သရော်စာကို သရော်စာလို ဖတ်ကြစေချင်သည်

0
1039

ကျွန်တော်တို့ နိုင်ငံတွင် ရသစာပေ ကျဆုံးလာသည်ဆိုခြင်းကို စာပေနယ်မှ အကျယ်လောင်ဆုံး ပြောကြသည်။ စာ ရေးဆရာတွေက ပြောသည်။ ထုတ်ဝေ သူတွေက ပြောသည်။ စာအုပ်အငှားဆိုင် အရောင်းဆိုင်တွေက ပြောသည်။ အရပ် ဘက်အဖွဲ့အစည်းတွေက ပြောသည်။ စာကြည့်တိုက်တွေက ပြောသည်။ ရေးသူ ဖတ်သူ ဆွေးနွေးပွဲတွေက ပြောသည်။ ရသစာပေ အားနည်းလာနေသည်။
ရသစာပေ အားနည်းတာတော့ မပြောနှင့်။ လူတွေသည် (စာဖတ်သူတွေ သည် ) စာတစ်ပုဒ်ကို ဖတ်လိုက်သည်နှင့် ဆောင်းပါးလား၊ သတင်းလား ဆိုတာကို ပင် ခွဲမသိသူတွေ များလာသည်။ ရေး တာက opinion article   ခေါ် အတွေး အမြင်ဆောင်းပါး။ ထိုဆောင်းပါးကို ဖေ့စ်ဘွတ်တွင်တင်တော့ “မင်းတို့ သတင်းထောက်တွေက ရေးချင်ရာရေး နေတာပဲ”၊ “မင်းတို့သတင်းက တဖက် သတ်ဖြစ်နေတယ်”စသည်ဖြင့် ရေးကြ သည်ကို စိတ်ပျက်ဖွယ်မကြာခဏ တွေ့ရ သည်။ အချို့သောသူများသည် သတင်း နှင့်ဆောင်းပါးကိုပင် မခွဲနိုင်ကြတော့။

ဆောင်းပါးမှာပင် အတည်အခန့် ရေးသောဆောင်းပါး ရှိသည်။ သရော်စာ ဆိုသော ခေတ်ကို သရော်သောဆောင်းပါး ရှိသည်။ ရသစာပေတွင် ကဗျာပြီးလျှင် သရော်စာသည် ရေးရအခက်ဆုံး၊ နား လည် ခံစားရ အခက်ဆုံး အနုပညာလက် ရာ ဖြစ်သည်။ သရော်စာတစ်ပုဒ်ကို စဖတ်သည်နှင့် သို့မဟုတ် ဖတ်နေရင်း နှင့် သရော်စာဟု သိဖို့လိုသည်။
သရော်စာအရေးအသား မှန်းသိပါမှ စာရေးသူ ထောက်ပြချင်သော အချက်ကို မြင်ပေလိမ့်မည်။ မသိပါက စာရေးသူ ထောက်ပြချင်သော အချက်ထက်၊ အခြား သော သရုပ်မှန်စံနှုန်းများ၊ တကယ့် လက်ရှိအရာများကိုသာ မြင်ယောင်ပြီး ထိုအရာများနှင့် စတုပ်တိုက်၍ ယှဉ်ကြည့် ကာ ဆောင်းပါးသည် ယုတ္တိမရှိဘူးဟု (ယုတ္တိဗေဒ ရှုထောင့်ကွက်ကွက်နဲ့ပဲ ကြည့်ပြီး) ဝေဖန်ကြလျှင် အမှန်တရား နှင့် လွဲပေမည်။

