မြစိမ်းရောင်စီမံချက် ကျေးရွာယူ နစ် ၂၀ ထပ်တိုးမည်

0
404

တနင်္သာရီတိုင်းအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင် စီမံချက်အကောင်အထည်ဖော်မည့် ကျေး ရွာယူနစ် ၂၀ ထပ်တိုးမည်ဖြစ်ကြောင်း တိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနထံမှ သိရသည်။
ကျေးရွာယူနစ်ဆိုသည်မှာ အိမ်ခြေ ၈၀ နှင့် အထက် ကျေးရွာကို တစ်ယူ နစ်အဖြစ်သတ်မှတ်ပြီး အိမ်ခြေ ၈၀ မပြည့် သည့် ကျေးရွာများအတွက်မူ နီးစပ် သည့် ကျေးရွာများနှင့် (အိမ်ခြေ အနည်း ဆုံး ၈၀ ပြည့်စေရန်) ပေါင်းထားသည့် အုပ်စုကို တစ်ယူနစ်ဟု သတ်မှတ်သည်။
ကနဦးအနေဖြင့် တစ်မြို့နယ်လျှင် ငါးယူနစ်နှုန်းဖြင့် ယူနစ် ၅၀ ကို ပဏာမ အဖြစ် ရွေးချယ်မည်ဖြစ်ပြီး ယင်းပဏာမ ရွေးထားသည့် ယူနစ်များအနက် ယူနစ် ၂၀ ကို အပြီးသတ်ရွေးချယ်မည်ဖြစ် ကြောင်း အထက်ပါဌာနမှ အမှုဆောင် အင်ဂျင်နီယာ ဦးစိုးဝေက ပြောသည်။

“ပဏာမ ကျေးရွာတွေကို အောက် တိုဘာ ၄ ရက် နောက်ဆုံးတင်ပြပေး ဖို့(မြို့နယ်ကျေးလက်ဌာနတွေကို) မှာထားတယ်”ဟု ဦးစိုးဝေက ဆိုသည်။
ပဏာမ ကျေးရွာယူနစ် ငါးဆယ်ကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများက ရွေးချယ်ပြီး အပြီးသတ် ကျေးရွာ ၂၀ ကို တိုင်းအစိုးရ အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ပြန်လည်ရွေးချယ်ကြောင်း ၎င်းက ပြောသည်။
မြစိမ်းရောင်စီမံချက် ကျေးရွာယူ နစ်များကို ဆင်းရဲချို့တဲ့သည့်ကျေးရွာဖြစ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော ကျေးရွာဖြစ်ခြင်း စသဖြင့် စည်းကမ်း သတ်မှတ်ချက် ၆ ချက်ဖြင့် ရွေးချယ် ကြောင်း ဦးစိုးဝေက ပြောသည်။

အရွေးချယ်ခံရသည့်ကျေးရွာများ ကို အရင်းမပျောက်မတည်ငွေ ကျပ်သိန်း ၃၀၀ ထောက်ပံ့ပေးပြီး ယင်းထောက်ပံ့ ငွေများကို ကျေးရွာမြစိမ်းရောင်ကြီးကြပ် မှုကော်မတီမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုး ရေး၊မွေးမြူရေးလုပ်သူများကို ငွေထုတ် ချေးပေးသည့် စီမံချက်ဖြစ်သည်။
အတိုးနှုန်းမှာ တစ်လလျှင် အနည်း ဆုံး ၀ ဒဿမ ၅ ရာခိုင်နှုန်းမှ အများဆုံး ၁ ဒဿမ ၅ ရာခိုင်နှုန်းအကြား သတ် မှတ်ထားပြီး ရရှိလာသည့် အတိုးများကို ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တွင် ပြည်လည်အသုံးပြုနိုင်ကြောင်း တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း ယူနစ် ၁၅၀ ခန့်တွင် မြစိမ်းရောင်စီမံချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။