အချို

0
753

တနင်္သာရီတိုင်းသူတိုင်းသားတို့၏ လျှာများက အချို မည်မျှကြိုက်လာ ကြသည်ကို စစ်တမ်းကောက်နေစရာ မလိုပါ။ စားသောက်ဆိုင်၊ အသုပ်ဆိုင် အားလုံးနီးပါး၏ စားပွဲများပေါ်တွင် သကြားဘူးလေးများ နေရာရလာသည်က သက်သေ ဖြစ်သည်။
နောက်ဆုံး ချဉ်ချဉ်စပ်စပ်ပူပူလေး စားရသော ထားဝယ်မုန့်လက်သုပ်ထဲပင် သကြားထည့်စားသူ ရှိလာသည်။
ထို့အတူ ငါးပိထောင်း၊ မန်းကျည်း၊ ဆား၊ ငရုတ်သီးတို့ဖြစ် ချဉ်ချဉ်စပ်စပ် လေးလေးပင်ပင် ရောနယ်သုပ်စားလေ့ ရှိသည့် သင်္ဘောသီးသုပ် အပါအဝင် အခြားအသုပ်တို့သည်လည်း ခုတော့ သကြားပါမှ ဖြစ်တော့သည်။

ယခင်က အိမ်အများစု၏ မီးဖို ချောင်တွင် သကြားဘူး မရှိပါ။ ဟင်း၊ အသုပ်တို့ထဲ သကြားထည့်သူ အတော် ရှားသည်။ မုန့်တစ်မျိုးမျိုး လုပ်ချိန်၊ အဖျော်ရည်၊ အုန်းသီးနုရည်၊ လက်ဖက် ရည် စသဖြင့် တစ်ခုခု လုပ်ရန် မဖြစ်မနေ လိုအပ်မှ ဆိုင်ပြေးဝယ်ကြသည်သာ။
ခုကား မီးဖိုချောင်တိုင်းသို့ သကြား ဘူး ရောက်နေလေပြီ..။
“သကြားလေး ထည့်သုံးလိုက်ရင် စားရတာ လေးလေးပင်ပင်ရှိပြီး ဝမ်းလေး (အားရ) သွားတယ်”ဟု မြိတ်မြို့၊ မြို့သစ်ရပ်နေ အသက် ၃၈ နှစ်ရှိ မခင်စန္ဒာဆင့်က ပြောသည်။

မြိတ်မြို့နယ် တညက်ကျေးရွာသူ အသက် ၃၅ နှစ်အရွယ် မအေးကလည်း ငယ်စဉ်ကတည်းက ဟင်းထဲတွင် ဓနိပျား ကို ဟင်းချက်ရာတွင် ထည့်ကာ စားလာ ခဲ့ပြီး ယခုအထိလည်း ဟင်းချက်ရာတွင် သုံးနေဆဲဟု ဆိုသည်။
(မြိတ်တွင် ဓနိသကြား၊ ထန်း သကြားတို့ကို ဓနိပျား၊ ထန်းပျားဟု ခေါ်ကြသည်။)
“ငယ်ငယ်ကတည်းက အမေကချက် ကျွေးလာတော့ ခုထိလည်း တချို့ဟင်း တွေမှာ ထည့်သုံးနေတုန်းပဲ”ဟု ၎င်းက ဆိုသည်။
တချို့အိမ်များ၏ မီးဖိုချောင်တွင် သကြားဘူး နေရာယူလာသည်မှာ မကြာ ကြသေးပါ။

ထားဝယ်မြို့နယ် ရှင်းမုတ္ထီးကျေးရွာ အိမ်ရှင်မ မနုနုလွင်သည်လည်း အကြော် အချက်တွင် သကြားစသုံးဖြစ်သည်က ယခုနှစ် အတောအတွင်းတွင် ဖြစ်ကြောင်း ပြောလာသည်။
“အရင်ကဆိုရင်တော့ အသီးအရွက် ကြော်တွေဆို သကြားမသုံးဖြစ်ဘူး။နောက်ပိုင်းဆို သကြားသုံး ဖြစ်လာ တယ်။ သကြားနည်းနည်းဖြစ်ဖြစ်ထည့် လိုက်မှ နည်းနည်းစားလို့ အဆင်ပြေ တယ်လို့ စိတ်ထဲဖြစ်လာလို့ သိကြား သုံးဖြစ်လာတာ”ဟု မနုနုလွင်က ပြောသည်။
သကြား ပိုသုံးလာရခြင်း၏ အဓိက အကြောင်းရင်းက ထိုင်းနိုင်ငံ၏ အစား အသောက်ယဉ်ကျေးမှု ကူးစက်လာခြင်း ဖြစ်သည်ဟု တနင်္သာရီတိုင်းသူ တိုင်းသားတို့က ပြောကြသည်။