စာရေးသူပေးချင်သော ဖတ်ပြီး စေ့ စေ့ပြုံးရသည့် အရသာကိုလည်း ရတော့ မည် မဟုတ်။
ဗိုလ်ချုပ်အောင်ဆန်းကို စာရေး ဆရာကြီး ဒဂုန်တာရာက “အောင်ဆန်း သို့မဟုတ် အရိုင်း”ဟု ရေးသည်။ သရော် စာဆန်ဆန် ခေါင်းစဉ်တပ် ထားသဖြင့် မည်သူကမှ ဆရာကြီး ဒဂုန်တာရာကို တရားမစွဲခဲ့။ အပြစ် မမြင်ခဲ့။
ဦနုအကြောင်းကို ဘ၀ရှင်မင်းတ ရားကြီးဟူသော ခေါင်းစဉ်ဖြင့် ထွန်း နေ့စဉ်သတင်းစာတွင် အခန်းဆက် သရော်စာဆောင်းပါး ရေးခဲ့၏။ မြ၀တီ မဂ္ဂဇင်းတွင်လည်း ကိုကြီးနုကို သရော် လှောင်ပြောင်သောအနေဖြင့် ကိုကြီး ကောင်းဆိုသော အမည်ဖြင့် မဂ္ဂဇင်းဝတ္တု ရှည်ရေးကာ သရော်ခဲ့သည်။ ထိုစာရေး ဆရာများ၊ သတင်းစာနှင့် မဂ္ဂဇင်း အယ်ဒီတာများကို ဝန်ကြီးချုပ်ဦးနုသည် အရေးမယူခဲ့ပါ။ သရော်စာအရေးအသား ကို နားလည် ခွင့်လွှတ်ပေးခဲ့ပါသည်။

ယခုအခါ လူတွေသည် ယခင်ခေတ် ကလောက် စာဖတ်မနာတော့သဖြင့် ရသစာပေ၏ အဖွဲ့အနွဲ့တစ်ခုဖြစ်သော သရော်စာကို နားမလည်ကြတော့ပါ။ သရော်စာတွင် ခေတ်ကိုသရော်ခြင်း၊ အာဏာရှင်ကိုသရော်ခြင်း ၊ လူ့အသိုင်း အဝိုင်း၏ လွဲမှားနေသော အဖြစ်အပျက် များကို သရော်ခြင်းဆိုတာတွေကို နားမလည်နိုင်တော့။ မခံစားနိုင်တော့။ အတည်ပေါက်ရေးသော ဆောင်းပါးများ၊ သတင်းများဟု ကိုယ့်ဘာသာ သတ်မှတ် ကာ ပေါက်ကွဲတော့သည်။
The Voice   သတင်းစာတွင် ဗြိတိသျှကိုကိုမောင်ရေးခဲ့သော”ကျည် ထောင်စုသစ္စာ”ဟူသော သရော်စာကို တပ်အာဏာပိုင်များက သရော်စာဟု မမြင်နိုင်ကြတော့ဘဲ စာရေးဆရာနှင့် အယ်ဒီတာကို တရားစွဲလေသည်။ ကျည် ထောင်စုသစ္စာ သရော်စာ၏ ဆိုလိုရင်း အနက်ဖြစ်သည့် စစ်ပွဲတွေဖြစ်သည့်အခါ အထက်အရာရှိ ခေါင်းဆောင်များထက် အောက်လက်ငယ်သားများကသာ စစ်၏အနိဌာရုံများကို ပိုမိုခံစားရလေ့ရှိသည်ဟူ သော စာရေးဆရာက ပေးချင်သည့် သတင်းစကား (message )ကို အချို့ လူတွေ၏ နှလုံးသားထဲကို မရောက်တော့ ဘဲ ငါတို့ကို ဆော်တယ်ဆိုသော မဟုတ် မဟတ် အတွေးများကသာ ခေါင်းထဲသို့ ရောက်လာပြီး တရားတဘောင်စွဲသည့် အခြေဆိုက်ခဲ့ခြင်း ဖြစ်သည်။

