မောင်းမကန်မြို့သစ်နှင့် ဟိုတယ်ဇုန် ဖွံ့ ဖြိုးရေးစီမံကိန်းပုံစံအား တိုင်းလွှတ်တော် အတည်ပြု

0
455

မောင်းမကန်မြို့သစ်နှင့် ဟိုတယ် ဇုန်ဖွံ့ဖြိုးရေးစီမံကိန်းပုံစံအား တနင်္သာရီ တိုင်းလွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။
စက်တင်ဘာလ ၂၅ ရက်က ကျင်းပ ခဲ့သည့် တိုင်းလွှတ်တော်အစည်းအဝေး တွင် ဆွေးနွေးအတည်ပြုခဲ့ခြင်း ဖြစ်သည်။
ကမ်းခြေမြေ ၃၅၄ ဒဿမ ၆၄ ဧက ပေါ်တွင် ရေးဆွဲထားသော စီမံကိန်းပုံစံ တွင် ဟိုတယ်များ၊ ဘန်ဂလိုနှင့် တည်းခို ရိပ်သာများ၊ အများပြည်သူအပန်းဖြေနေ ရာများ၊ ကားပါကင်နေရာများ၊ ပေ ၄၀ အကျယ်နှင့် ပေ ၆၀ အကျယ် လမ်းမများ စသဖြင့် ပါဝင်သည်။
မြေနေရာမှာ တနင်္သာရီဟိုတယ် အစပ်မှ ထားဝယ်အများပိုင်ကုမ္ပဏီ (DDPC) လုပ်ပိုင်ခွင့်ရ မြေအစပ်ထိ မောင်းမကန်ကမ်းခြေ တန်းတစ်လျှောက် မှ အထက်ဘက် မြေနေရာ ဖြစ်သည်။

ယင်းမြေမှာ ယခင်က တပ်သိမ်းမြေ ဖြစ်ပြီး တပ်မတော်မှ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်မှစ၍ စွန့်လွှတ်ကာ တိုင်းအစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ အဖြစ် ရှိနေသည်။
ယင်းစီမံကိန်းပုံစံကို တိုင်းအစိုးရ အစီအစဉ်ဖြင့် နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ မြို့ပြစီမံ ကိန်း ရေးဆွဲရေးဆိုင်ရာ ပညာရှင်များက ၂၀၁၇ ခုနှစ်အတွင်း ရေးဆွဲကာ တိုင်း လွှတ်တော်သို့ တင်ပြလာသည်ကို လွှတ် တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
“အတည်ပြုထားတဲ့ မြို့(မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း)တွေကို အစိုးရအပိုင်း က အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြောသည်။

ယင်းဧရိယာအတွင်း လူနေအိမ် ၂၅၆ လုံး၊ ဘန်ဂလို ၃၁ လုံး၊ ဈေးဆိုင် ခန်း ၁၄၂ ခန်း၊ ခြံမြေကွက် ၆၂ ကွက် အား စာရင်းကောက်ယူရေး ကော်မတီမှ ကောက်ယူမှတ်တမ်းပြုထားသည်ဟု တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ဧရိယာအတွင်း နေထိုင် လုပ်ကိုင် နေသူများအား လျော်ကြေးပေးချေခြင်း၊ ပြန်လည်နေရာချထားပေးခြင်းများကို အစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းတို့အား အစားထိုးမြေနေရာ ချထားပေးရန်အတွက် ပေ ၄၀_၆၀ မြေ ကွက် ၅၃၂ ကွက်ဖော်ဆောင် ထားကြောင်း စီမံကိန်းပုံစံတွင် ပါရှိသည်။
လက်ရှိတွင် မောင်းမကန် ကမ်းခြေ ၌ စားသောက်ဆိုင်များ၊ ပျံကျဆိုင်များ၊ ဘန်ဂလိုများ၊ တည်းခိုခန်းများ၊ ကေတီဗွီ များနှင့် ကျူးကျော် နေအိမ်အချို့ရှိပြီး အချို့မှာ ဘန်ဂလိုများ၊ ပြင်ဆင်တိုးချဲ့ ဆောက်လုပ်လျက် ရှိသည်။
ယခုကျင်းပသည့် တိုင်းလွှတ်တော် ဒဿမပုံမှန်အစည်းအဝေးတွင် အထက် ပါ မောင်းမကန် စီမံကိန်းပုံစံအပြင် ပုလောမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းပုံစံ ကို လည်း အတည်ပြုခဲ့သည်။

မြို့ပြစီမံကိန်းပုံစံများ အတည်ပြု ပြီးသည့်နောက် မည်သို့ ဆက်လက်လုပ် ဆောင်သွားမည်ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို ကိုင်တွယ်သည့် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် အား မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဝန်ကြီး ခရီးလွန်နေခြင်း၊ တယ်လီဖုန်း အဆက်အသွယ် အဆင်မပြေခြင်းတို့ ကြောင့် မေးမြန်းခွင့် မရခဲ့ပေ။