သံလမ်းမဲ့ ရထားများ

0
515

“သံလမ်းမဲ့ရထား”
ဒီဗွီဘီဆယ်လီကြီး ဆရာနေဇော်နိုင် ၏ ကဗျာစာအုပ်နာမည်။ ဖတ်ချင်မိသော် လည်း အခုထိ ဖတ်ခွင့်မရသေး။ ရန်ကုန် ကို လူကြုံမှာသော်လည်း မရနိုင်ဖြစ်နေ သည်။ ဆရာနေဇော်နိုင်၏ ဘ၀ဇာတ် ကြောင်းကို စာအုပ်တစ်အုပ်တွင် ဖတ်ရသ ဖြင့် အနည်းငယ် တီးမိခေါက်မိရှိသည်။ ထိုအနည်းငယ်ကသည်ပင်လျှင် ကျွန် တော့်ရင်ကို ထိရှစေခဲ့သည်။ သူ့အ ကြောင်းဖတ်နေရင်း အဖေ့ကို သတိရမိ ကာ မျက်ရည်ကျခဲ့ဖူးသည်။ သူ့ရဲ့ “သံ လမ်းမဲ့ရထား”က ဘာလဲဆိုသည်ကို ကျွန်တော်သိချင်စိတ် ပြင်းပြနေမိသည်။ သို့သော် ယခုထိ သိခွင့်မရသေး။

သံလမ်းမဲ့ရထားဆိုသည့်စာသားက ကျွန်တော့်ခေါင်းထဲ သံမှိုနှက်သလိုစွဲနေ သည်။ သံလမ်းမဲ့ရထားနှင့် ပတ်သက်ပြီး အတွေး ပေါင်းများစွာလည်း ပွားနေမိ သည်။ ထိုသံလမ်းမဲ့ရထားလေးများ အကြောင်းကို ဆောင်းပါးတစ်ပုဒ်တော့ ရေးဦးမည်ဟု လည်း ဆုံးဖြတ်ထားသည်။ သူ့ရဲ့သံလမ်း မဲ့ရထားကဗျာစာအုပ်ကို ဖတ်ပြီးမှ ဆောင်းပါးကို စရေးမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော်လည်း စာအုပ်ကမရနိုင်တော့ သူ့ရဲ့ကဗျာ စာအုပ်ကို မဖတ်ရသေးခင် ဆောင်းပါးကို အရင်ရေးဖြစ်သည်။ သူ့ရဲ့သံလမ်းမဲ့ ရထားသည် သူကြုံတွေ့ခဲ့ရသော နိုင်ငံ ရေးအချိုးအကွေ့များအကြောင်းလား၊ သို့တည်းမဟုတ် သူ့ဘ၀အချိုးအကွေ့များ အကြောင်းလားဆိုသည်ကို ကျွန်တော် သိချင်နေမိသည်။ ကျွန်တော့်သံလမ်းမဲ့ ရထားနှင့်တော့ မတူနိုင်တာသေချာသည်။

ကျွန်တော့်အတွေးစိတ်ကူးထဲက သံလမ်း မဲ့ရထားများကား ကျွန်တော့်၏တပည့်များပင် ဖြစ်တော့သည်။ စာသင် သည့် အလုပ်ကို အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ်ခံယူကာ လုပ်ကိုင်လာ ခဲ့သည်မှာ ၁၆ နှစ်ကျော်လာခဲ့ပြီ ဖြစ် သည်။ စာသင်သက် တမ်းတစ်လျှောက် တွေ့ကြုံခဲ့ရသည့် တပည့်များသည် သံလမ်းမဲ့နေသည့် ရထားလေးများက အများစုဖြစ်နေသည်။ ဆိုလိုသည်ကတော့ သူတို့တွင် အနာဂတ်ရည်မှန်းချက် တိတိ ကျကျမရှိ။