ဝေဖန်အပုပ်ချသည့်စာနှင့် သရော် စာ ကွာခြားပုံမှာ သရော်စာသည် ဖတ်သူကို ပြုံးစေ၏။ ကာယကံရှင် ကိုယ်တိုင် ဖတ်မိစေကာမူ သူပြောတာ ဟုတ်သားဟ ဟူသော အပြုံးတစ်စကို ဖြစ်နိုင်စွမ်းရှိ၏။ (ဖြစ်ခြင်း မဖြစ်ခြင်းမှာ ဖတ်သူ၏ IQ level  စာဖတ်အား၊ အနုပညာကို ခံစားနိုင်စွမ်း)တို့နှင့် သက်ဆိုင်ပါလိမ့်မည်။
သရော်စာ (Satire )ကို ကိန်းဘရစ် အဆင့်မြင့်အဘိဓာန်က ဤသို့ အဓိပ္ပာယ် ဖွင့်ဆို၏။ a way of criticizing people or ideas in a humorous way, or a piece of writing or play which uses this style   (လူတစ်ယောက်၊ လူအများ သို့မဟုတ် စိတ်ကူးတစ်ခုကို ဟာသဆန်ဆန်ဝေဖန်ခြင်း၊ ဤလက်ရာ မျိုးဖြင့် ဖန်ဆီးထားသော ပြဇာတ်၊ စာတို ပေစ)ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါ၏။ ထိုအနက်အဓိပ္ပာယ် ဖွင့်ဆိုချက်အရ သရော်စာတွင် (၁) တစ်စုံတစ်ရာကို ဝေဖန်ခြင်း၊ (၂) ဟာသဆန်ဆန် ရေးသား တင်ပြခြင်းဟူ၍ အချက်နှစ်ချက် ပါရှိ ရမည် ဖြစ်သည်။ အကောင်းမြင်စိတ်လည်း ကဲနေဖို့ လိုပါမည်။ စာရေးဆရာသည် လူ့အဖွဲ့အစည်းကောင်းမွန်ဖို့ စေတနာ ရည်ရွယ်ချက်လည်း ရှိရမည်ဟု ထင်ပါ သည်။ ထိုသုံးချက်ပြည့်စုံလျှင်တော့ ကောင်းမွန်သော သရော်စာတစ်ပုဒ် ဖြစ် ပါမည်။

မြန်မာနိုင်ငံမှာတော့ ဘာသာရေးနှင့် စစ်တပ်ကို ဝေဖန်လျှင် သည်းခံလေ့မရှိ ကြပါ။ ထိုအခါ စာရေးသူသည် အလွန် သတိကြီးစွာထား၍ ရေးရပါသည်။ အာဏာလက်ရှိ ခေါင်းဆောင်များကို ဝေဖန်သရော်စာရေးလျှင်လည်း သရော် စာဟု မသတ်မှတ်ကြဘဲ ငါ့ကိုဆော်သည်၊ တီးသည်ဟုသာ သတ်မှတ်တတ်ကြပါ သည်။
တနင်္သာရီတိုင်းတွင် မဲဆွယ်အပြုံး ဆိုသော သရော်စာကို ရေးသားဖော်ပြခဲ့ သဖြင့် တနင်္သာရီအပတ်စဉ် ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာမှာ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ အမှုဖွင့်တရား စွဲဆိုခြင်းကို ခံနေရပါသည်။
ထားဝယ်ဒေသ၊ ကံဘောက်ဘက် တွင်လည်း ငါးရံ့တစ်ကောင်၏ ရင်ဖွင့် သံဆိုသော အက်ဆေးကိုရေးမိ၍ ထိုစာ ရေးသူ အောင်လွင်(ကံပေါက်သား)ကို သတ္တုတွင်းကုမ္မဏီတစ်ခုက တရားစွဲခဲ့ ပါသည် ။

စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၈ ခုနှစ်ထုတ် စံတော်ချိန်သတင်းစာတွင် စာရေးဆရာ ကောင်းဆက်နိုင်၏ ဆောင်း ပါးတစ်ပုဒ် ပါလာပါသည်။ ဆောင်းပါး အမည်မှာ ပြောမိတော့မှာပဲ ဟူ၍ ဖြစ် သည်။ ဖတ်ကြည့်လိုက်သည်နှင့် သရော် စာဆောင်းပါးမှန်း သိလိုက်ပါသည်။ ရွှေတိဂုံစေတီတွင် ကြာမှောက်ကြာလှန် များ အရောင်မှိန်လာမှုတွင် ပြင်ပ၌ (အထူးသဖြင့် ဖေ့စ်ဘွတ်စာမျက်နှာများ တွင်) ရွှေပြားများသည် ရွှေပါဝင်မှု ၆၀ ရာခိုင်နှုန်းသာရှိပြီး ကြေး ၂၅.၆ ရာခိုင် နှုန်း၊ ဘော် ၁၄.၄ ရာခိုင်နှုန်း ပါဝင်နေ သည်ဟု စစ်ဆေးတွေ့ရှိတယ်ဟူသော သတင်းများ ပျံ့နှံ့နေပါသည်။

