တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးမှန် လေးခွဖြင့် ပစ်ခွဲခံရ

0
393

တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးဝင်း အတွင်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် သုံးထပ်ရုံး အဆောက်အအုံမှန် လေးခွ ဖြင့် ပစ်ခွဲခံခဲ့ရကြောင်း ထားဝယ်မြို့မရဲ စခန်းထံမှ သိရသည်။
အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီခန့်က ပစ်ခွဲခံခဲ့ရခြင်းဖြစ်ပြီး မှန် ၆ ချပ်ကွဲသွားခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
မှန်ပစ်ခွဲခံခဲ့ရသည့် အဆောက်အအုံ သည် တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး၏e-government  လုပ်ငန်းရုံးခန်းများ အတွက် ဆောက်လုပ်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က ပြောဆိုထားသည်။
မှန်ပစ်ခွဲခဲ့သူမှာ လောင်းလုံးမြို့ နယ်၊ ကမြောကြီးကျေးရွာမှ အသက် ၂၆ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခွင်းခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်းအား အစိုးရအဖွဲ့ရုံး လုံခြုံရေးရဲ တပ်ဖွဲ့ဝင်များက အစိုးရအဖွဲ့ရုံးအနီးတွင် ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
“အခင်းဖြစ်တဲ့ နေရာနားမှာဝိုင်း ဖမ်းကြတာ၊ ပစ်ပြီးတော့ ဆိုင်ကယ်နှိုးပြီး ထွက်ပြေးတာ ဆီကုန်နေလို့ ဖမ်းမိတာ”ဟု အဆိုပါရဲအရာရှိက ပြောသည်။
လေးခွဖြင့် ပစ်ခတ်မှုကြောင့် ကျပ် တစ်သိန်းနှစ်သောင်း တန်ဖိုးရှိမှန်ခြောက် ချပ်ကွဲသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းအရ သိရသည်။
မှန်ပစ်ခွဲခဲ့သည့်အမျိုးသား၏ မိခင် ဖြစ်သူကမူ ၎င်း၏သားသည် ထိုင်းနိုင်ငံ တွင် အလုပ်လုပ်နေစဉ် ၂၀၁၆ ခုနှစ်က စိတ်ပုံမှန် မဟုတ်တော့သည့် အခြေအနေ ဖြစ်လာသည့်အတွက် ထားဝယ်သို့ပြန် ခေါ်လာခဲ့ရသူဖြစ်သည်ဟု ဆိုသည်။

“ရွာမှာလည်း ဒီလို တစ်ခါမှမလုပ် ခဲ့ဖူးဘူး၊ အခုက ဘယ်လိုလုပ်ပြီးဖြစ် သွားမှန်းမသိဘူး၊ အမှုပြေငြိမ်းပေးမယ် ဆို စိတ်ကျန်းမာရေးအတွက် ဆေးကုပေး ချင်တယ်”ဟု မှန်ပစ်ခွဲသူ၏ မိခင်ဖြစ်သူ ဒေါ်သောင်းမြင့်က ဆိုသည်။
ကျူးလွန်ခဲ့သည်ဆိုသည့် အမျိုး သားကိုစိတ်ကျန်းမာရေး စစ်ဆေးနိုင်ရန် ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ် ချက်ယူထားကြောင်း ထားဝယ်ရဲစခန်းမှ အထက်ပါ ရဲအရာရှိက ဆိုသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ရုံးမှ လက်ထောက်ညွှန် ကြားရေးမှူးက တရားလိုလုပ်ကာ အမှု ဖွင့်ထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။
အဆိုပါအမှုကို (ပ)၂၀၈၅ /၂၀၁၈၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေ ပုဒ်မ- ၆(၁)ဖြင့် ထားဝယ်မြို့မရဲစခန်း တွင် အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။
မှန်ပစ်ခွဲခံရသည့် အဆောက်အအုံ သစ်သည် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံ(လက်ရှိ တိုင်းအစိုးရ အဖွဲ့ရုံး)ကို ဖုံးကွယ်နိုင်ခြင်းကြောင့် မဆောက်ခင်ကတည်းက မြို့ခံအချို့ ကန့်ကွက်ခဲ့ဖူးသည့် အဆောက်အအုံ ဖြစ်သည်။