပ် နားနေရာက သပ်သပ် ခရီးသည်တင်ချ နေရာက သပ်သပ် ဖြစ်ရမည်။
ဘန်ကောက် မိုချစ် ကားဝင်းလည်း ထိုသို့ပင် ဖြစ်သည်။ ပင်မဆောင်အတွင်း ခရီးသည်များ လက်မှတ် ဝယ်နိုင်သည်။ မည်သည့် ယာဉ်လိုင်းဖြင့် စီးနင်းမည်မဆို ပင်မဆောင်တွင် စောင့်ဆိုင်းနိုင်သည်။ စားသောက်ဆိုင် နည်းနည်းပါးပါး ရှိသည်။
ကားထွက်ချိန် ၁၀ မိနစ်၊ ၁၅ မိနစ် အလိုမှ သက်ဆိုင်ရာ ပလက်ဖောင်းတွင် ထွက်မည့်ကား ဆိုက်သည်။ ထိုအချိန်ကို ကိုက်၍ ခရီးသည်များကတော့ ကားစီး ရမည့် ပလက်ဖောင်းသို့ သွားရုံပင်။ ပစ္စည်းအတင်၊ ခရီးသည် အတင်ကို ၁၀ မိနစ်မှ ၁၅ မိနစ်အတွင်း တစ်ခါတည်း ပြီးလောက် စီမံသွားသည်။

ကားက မူလမှန်းထားသည်ထက် မိနစ် ၂၀ လောက် နောက်ကျပြီးမှ ရောက် လာသည်။ ထိုကြောင့် ၂၀ မိနစ်နောက် ကျပြီး သက်ဆိုင်ရာ ပလက်ဖောင်းတွင် သွားတန်းစီရသည်။ အော် . . . တိကျ သည့် နေရာတွင် နာမည်ကျော်သော ဗြိတိသျှတွေလည်း နောက်ကျတတ် ပါလား။
အချိန်က ကျပ်လွန်းလှသဖြင့် အသက်ရှူဝရုံသာ နားနိုင်သည်။ လန်ဒန်မြို့ကြီးဆိုသည်မှာ ဘာမှန်း မသိ ဘဲနှင့် အနောက်ဘက်ရှိ ဘရစ္စတိုသို့ နှစ်နာရီခွဲမျှ ခရီးဆက်ရပြန်သည်။

(ဂ)
ဘရစ္စတိုမြို့ရောက်တော့ တည်းခို မည့် အိမ်ရှင်က ကားဝင်းတွင် လာကြို သည်။ ကားဝင်းနှင့် နေအိမ်မှာ မော်တော် ကားဖြင့် မိနစ်အနည်းငယ်မျှသာ သွားရ သည်။ လမ်းလျှောက်လျှင်ပင် ၁၀ မိနစ်ခန့်မျှသာ။ ဘရစ္စတိုကားဝင်းက လည်း ခပ်သေးသေးသာ ဖြစ်သည်။ တက္ကသိုလ်ကျောင်းသား တော်တော် များများကိုလည်း တဖွဲဖွဲရောက်လာ သည်ကို တွေ့ရသည်။ ဘရစ္စတိုမှာ နာမည်ကြီး တက္ကသိုလ်နှစ်ခု ရှိသော မြို့ မဟုတ်ပါလော။ အခြားတက္ကသိုလ် တစ်ခုဖြစ်သော အနောက်အင်္ဂလန် တက္ကသိုလ်ကဆိုလျှင် ကားဝင်းသို့ရောက် လာသော သူ့ကျောင်းသားများကို ကောင် တာတစ်ခုဖြင့် သီးခြားကူညီပေးနေသည်။
နေရမည့် အိမ်က တောင်ကုန်းလေး ပေါ်မှာ။ လေကလည်း တိုက်နေသည်။ အအေးဓာတ်က သိပ်မရှိသော်လည်း လေ တိုက်သောအခါ နည်းနည်းတော့ တုန် သွားသည်။

“ဒီလိုမျိုး ဖြစ်ခဲပါတယ်။ အမေရိက ကို ဝင်နေတဲ့ မုန်တိုင်းကြောင့်ပါ”ဟု အိမ်ရှင် အမျိုးသမီးက ဆိုရှာသည်။
မကြာသေးမီက အမေရိကန်ပြည် ထောင်စုကို ဝင်တိုက်ခဲ့သော မုန်တိုင်း အရှိန်က မသေသေးပုံရသည်။ ဗြိတိန် အနောက်ဘက်ကမ်းကိုလည်း အဖျားခတ် နေပုံရသည်။
မည်သို့ဆိုစေ ကောင်းကင်ပြာကြီး နှင့် နေအလင်းရောင်က ကြိုနေသဖြင့် စိတ်အေးရသည်။ အင်္ဂလန်၏ နာမည် ကျော် ဆိုးဆိုးဝါးဝါး ဆောင်းရာသီ မရောက်မီ သာသာယာယာဖြင့် စိတ်အေး လက်အေး နေရဦးမည်။
တက္ကသိုလ် အကြိုရက်များလည်း နွေးနွေးထွေးထွေး ရှိနေဦးမည်။

ဖစု

စာရေးသူမှာ အင်္ဂလန်နိုင်ငံ ဘရစ္စတိုမြို့ရှိ ဘရစ္စတိုတက္ကသိုလ်တွင် ဗြိတိန်အစိုးရ ပညာသင်ဆုဖြင့် ပြည်သူ့ ရေးရာ မူဝါဒမဟာဘွဲ့ ( MSc Public Policy) အတန်း တက်ရောက် သင်ယူ နေသော ထားဝယ်ဒေသခံ တစ်ဦးဖြစ် သည်။ နိုင်ငံတကာတွင် ကျင့်သုံးနေသော တက္ကသိုလ်ပညာရေးပုံစံကို တို့ထိ မြည်း စမ်းနိုင်ရန်လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံရေး၊ ယဉ်ကျေးမှု ထုံးထမ်း ဓလေ့များကို တစ်စိတ်တစ်ပိုင်း နားလည် သင်ခန်းစာယူနိုင်ရန် ယခု အခန်းဆက် ဒိုင်ယာရီကို (တစ်လ နှစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ်) အလျဉ်းသင့်သလို ဖော်ပြသွားမည် ဖြစ်ပါသည်။

အယ်ဒီတာ