ရွေ၊ ငွေ၊ ကြေး ပါဝင်မှုအချိုးများ မှားနိုင်သော်လည်း ရွှေတိဂုံဘုရားမှ ရွှေပြားများ ရွှေအရည်အသွေးမကောင်းမှု ကြောင့် အချိန်မတိုင်မီ မှေးမှိန်လာခဲ့ရ သည်ကတော့ အမှန်တရားပဲ ဖြစ်သည်။ ထိုအမှန်တရားကို စာရေးဆရာ ကောင်းဆက်နိုင်က သရော်စာတစ်ပုဒ်ရေး သည်။ ထိုသရော်စာမှာ ရွှေတိဂုံစေတီ တော်ကြီးကို သက်ရှိလူသားတစ်ဦးအဖြစ် လည်းကောင်း မန္တလေး မဟာမြတ်မုနိ ကိုယ်တော်ကြီးကို နောက်ထပ်သက်ရှိကိုယ်တော်ကြီးတစ်ပါးအဖြစ် အနုပညာ မျက်စေ့နှင့်ဖန်တီးပြီး ရွှေတိဂုံနှင့် မဟာ မြတ်မုနိအချီအချ စကားပြောခန်းဖြင့် ဆောင်းပါးကို ရေးသားထားပါသည်။ ဦးပုညလည်း ဘုရားတိုင်ရတု၊ သိကြား တိုင်ရတု စသည်ဖြင့် ရေးသားဖူးပါသည်။ ကောင်းဆက်နိုင်၏ စာမူပါ မလာခင် ကတည်းက ကျွန်တော်လည်း ရွှေတိဂုံ ဘုရားကြီးနေရာမှ နေ၍ လူတွေကို ပြန် ပြောသောအနေဖြင့် ဆောင်းပါးတစ်ပုဒ် ရေးဦးမည်ဟု တွေးမိပါသည်။ သို့သော် မြန်မာပြည်ဝယ်လူတွေသည် ဆောင်းပါး ကို သတင်းမှတ်၊ သရော်စာကို အတည် မှတ်နေတတ်ကြသူက များနေသဖြင့် မရေးတော့ပါဘူးဟု ဆုံးဖြတ်ကာ ထူးကြီးမူးကြီး ဆွေးနွေးခန်းအမည်ဖြင့်ပဲ ရွှေတိဂုံစေတီ ရွှေအရောင်မှိန်ခြင်းကို ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ဟူသော အမည်ဖြင့် သရော်စာများ ရေးသားခဲ့ ပါသည်။ ကျွန်တော့်အတွေးကို ကောင်းဆက်နိုင်က ရေးပါသည်။

ထင်သည့်အတိုင်း ပြဿနာတက်ပါ သည်။ သူ့ဆောင်းပါးထဲတွင် ရွှေတိဂုံ ကို ငွေတိဂုံ၊ ဘော်တိဂုံဟု သုံးစွဲပြောဆို သဖြင့် ဗုဒ္ဓဘာသာတို့၏ စိတ်ကိုထိခိုက်ရ ကြောင်း အမှုဖွင့်သူ မြောက်ဥက္ကလာမှ ဦးစိုးမင်းဦးက စာရေးဆရာ၊ ထုတ်ဝေသူ နှင့် အယ်ဒီတာတို့ သုံးဦးကို ဘာသာ သာသနာညှိုးနွမ်းစေမှုဖြင့် မင်္ဂလာတောင် ညွန့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း 7 Day Daily  သတင်းစာတွင် ဖတ်ရ ပါသည်။
စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်ထုတ် စံတော်ချိန်သတင်းစာတွင် လည်း စာရေးသူ၊ ထုတ်ဝေသူ၊ အယ်ဒီတာ ချုပ် တို့မှ တောင်းပန်ကြောင်း ကြော်ငြာ သုံးရက်ဆက်ထည့်ထားသည်ကို တွေ့ရ ပါသည်။

