ဂရန်မဲ့မြို့ပေါ်အိမ်များ မြေဂရန် ပိုင်ဆိုင်ရတော့ မည်လော

0
864

တိုင်းတွင်း မြို့ပေါ်ရပ်ကွက် အိမ်ရာများ မြေငှားဂရန် ကိုယ်စီရရှိရေး တိုင်းအစိုးရက အကောင်အထည် ဖော်ရတော့မည် ဖြစ်သည်။
မြို့ဧရိယာအတွင်းရှိ မြေငှားဂရန် မရှိသေးသည့် အိမ်ရာ၊ အဆောက်အအုံ များအား မြေငှားဂရန် ချထား ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရပ်ကွက်အလိုက် စီမံချက် ရေးဆွဲ အကောင်အထည်ဖော်ရေး အဆိုကို တိုင်းလွှတ်တော်က အတည်ပြု လိုက်ပြီ ဖြစ်သည်။
အဆိုကို လွှတ်တော်က အတည်ပြု လိုက်ပြီ ဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေများအရ အစိုးရအဖွဲ့မှ မဖြစ်မနေ အကောင်အထည် ဖော်ရ တော့ပေမည်။
အဆိုတွင် ပါဝင်သည့် အချက်များ အရ မြို့ပေါ်ရပ်ကွက်များရှိ လယ်ယာ မြေ၊ ဥယျာဉ်ခြံမြေ၊ ဓနိမြေ၊ စားကျက် မြေနှင့် ဌာနအမည်ပေါက် မြေများတွင် ဆောက်လုပ်ထားသည့် အိမ်ရာ၊ အဆောက်အအုံများ၏ မြေကွက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အစိုးရစီမံခန့် ခွဲခွင့် ရရှိသောမြေအဖြစ် ပြောင်းလဲ ရမည် ဖြစ်သည်။

ထိုသို့ ပြောင်းလဲပြီးနောက် မြေကွက်မြေပုံများ ရေးဆွဲသတ်မှတ်၍ မြေပေးအမိန့်များ ထုတ်ပေးကာ မြေငှားဂရမ်များ ချထားပေးနိုင်ရေး အတွက် တိုင်းအစိုးရမှ ရပ်ကွက်အလိုက် စီမံချက်ရေးဆွဲ အကောင်အထည် ဖော်ရ တော့မည် ဖြစ်သည်။
တနင်္သာရီတိုင်းတွင် ပြည်ထဲရေး အမည်ပေါက် မြို့ ၁၈ မြို့၊ ရပ်ကွက် ၉၀ ရှိသည်။
ယင်းရပ်ကွက်များတွင် မြေငှား ဂရမ် မရှိသူ ၉၀ ရာနှုန်းကျော်အထိ ရှိနိုင်ကြောင်း အဆိုကို တင်သွင်းခဲ့သည့် ပုလောမဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက ခန့်မှန်း ပြောဆိုသည်။

ဥပမာအားဖြင့် အိမ်ခြေ ၉၈၅ ရှိသော ပလောက်မြို့တွင် ဂရမ်အမည် ပေါက် ၄ အိမ်၊ အိမ်ခြေ ၃၄၃၂ ရှိသော ပုလောမြို့တွင် ဂရန်အမည်ပေါက် ၃၈၉ အိမ်၊ အိမ်ခြေ ၁၇၀၀ရှိသော ပလမြို့တွင် ဂရမ်အမည်ပေါက်အိမ် ၄၇၀ သာ ရှိကြောင်း ဦးကျော်မင်းက ပြောသည်။
အိမ်တစ်အိမ် ဂရန် အမည်ပေါက် ရရေး ဆောင်ရွက်ပါက ပြည်သူများ အချိန်နှင့် ငွေကြေးကုန်ကျမှု များသည့် အတွက် အစိုးရက ရပ်ကွက်အလိုက် စီမံချက်ရေးဆွဲ အကောင်အထည် ဖော်ပါက ပြည်သူ့အကျိုးများစွာ အထောက်အပံ့ဖြစ်စေမည် ဖြစ်သည့် အတွက် ယခုအဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။