ထိုင်းနိုင်ငံမှ ပြန်လာသူများက ဆိုင် ဖွင့်ခြင်း၊ မီးဖိုချောင်တွင် ချက်ပြုတ်ခြင်း တို့က သကြားကို ပိုမိုအသုံးပြုလေ့ ရှိ ကြသည်။
“ယိုးဒယားက ချက်တဲ့ ဟင်းတွေ အားလုံးနီးပါးက အချိုပါတယ်လေ”ဟု ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်မှ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးက ပြော သည်။
အချို မကြိုက်သူအချို့က ယခင် အရသာကို ပြန်လွမ်းရသည်အထိ ဝန်း ကျင်တစ်ခုလုံးက အချိုကြိုက်နေကြပေပြီ။
မုန့်များ၊ ဟင်းများနှင့်အသုပ် အနယ် များတွင် လွန်ခဲ့သည့် နှစ်များကထက် ပိုပိုပြီးချိုလာပြီး စားရသည်မှာ နှစ်သက် မှုမရှိဘဲ ယခင်အရသာများကိုသာ ပိုနှစ် သက်ကြောင်း မြိတ်မြို့၊ ဇေယျသီရိရပ် နေအသက် ၄၂ နှစ်ရှိ မမိုးမိုးက ပြောသည်။

“သင်္ဘောသီးသုပ်ဆို စပ်စပ်ချဉ်ချဉ် လေး စားချင်တာ၊ ခုက ဘယ်မှာပဲ ဝယ် စားစား ချိုပျပျကြီး စားလို့လည်း အဆင် မပြေဘူး။ သင်္ဘောသီးသုပ်ဆို မျက်ရည် တောက်တောက်ကျအောင် စပ်စပ်လေး စားလိုက်ရမှ ခန္ဓာကိုယ်ထဲက အခိုးအငွေ့ တွေထွက်ပြီး နေလို့ကောင်းသွားတယ်”ဟု သူမက ပြောသည်။
အချို့ကလည်း အကြော်အချက်၊ အသုပ်တွင် သကြား ပိုပိုသုံးလာကြခြင်း မှာ အချိုမှုန့်ကို ရှောင်လို၍၊ လျှော့သုံး လို၍ဟု ဆိုကြသည်။ အချိုမှုန့်က ရောဂါ ပေါင်းစုံ ဖြစ်နိုင်သည်ဟု ပြောကြသည်။
သကြားသည်လည်း လူကို များစွာ ဒုက္ခပေးနိုင်ကြောင်း ဆေးပညာရှင်တို့ ရေးသားကြပါသည်။ လူ့ခန္ဓာကိုယ်သည် နေ့စဉ်အသက်ရှင်လုပ်ရှားနိုင်ရေး အချို ဓာတ် အနည်းငယ်သာ လိုအပ်သည်။ သရက်သီး၊ ပန်းသီးကဲ့သို့သော သဘာဝ အသီးအနှံများမှရသည့် အချိုဓာတ်က ခန္ဓာကိုယ်အတွက် အကောင်းဆုံးနှင့် အလိုအပ်ဆုံးဟု ဆိုပါသည်။