သူတို့၏အနာဂတ်အတွက် ရွေးချယ်လျှောက်လှမ်းရမည့် လမ်းကြောင်း ကို တိတိပပမသိ။ သူတို့လေးတွေ၏ အနေအထားမှာ သံလမ်းမဲ့နေသည့် ရထားနှင့်မကွာခြားလှ။ ပင်လယ်ထဲတွင် စက်ပျက်ပြီး မျောနေသည့် လှေနှင့်လည်း တူနေပြန်သည်။ ရေစီး၏သယ်ဆောင်ရာ ကို စီးမျောလိုက်ပါနေရုံမှတစ်ပါး ကိုယ် ပိုင်အားထုတ်မှု ဘာမျှမရှိကြ။ ယခုခေတ် ကလေးအများစုသည် မိဘဆရာတို့၏ ပုခုံးထမ်း တွန်းတင်ပေးနိုင်စွမ်း၏အကျိုး ရလဒ်သည် ပင်လျှင် သူတို့၏အောင်မြင် မှု ဖြစ်နေသည်။ ရာခိုင်နှုန်း အနည်းငယ် မျှလောက်သော ကျောင်းသားလူငယ် လေးများသည်သာလျှင် ဘ၀ရည်မှန်းချက် ပန်းတိုင် တိတိကျကျရှိသည်။ သူ့လမ်း ကြောင်းကို သူသိသည်။ ထိုကလေးမျိုး တွေက သူတို့အသိစိတ်ဓာတ်နှင့်သူတို့ ကြိုးစားကြသည်။ သို့သော် ကျန်သော သူအများစုအတွက်မှာမူ သူတို့အနာ ဂတ်အတွက် စဉ်းစားရုံမျှနှင့်ပင် ရင်မောရ သည်။

ကျောင်းသားလေးများ ယခုကဲ့သို့ အဘယ့်ကြောင့် ဖြစ်နေကြရသည်ကို ကျွန်တော် အဖြေရှာနေမိသည်။
ပညာရေးစနစ် မှားယွင်းနေသည့် အတွက်ကြောင့်လား။ ပညာတတ်ဘွဲ့ ရသော်လည်း အလုပ်အကိုင်အခွင့်အလမ်း အတွက် ဘ၀အာမခံချက်နည်းနေ၍ လား။ သူတို့တစ်တွေ စာမဖတ်ကြ၍လား။ ပညာရေးနယ်ပယ်တွင် ပါဝင်လှုပ်ရှားနေ သူများကပဲ ကလေးတွေကို ပညာသင် ယူချင်စိတ်ရှိလာအောင် အားမထုတ် နိုင်ကြ၍လား။ ပညာသင်ယူခြင်းဟာ ပညာကိုအသုံးချဖို့ထက် ကြွားဝါဖို့ဖြစ် တယ်လို့ ကလေးတွေ အမြင်ရောက်နေ၍ လော။ ခဏခဏ ပြောင်းလဲနေသည့် ပညာရေးစနစ်ကပဲ ကလေးတွေရဲ့ ပညာ သင်ယူချင်စိတ်ကို စိတ်ပျက်အားလျော့ သွားစေသလား။

ကျောင်းပတ်ဝန်းကျင်နှင့် စာသင် ခန်းများကပဲ ကလေးတွေအတွက် ပျင်းရိ ငြီးငွေ့ဖွယ်ရာ အခင်းအကျင်းတွေ၊ နေရာ တွေ ဖြစ်နေရော့လား။ လက်တွေ့အား နည်းပြီး စာတွေ့များနေသည့် သင်ကြား နည်းစနစ်ကပဲ ကလေးတွေကို သင်းသတ် နေရော့သလား။ မိမိ ဝါသနာပါရာ တက္ကသိုလ်ကို တက်ရောက်နိုင်မည့် အရေးမှာ ရမှတ်ဖြင့် ဆုံးဖြတ်ခြင်းက အဟန့်အတားဖြစ်နေ၍လား။ နောက် ထပ်လားပေါင်းများစွာ ရှိနေဦးမည်မှာ အမှန်။ သို့သော် ထိုလားတွေအတွက် ဥာဏ်မမီတော့သလို၊ မည်သည်က အဖြေဖြစ်မည်ကိုလည်း ကျွန်တော့် အနေဖြင့် ဆုံးဖြတ်သုံးသပ်နိုင်ခြင်း ငှာ မစွမ်းပါ။

