ခရီးသွားရာသီရောက်သည်အထိ ဘုရင့်နောင်ကုန်းတွင် အများသုံး အိမ်သာမရှိသေး

0
467

ခရီးသွားရာသီ စတင်နေပြီ ဖြစ် သော်လည်း ဘုရင့်နောင်ကုန်းတွင်အများ သုံးသန့်စင်ခန်း မရှိသေးပေ။
အနယ်နယ်အရပ်ရပ်နှင့် ထိုင်း နိုင်ငံ မှ ဧည့်သည်များ နေ့စဉ်လည်ပတ်နေ သည့်အတွက် ခေတ်မီသန့်စင်ခန်းတစ်ခု ရှိသင့်ကြောင်း အဆိုပါနေရာသို့ လာ ရောက် လည်ပတ်သူများနှင့် လမ်းလျှောက် အားကစား လုပ်နေသူများက အကြံပြု ကြ သည်။

“ခရီးသွားရာသီ မဟုတ်တဲ့ မိုးတွင်း တောင် ထိုင်းဘက်ကလူတွေ လာလည် ကြတာ နေ့တိုင်းပဲ၊ ပြည်တွင်းကတော့ နွေဘက်မှ လာတယ်၊ ဒေသ ခံတွေဆို အားကစား လာလုပ်ကြတယ်၊ ဒီလို နေရာမှာ သန့်စင်ခန်းလေးတစ်လုံး တောင် မစီစဉ်ပေးနိုင်ဘူးဆိုရင် မြို့ရော နိုင်ငံရော သိက္ခာကျနေပြီး၊ အရေး အကြောင်းဆို ဧည့်သည်တွေက ပြေး လွှားရှာနေရတာ အဆင်မပြေဘူး”ဟု ဘုရင့်နောင်ကုန်းတွင် နေ့စဉ်အားကစား လာလုပ်သည့် ကိုကိုဇော်က ပြောသည်။

အဆိုပါနေရာသည် ကော့သောင်း မြို့၏ အထင်ကရနေရာတစ်ခု ဖြစ်ပြီး ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်စဉ် အပေါ့အပါး အညစ် အကြေးစွန့်ရန် နေရာမရှိ၊ အခက်ခဲဖြစ်ရ သောကြောင့် အနီးအနားရှိ ဆိုင်များသို့ မကြာခဏ လာရောက်မေးမြန်းကြ ကြောင်း ဘုရင့်နောင်ရုပ်တုအနီး တူဒေး စာအုပ်ဆိုင်မှ ဒေါ်တင်မမကြီးက ရှင်းပြ သည်။
မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ကမူ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ၄ ခန်းတွဲ (၂၀ _ ၁၂) ပေ အရွယ်ကျား /မသုံး အိမ်သာ(သန့်စင်ခန်း)တည် ဆောက်ရန် တွက်ချက်ခဲ့ကြကြောင်း ပြောသည်။

“တိုင်းစည်ပင်သာယာအဖွဲ့နှင့် တိုင်းအစိုးရအဖွဲ့ကို တင်ပြထား ပြီးပြီ၊ ၂၀၁၈ /၁၉ ဘတ်ဂျက်ထဲမှာဆိုတော့ ပထမသုံးလပတ်ထဲ ပါတာနဲ့ စဆောက် ဖြစ်မယ်”ဟု ကော့သောင်းမြို့နယ် စည်ပင်သာယာအဖွဲ့ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အိမ်သာတည်ဆောက် ရန်အတွက် ကျပ်သိန်း ၂၀၀ ဝန်းကျင် ခန့် ကုန်ကျနိုင်ကြောင်း သိရသည်။
၂၀၁၈/၁၉ ဘဏ္ဍာရေးနှစ်သည် အောက်တိုဘာလတွင် စတင်မည် ဖြစ် သည်။