သကြားကြောင့် အာဟာရချို့တဲ့ စေနိုင်သည့်အပြင် ခံတွင်းထဲမှာ မကောင်းသော ဘက်တီးရီးယားများ ပေါက်ဖွားရန် အားပေးသည့်အတွက် သွားနှင့်သွားဖုံး ကျန်းမာရေးကို ထိခိုက် စေပါသည်။
ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပြီး ဆီးချို၊ သွေးတိုး၊ အဝလွန်၊ နှလုံးရောဂါ စသည်တို့ဖြစ်စေဖို့ လွန်စွာအားပေးသည် ဟု ဆိုကြသည်။
သို့သော် အချို့က သဘာဝသကြား ဟု ဆင်ခြေပေးတတ်ကြသေးသည်။
]]သကြားလောက်တော့ သဘာဝ ချက်ထားတဲ့ ဓနိပျားလေး စားနိုင်ရင်တော့ အန္တရာယ်များမယ် မထင်ဘူး”ဟု မြိတ် မြို့နယ်၊ တညက်ကျေးရွာသူ မအေးက သူ့ထင်မြင်ချက်ကို ပြောသည်။
မည်သည့် သကြားဖြစ်စေ သကြား ဓာတ်က ထွက်မည်သာ။ သွေးတွင်း သကြားဓာတ်များလာသည့်အခါ အထက် ပါ ရောဂါများဖြစ်ရန် တာစူပါတော့မည်။
အထူးသဖြင့် ဆီးချို။

သကြားအမြောက်အမြားပါဝင် သည့် အစားအစာ၊ အချိုရည်၊ မုန့်စား သူတို့မှာ ဆီးချိုဖြစ်နိုင်ခြေ ၈၃ ရာခိုင် နှုန်းအထိရှိကြောင်း သုတေသနတစ်ခုက ဆိုသည်။ ဆီးချို၏ နောက်ဆက်တွဲ ဖြစ်သည့် အရွယ်မတိုင်မီ အိုမင်းခြင်း မှအစ အမြင်အာရုံ ပျောက်ဆုံးခြင်းကဲ့သို့ ရောဂါများ ဖြစ်ပွားနိုင်သည်။
သို့ကြောင့် အချိုကြိုက်သည့် လျှာ ပိုင်ရှင်များအနေဖြင့် သွေးထဲက သကြား ဓာတ်ကို မျက်ခြည်မပြတ် စောင့်ကြည့် ထိန်းချုပ်ရမည် ဖြစ်သည်။
ယင်းရောဂါ ဝင်မလာရန်မှာ နေ ထိုင်စားသောက်ပုံက ပဓာနကျပေသည်။

ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်နှင့် လေ့ကျင့်ခန်းက ၎င်းရောဂါဘေးမှ လွတ်ကင်းရာ လွတ် ကင်းကြောင်း ဖြစ်သည်။
ကိုယ်အလေးချိန် ထိန်းရန် လို သည်။ ကျန်းမာရေး တက်ကြွလိုက်စား သူများက နေ့စဉ်လှုပ်ရှားမှုနည်းပြီး အချိုအဆိမ့် စားသောက်သူများထက် သကြားဓာတ်ကို ပိုမိုချေဖျက်နိုင်ပါသည်။ လေ့ကျင့်ခန်း မှန်မှန်လုပ်ရုံဖြင့် သွေးတွင်း သကြားဓာတ်ကို လျှော့ချနိုင်ပါသည်။
သကြားကို လုံးဝ မစားဟု ရှောင် ကြဉ်ခြင်းမျိုး မဟုတ်ဘဲ အသိ၊ သတိနှင့် စားနေသူတို့ ရှိပါသည်။
“တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတဲ့ စကားပုံလိုမျိုးပေါ့။ ဘယ်အရာမဆို သင့် တင့်ရုံလေးပဲ မျှမျှတတလေး သုံးစွဲရင် တော့ ဘာရောဂါမှ မရဘူးပေါ့နော်”ဟု ရွှေဇင်ယော်ရပ်ကွက်မှ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဆေးပညာရှင်တို့ကလည်း တန် ဆေး လွန်ဘေး ဟူသည့် စကားကို သုံးစွဲ ကြပါသည်။
တနင်္သာရီတိုင်းအတွင်းမှ မီးဖို ချောင်နှင့် စားသောက်ဆိုင်စားပွဲများ ပေါ်က သကြားဘူးများကမူ အချိုပိုပို ကြိုက်လာသော လျှာပိုင်ရှင်များကို တန် ဆေးလွန်ဘေးကို မေ့ပျောက်ထားရန် မြူဆွယ်နေပါလိမ့်မည်။

ကိုးကား -Myanmar Fitness Tips Facebook