ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ ထိုင်းအဝင် အချိန်ကန့်သတ်

0
477

ကော့သောင်းခရိုင်အတွင်းရှိ ကမ်းနီးကမ်းဝေး ငါးဖမ်း ငါးသယ် ရေယာဉ်များကို စက်တင်ဘာ ၂၇ရက်မှ စတင်၍ ထိုင်းအဝင် အချိန်ကန့်သတ် လိုက်ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပို့ကုန် တင်ပို့ရန် သွားရောက်မည့် ငါးဖမ်း ငါးသယ် ရေယာဉ်များအနေဖြင့် မနက် ၅နာရီမှ ည ၇ နာရီအထိသာ ဝက်ထွက် သွားလာရန် အချိန်ကန့်သတ်လိုက် ကြောင်း အထက်ပါ ဌာနက ဆိုသည်။

လှေပေါ်တွင် တရားမဝင် ကုန်ပစ္စည်း သယ်ဆောင်/သယ်ယူခြင်း မဖြစ်စေရန်နှင့် ပို့ကုန်အခွန်ကိုလည်း ပိုပြီး ကြပ်မတ်နိုင်ရန် ယင်းသို့ ကန့်သတ်ရခြင်းဖြစ်ကြောင်း ကော့သောင်း ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ဆိုသည်။
“ထိုင်းအဝင် အချိန်ကန့်သတ် လိုက်သလိုမျိုးပဲ ပင်လယ်ငါးဖမ်းထွက်မဲ့ အချိန်ကိုလည်း ည ၇ နာရီ နောက်ပိုင်း မထွက်ခိုင်းတော့ဘူး”ဟု ၎င်းက ဆို သည်။
ယင်းသို့ အချိန်ကန့်သတ်လိုက် သည့်အတွက် ထိုင်းဘက်တွင် ငါးလေ လံဈေးအမီ တန်းစီရာတွင် အဆင်မပြေ ဖြစ်မည်ကို ကမ်းဝေး ငါးဖမ်းလုပ်ငန်း ရှင်များက စိုးရိမ်နေကြသည်။

“လှေဆိုတာက ငါးရရင်ရတဲ့အချိန် ကမ်းဝင်တာဆိုတော့ အချိန်မှာ စကား ပြောသွားတော့ပေါ့၊ လေလံဈေးအမီ ငါးမတင်နိုင်ရင် ငါးတန်ဖိုးကျသွား တာတွေ ဖြစ်နိုင်တယ်”ဟု ကမ်းဝေး ငါးဖမ်းလှေ ပိုင်ရှင်တစ်ဦးက ဆိုသည်။
ခရိုင်ငါးဦးစီးမှူး ဦးသန့်ဇင်ကမူ အချိန်နှင့် ပတ်သက်၍ စိုးရိမ်စရာ မရှိကြောင်း ထိုင်းငါးလေလံဈေးမှာ မနက် ၆နာရီမှ ဖွင့်သည့်အတွက် မနက် ၅နာရီသွားတန်းစီပါက အချိန်မီကြောင်း ဆိုသည်။

ကော့သောင်းတွင် ထိုင်းဘက်သို့ ရေထွက်ကုန်တင်ပို့နေသည့် ကမ်းနီး ငါးသယ်လှေ ၈ စီး၊ ကမ်းဝေးငါးသယ်လှေ ၂၃၇ စီး၊ ကမ်းဝေးငါးဖမ်းလှေ ၂၁၀ စီးရှိသည်ဟု ကော့သောင်းခရိုင်ငါးလုပ် ငန်းဦးစီးဌာနထံမှ သိရသည်။