“မြေငှားဂရမ်ရှိတော့ ပိုင်ရှင်က ဘဏ်တွေမှာ ပေါင်နှံနိုင်မယ်၊ အစိုးရ လည်းအိမ်ရာ မြေငှားခအခွန် တွေရမယ်၊ မြေယာပြဿနာ အငြင်းပွားမှုတွေကို လျှော့ချနိုင်မယ်”ဟု ၎င်းက ဆိုသည်။
သို့သော် မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်မည်ကိုမူ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
တိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် အဆိုအောင်မြင်မှုနှင့် ပတ်သက်၍ ဆွေးနွေးရဦးမည်ဖြစ်ပြီး ယင်းသို့ ဆွေးနွေးပြီးမှ ပြန်လည် ဖြေဆိုမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးက တနင်္သာရီအပတ်စဉ်သို့ ပြောသည်။

မြို့မြေများတွင် မြေငှားဂရမ် လျှောက်ထားခြင်းကိစ္စမှာ အချိန်ယူ ပြုလုပ်ရမည့်ကိစ္စများ ဖြစ်ပြီး စီမံချက် ဆောင်ရွက်ပါက အဆိုပါ စီမံချက် ဧရိယာအတွင်း ပါဝင်နေသော အိမ်များ အနေဖြင့် ပိုင်ဆိုင်မှုအထောက်အထား ခိုင်မာရန် လိုအပ်ခြင်း၊ ပိုင်ဆိုင်မှု အထောက်အထား မခိုင်လုံပါက တရားရုံးများတွင် ကျမ်းကျိန်ရခြင်း၊ နိုင်ငံပိုင်သတင်းစာများတွင် ကန့်ကွက် လွှာခေါ်ယူခြင်း၊ ပတ်ဝန်းကျင်နေသူ များ၏ ထွက်ဆိုချက် ယူရခြင်း၊ ကွင်း ဆင်းတိုင်းတာခြင်းများ ဆောင်ရွက် ရခြင်းတို့ လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း တိုင်းအစိုးရအဖွဲ့ဘက်မှ လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
မိသားစုအမွေဆိုင် ကိစ္စများ၊ တရားဥပဒေကြောင်းအရ ဖြေရှင်း နေရသော ကိစ္စများ၊ မြေငှားဂရမ် ပြုလုပ်၍ မရသော ဧရိယာများတွင် နေအိမ်များ ရှိနေပါက ဆောင်ရွက်ပေး၍ မရခြင်းများ ကြုံတွေ့ရနိုင်သောကြောင့် စီမံချက် ကာလအတွင်း မပြီးစီးနိုင်ခြင်း များ ကြုံရနိုင်ပါ၍ အဆိုအား မှတ်တမ်း တင်ခြင်းသာ ပြုလုပ်ပါရန် ဝန်ကြီးဦးမြင့် စန်းကိုယ်စား ကရင်တိုင်းရင်းသားရေး ရာဝန်ကြီးက လွှတ်တော်တွင် ဆွေးနွေး ခဲ့သည်။

အဆိုရှင် ဦးကျော်မင်းက ပြည်သူ များ အကျိုးရှိစေမည့် အဆိုဖြစ်သော ကြောင့် မဲခွဲရန် တောင်းဆိုခဲ့သဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် မဲခွဲခဲ့ရာ အစည်းအဝေးတက်ရောက်သည့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စာလှယ်များ စုစုပေါင်း ၂၂ ဦးစလုံးက အဆိုကို ထောက်ခံသည့် ဘက်မှ မဲပေးခဲ့ကြသည်။
(အဆိုအား မှတ်တမ်းတင်ပေးရန် ဝန်ကြီး ဦးမြင့်စန်းကိုယ်စား ဆွေးနွေး ခဲ့သည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာပင်လျှင် အဆိုကို ထောက် ခံခဲ့သည်။ ယင်းလွှတ်တော် အစည်း အဝေးနေ့တွင် ဝန်ကြီးဦးမြင့်စန်း၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့ ခွင့်ယူ ထားကြသည်။)