အမှန်စင်စစ် ရွှေတိဂုံကို ငွေတိဂုံ၊ ဘော်တိဂုံဟု သုံးနှုန်းခြင်းသည် ဆောင်းပါးအသွားအလာကို နားမလည်သဖြင့် နာနေကြခြင်း ဖြစ်သည်။ ထိုစကားကို ပြောသူမှာ ဆောင်းပါးရှင် ကောင်းဆက် နိုင်က စော်ကားလိုစိတ်ဖြင့် အတည်ပေါက်ပြောခြင်းမဟုတ်။ ဆောင်းပါးထဲတွင် မန္တလေး မဟာမုနိကိုယ်တော်ကြီးက ရွှေတိဂုံကိုယ်တော်ကြီးအား ကိုယ်တော်လည်း ငွေတိဂုံ ဘော်တိဂုံဖြစ်တော့ မယ်ဟု ပြောသည့်စကား ဖြစ်သည်။ ထိုစကားသည် တကယ်တမ်း၌ နာစရာမဟုတ်။

ကိုယ့်ရွှေတိဂုံဘုရားကို ကောင်းစေလိုသော စေတနာဖြင့် မသင့်မလျော် ဖြစ်နေသော (ရွှေအရောင် မှိန်လာမှုကို) ထောက်ပြဝေဖန်ခြင်း ဖြစ်သည်။ ကျွန်တော်သိသလောက် ကောင်းဆက်နိုင်သည် ဘာသာရေး အလွန်ကိုင်းရှိုင်းသည်။ နေ့စဉ် ဝိပဿနာ တရားထိုင်သည်။ ဇနီးကားအက်ဆီးဒင့်ဖြင့် ကွယ်လွန်ချိန်မှစကာ ယခုလက်ရှိ အချိန်အထိ သာသနာ့ဘောင်တွင် ရဟန်းအဖြစ် နေထိုင်သူဖြစ်သည်။ သာသနာကို ကြည်ငြို လွန်းသဖြင့် ရဟန်းပြုနေသူက သာသနာကို စော်ကားသောစိတ်ဖြင့် ဤဆောင်းပါးကိုရေးခြင်း မဟုတ် တန်ရာ၊ သာသနာသန့်ရှင်းစေလိုသောစိတ်ဖြင့်သာ ဆရာကောင်းဆက်နိုင် (ခေါ်) ဦးဇင်းကြီးက ရေးသား ခဲ့ခြင်း ဖြစ်ပေမည်။

သရော်စာကို သရော်စာလိုသာ ခံစားဖတ်ရှကြစေချင်သည်။
တကယ်တမ်း ဘာသာသာသနာ ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်တရားစွဲရမည့် သူများမှာ ရွှေတိဂုံစေတီတော် ကြာ မှောက်ကြာလှန်ရှိ ရွှေသင်္ကန်းများကို ရွှေစင်ရွှေပြားအစစ်ဖြင့် မကပ်လှူခဲ့ဘဲ Gold Coat ဟူသော နာမည်လှလှ လေးနှင့် (Gold Coat ၏ အင်္ဂလိပ်မှ မြန်မာပြန် အဓိပ္ပာယ်မှာ ရွှေရည်စိမ်ဖြစ်သည်) ဆင်ဝှေ့ရန်ရှောင်လုပ်နေသော ထိုရွှေသင်္ကန်းကန်ထရိုက်နှင့်အဖွဲ့၊ ဖုံးဖိပေးခဲ့ကြသူ အားလုံးကိုသာ ဖြစ်ပါသည်။

ဘာသာ သာသနာညှိုးနွမ်းစေမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများသည် စာရေးဆရာကို မဟုတ်ဘဲ ခိုးကြဖွက်ကြ အလွဲသုံးစား လိမ်ညာကြသူများအတွက်သာ ဖြစ်သင့်ပါကြောင်း။

သူရိယနေဝန်းဂျာနယ်ပါ သရဝဏ် (ပြည်)၏”သရော်စာကို သရော်စာလို ဖတ်ကြစေချင်သည်” ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။