တနင်္သာရီတွင် တစ်ရက်အတွင်း လူငါးဦးမိုးကြိုးပစ်ခံရ၊ လေးဦးသေဆုံး

0
390

တနင်္သာရီတိုင်းတွင် စက်တင်ဘာ လ ၂၂ ရက်က မိုးကြိုးပစ်ခံရခြင်းကြောင့် လူလေးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ ရှိခဲ့ကြောင်း တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။
ကျွန်းစုမြို့နယ် လင်မလိုကျေးရွာတွင် ၁ ဦး၊ သရက်ချောင်းမြို့နယ် ကနက်သီရီကျေးရွာတွင် ၁ ဦး၊ ရေဖြူမြို့နယ်တွင် ၂ ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်မိုးရာသီအတွင်း မိုးကြိုးပစ်ခြင်းကြောင့် လူသေဆုံးမှုမှာ လက်ရှိဖြစ်စဉ်က ပထမဆုံး အကြိမ် ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည် က ဆိုသည်။
စက်တင်ဘာလ ၂၂ ရက်က ရေဖြူမြို့နယ် ဟိန္ဇဲချောင်းအတွင်း စက်လှေဖြင့် ငါးဖမ်းနေသည့် လူ ၃ ဦး မိုးကြိုးပစ်ခံခဲ့ရပြီး ယင်းဖြစ်စဉ်တွင် အသက် ၂၀ နှစ်အရွယ်နှင့် ၄၈ နှစ်အရွယ်အမျိုးသား နှစ်ဦး သေဆုံးပြီး အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ယင်းနေ့တွင်ပင် ကျွန်းစုမြို့နယ် လင်မလိုကျေးရွာအနီးတွင် ဂျင်းခရုကောက်နေသည့် အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ကြောင်း တိုင်းရဲမှတ်တမ်းတွင် ဖော်ပြသည်။
၎င်းအပြင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာအနီးတွင်လည်း အသက် ၂၅ နှစ်ခန့်ရှိ အမျိုး သားတစ်ဦး မိုးကြိုးပစ်ခံရကာ သေဆုံးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
သေဆုံးသူများအတွက် ကျပ်သုံးသိန်း၊ ဒဏ်ရာရသူကို ကျပ်ငါးသောင်း ထောက်ပံ့မည်ဖြစ်ပြီး ထောက်ပံ့ငွေပေးနိုင်ရန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနရုံးချုပ်ထံ စက်တင်ဘာလ ၂၄ ရက်က တင်ပြထားကြောင်း ဒေါ်ဝင်းစန္ဒာကြည်က ဆိုသည်။

“ပိုက်ဆံရလာတာနဲ့ အမြန်ဆုံးထောက်ပံ့သွားမယ်”ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည်က ပြောသည်။
မုတ်သုံလေ ဆုတ်ခွာနေစဉ်ကာလတွင် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ဖေ့ဘွတ် စာမျက်နှာတွင် စက်တင်ဘာလ ၂၂ ရက်က သတိပေးထားသည်။