မြေငှားဂရမ် ကိုယ်စီရရှိရေး အဆိုအောင်မြင်ပြီးသော်လည်း လုပ်ငန်း စဉ်များကို တစိုက်မတ်မတ် အကောင် အထည်မဖော်မည်ကို စိုးရိမ်သူအချို့ ရှိနေသည်။
ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က ဂရမ်အမည်ပေါက်ကို ၃ လအတွင်း အပြီးလုပ်ဆောင်ပေးမည်ဟု စီမံချက် ရေးဆွဲထားသော ထားဝယ်မြို့ ကြက်စားပြင်၊ ဘုမ္မော်၊ ကျောက်မော် ရပ်ကွက်များတွင် ၄ နှစ်ကြာပြီး ယခုအထိ မြို့နယ်အဆင့်မှ ခရိုင် အဆင့်သို့ မတက်နိုင်သေးကြာင်း ကြက်စားပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဟောင်း ဦးအောင်နိုင်ဦးက ပြောသည်။

အကယ်၍ ဌာနဆိုင်ရာများက ရပ်ကွက်သူရပ်ကွက်သားများ၏ လိုအပ် ချက်များကို ပွင့်လင်းစွာ ရှင်းလင်း ပြောကြားပြီး လက်တွဲ လုပ်ဆောင်ပါက ၃ လအတွင်းပင် ပြီးစီးနိုင်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
“တစ်ကယ်လုပ်ပေးချင်ရင် မြန်ပါတယ်။ လုပ်ရမယ်အချက်တွေကို ရုံးစကားနဲ့ မပြောဘဲ အများပြည်သူ နားလည်နိုင်တဲ့ ရိုးရှင်းတဲ့ စကားတွေနဲ့ လိုအပ်တဲ့ အချက်အလက်တွေကို ရှင်းပြမယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကလည်း စိတ်ပါလက်ပါလုပ် မယ်ဆိုရင် ၃ လထဲမှာ ကိစ္စပြီးသွား နိုင်တယ်”ဟု ၎င်းက ပြောသည်။
တစ်ဘက်တွင်လည်း တိုင်းလွှတ် တော်တွင် အောင်မြင်ခဲ့သည့် အဆိုများ ကို တိုင်းအစိုးရအဖွဲ့က အကောင်အထည် ဖော်ဆောင်မှု အားနည်းခြင်း၊ ကြန့်ကြာ ခြင်းများက ရှိနေသည်။

ထို့ကြောင့် လွှတ်တော်တွင် အောင်မြင်ခဲ့သည့်အဆိုများ၊ ကတိက ဝတ်ဖြစ်သည့် အဖြေများကိုအစိုးရမှ ထိရောက်စွာ အကောင်အထည် ဖော်ရေး အဆိုကို ၂၀၁၇ ခုနှစ်အတွင်း လွှတ်တော် တွင် တင်သွင်းရသည်အထိ ရှိခဲ့သည်။ ယင်းအဆိုလည်းအောင်ခဲ့ပြန်သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးကျောမင်းကမူ မိမိတင်သွင်းခဲ့သည့် အဆိုအား အစိုးရအဖွဲ့မှ အားစိုက် အကောင်အထည်ဖော်ရန် စောင့်ကြည့် ထိန်းညှိခြင်း၊ အစိုးရအဖွဲ့များနှင့် ကိုယ်တိုင် တွေ့ဆုံတိုက်တွန်းခြင်းများကို အစဉ်တစ်စိုက် လုပ်ဆောင်သွားမည်ဟု ပြောသည်။

မြေငှားဂရန် မရှိသေးသူများ အနေ ဖြင့် အစိုးရမှ စီမံကိန်းဖြင့် လာရောက် ရေးဆွဲစဉ် မိမိတို့အိမ်ရာမြေကွက်များ ပါဝင်သွားစေရေး မိမိတို့ မြေကွက်နှင့် ပတ်သက်သည့် အထောက်-အထား များကိုကြိုတင် ပြင်ဆင်ထားခြင်း၊ အမွေကိစ္စ၊ ပိုင်ဆိုင် အငြင်းပွားခြင်းစသည့် ကိစ္စရပ်များကို ပြီးပြတ်အောင် ရှင်း လင်းထားသင့်ကြောင်း ပြောသည်။
အဆိုကိုအကောင်အထည်ဖော်ဖို့ အစိုးရကို အစဉ်တစိုက် တွန်းအားပေး သွားမယ်ဟု ဦးဖိုးမင်းက ပြောသည်။