လိုင်စင်မဲ့ကား ပြေးဆွဲမှု ထိန်းချုပ်ရန် ထားဝယ်-ထီးခီးကားများကို ကတ်ပြားထုတ်ပေးမည်

0
838

ထားဝယ်မှ ထိုင်းနယ်စပ် ထီးခီးကို တရားမဝင် လိုင်စင်မဲ့ယာဉ်များ ပြေး ဆွဲနေမှုကို ထိမ်းချုပ်နိုင်ရန်အတွက် ထားဝယ်-ထီးခီး ယာဉ်လိုင်းပြေးဆွဲခွင့် ကတ်ပြားများ ထုတ်ပေးမည်ဖြစ်ကြောင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင် ရေးကြီးကြပ်ညှိနှိုင်းမှု ဌာန(ပို့/ဆက်) ထံမှ သိရသည်။
စစ်ဆေးရေးဂိတ်များက ထားဝယ်မှ ထီးခီးကို ပြေးဆွဲနေသည့် ယာဉ်များကို လိုင်စင်ရှိမရှိ ခွဲခြားနိုင်ခြင်း မရှိသဖြင့် ယင်းကဲ့သို့ ကတ်ပြားများ ထုတ်ပေးခြင်း ဖြစ်ကြောင်း အထက်ပါဦးစီးဌာန တိုင်း ဦးစီးမှူး ဦးကျော်စွာထွန်းက ပြောသည်။

“အစိုးရအဖွဲ့ကလည်း ညွှန်ကြား ထားတယ်၊ လိုင်စင်မဲ့ကားတွေ လုံးဝ မဆွဲစေနဲ့။ ဆွဲရင် အရေးယူမယ်”ဟု ဦးကျော်စွာထွန်းက ဆိုသည်။
ထားဝယ်-ထီးခီး ပြေးဆွဲခွင့်ကတ် ပြားလျှောက်ထားသူများကို တရားဝင် ယာဉ်လိုင်စင်ရှိမရှိ စစ်ဆေးမည်ဖြစ်ပြီး တရားဝင်ယာဉ်လိုင်စင်ရှိသူများကိုသာ အခမဲ့ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကတ်ပြားလုပ်မည့်သူများ သည် တရားဝင်ယာဉ်လိုင်စဉ်ရှိရမည့် အပြင် အသင်းဝင်ထားသည့် ကား လည်းဖြစ်ရမည်ဟု စည်းကမ်းသတ်မှတ် ထားကြောင်း ထားဝယ်-ထီးခီးမော်တော် ယာဉ်ကြီးကြပ်ရေးအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်မိုးက ပြောသည်။

ယင်းကတ်ပြားများကို လာမည့် အောက်တိုဘာလ ပထမအပတ်တွင် စ တင်ထုတ်ပေးနိုင်ရန် စီစဉ်နေပြီး ထုတ် ပေးပြီးပါက မေတ္တာမြို့ရဲကင်းစခန်းတွင် စစ်ဆေးမည်ဖြစ်ကြောင်း ဦးသန်းဇော်မိုး က ပြောသည်။
“တဖြည်းဖြည်းနဲ့ တရားဝင်ယာဉ် လိုင်စင်ရှိတဲ့ ကားတွေမှာ ဒီကတ်ပြား တွေနဲ့ဖြစ်လာပြီဆိုရင် ဒီကတ်ပြား မရှိ တဲ့ကားက လိုင်စင်မဲ့ကားလို့ ပြောလို့ရ သွားပြီ”ဟု ၎င်းက ပြောသည်။

ထားဝယ်မှ ထီးခီးပြေးဆွဲနေသည့် ယာဉ်လိုင်း ၂၆ လိုင်းရှိကြောင်း တနင်္သာ ရီတိုင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန(ပို့/ဆက်)ထံမှ သိရသည်။