ထားဝယ် တပ်နယ်ဈေးတွင် တရားမဝင် သားသတ်ရောင်းချမှု တားမြစ်

0
796

ထားဝယ်မြို့နယ် သဗြေချောင်း ကျေးရွာရှိ တပ်နယ်ဈေးတွင် တရားမဝင် အသားသတ်ရောင်းချနေမှုကို အောက် တိုဘာလမှစပြီး မပြုလုပ်ရန် တားမြစ် ထားကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

တပ်မတော်သားများ သက်သာ ချောင်ချိရေးအတွက် လိုင်စင်မရှိဘဲ ရောင်းချခွင့်ပြုထားသည့် တပ်နယ်ဈေးမှ အသားများကို ထားဝယ်မြို့နှင့် အနီး ဝန်းကျင် ကျေးရွာများသို့ပါ ဝင်ရောက် ရောင်းချလာကြောင်း အထက်ပါအဖွဲ့ အမှုဆောင်အရာရှိကပြောသည်။
ယင်းကဲ့သို့ရောင်းချလာမှုများ ကြောင့် ထားဝယ်ဈေးကွက်အတွင်း လိုင်စင်ဖြင့်ရောင်းချနေသူများ နစ်နာနေ သဖြင့် အသားသတ်ခြင်း၊ ရောင်းချခြင်း တို့ကို တားမြစ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါ အမှူဆောင်အရာရှိက ပြော သည်။

တပ်နယ်မိသားစုများ သက်သာ ချောင်ချိရေးအတွက် တစ်နိုင်တစ်ပိုင် ရောင်းချနေခြင်းများကိုမှု လိုင်စင်မရှိဘဲ ဆက်လက် လုပ်ကိုင်ခွင့်ပြုထားကြောင်း ၎င်းက ပြောသည်။
“တရားမဝင် လုပ်ငန်းချဲ့ထွင်နေတဲ့ လုပ်ငန်းကြီးကြီးမားမား သတ်ဖြတ် ရောင်းချတာတွေကိုပဲ တားမြစ်တာ။ အထူးသဖြင့်ကတော့ အပြင်ကလူတွေ ပေါ့”ဟု ၎င်းကဆိုသည်။

ယင်းအပြင် ထားဝယ်မြို့တွင်လည်း တရားမဝင် သားသတ်ရောင်းချနေခြင်း များ တားမြစ်ပေးရန် စက်တင်ဘာလ ၂၈ ရက်က ပြုလုပ်သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ထားဝယ်မြို့နယ် စည် ပင်သာယာရေးအဖွဲ့က လုပ်ဆောင်မည့် အစီအစဉ်များ ရှင်းလင်းပွဲတွင် ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို မှာကြားထား သည်။
တပ်နယ်ဈေးနှင့် ထားဝယ်မြို့ အတွင်း တရားမဝင် သားသတ်လုပ်ငန်း များလုပ်ဆောင်ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ပါက အရေးယူဆောင်ရွက်ရန် တပ်မတော်နှင့် ညှိနှိုင်းထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

တပ်နယ်ဈေးတွင် ရောင်းချသည့် အသားဈေးက ထားဝယ်မြို့တွင်းရှိ ဈေး များတွင် ရောင်းချနေသည့် ထားဝယ် မြို့တွင်းရှိဈေးများတွင် ရောင်းချနေသည့် ဈေးများထက် ဈေးပိုသက်သာလေ့ ရှိ သည်။