လူငယ်အများစု၏ ၁၀ ရာခိုင်နှုန်း ခန့်ကသာ မိမိ၏ အနာဂတ်ရည်မှန်းချက် ကို တိတိကျကျ ပြောနိုင်သည်ဟု ဆို သည်။ ထို ၁၀ ရာခိုင်နှုန်းသော သူများ သာလျှင် အနာဂတ်တွင် အောင်မြင်သူများ ဖြစ် လာကြပေသည်။ ကျန် ၉၀ရာခိုင်နှုန်း သော လူငယ်များကို လုံးဝအောင်မြင်မှု မရနိုင်တော့ဘူးဆိုပြီးတော့လည်း တထစ် ချ မပြောနိုင်ပါ။ သို့သော် မိမိ၏အနာ ဂတ် ရည်မှန်းချက်ကို တိတိကျကျ သိသူ များထက်တော့ အောင်မြင်မှုရသည့် အချိန် နောက်ကျကြသည်ကတော့ အမှန်။ မိမိနှင့်သက်တူရွယ်တူ မိတ်ဆွေ သူငယ် ချင်းများက အောင်မြင်နေချိန်တွင် မိမိ က ရုန်းကန်နေရဆဲ။ မိမိ၏ အနာ ဂတ် ရည် မှန်းချက်ပန်းတိုင်ကို ငယ်စဉ် ကတည်းက တိတိကျကျ မသိခဲ့သူများ မှာ ဘ၀လမ်းကို စမ်းတဝါးဝါး လျှောက် လှမ်းရင်းအချိန်တွေကုန်မှန်း မသိ ကုန်ကြရသည်။ အသက်အရွယ် အရ အလုပ်တစ်ခုခုကို မဖြစ်မနေ ဇောက်ချ လုပ်ကိုင်ရတော့မည့် အခြေအနေရောက် မှ မိမိနှင့်သင့်တော်မည့် ထင်သည့် အလုပ်တစ်ခုခုကို ဝါသနာ ပါပါမပါပါ မဖြစ်မနေရွေးချယ်ကာ ရုန်းကန်ကြိုးစား ကြရသည်။ မိမိရွေးချယ်မှု မှန်လျှင်တော့ မဆိုး။ သို့သော် ရွေးချယ်မှု မှားသွားခဲ့ လျှင်တော့ ဘူးလေးရာဖယုံဆင့် ဆိုသလို ဖြစ်သွားနိုင်သည်။ အချိန်တွေ ထပ်ပြီး နောက်ကျသွားနိုင်သည်။ ထို့ကြောင့် ငယ်ရွယ်စဉ်ကတည်းက မိမိ၏ ရည်မှန်း ချက်ပန်းတိုင်ကို သိအောင်လုပ်ကြဖို့ တိုက်တွန်းချင်သည်။

ကိုယ်တိုင်သည်ပင်လျှင် ငယ်စဉ် က သံလမ်းမဲ့ရထားတစ်စင်းဖြစ်ခဲ့ဖူး သည်။ ကျွန်တော့်အတွက်တော့ ထိုကဲ့ သို့ဖြစ်ခဲ့ရခြင်းမှာ ငယ်စဉ်က စာမဖတ် ခဲ့ရသောကြောင့်ဟု အပြည့်အဝခံယူ ထားသည်။ စာဖတ်သူတို့နှင့်တော့ အမြင်ခြင်း ထပ်တူကျချင်မှ ကျနိုင်ပေ မည်။ သံလမ်းမဲ့ခဲ့ခြင်း၏ အကျိုးဆက် အဖြစ် ယခုအသက် လေးဆယ်ကျော် သည့်တိုင် အောင်မြင်မှုပန်းတိုင်ကို ရောက်ဖို့ ကျွန်တော်လှုပ်ရှား ရုန်းကန်၍ ကောင်းနေဆဲ။ ယခုအချိန်ထိ လည်း အောင်မြင်မှုပန်းတိုင်ဆိုသည့်အ ရာကို ရေးရေးလေးမျှမမြင်ရသေး။ တစ်ခါ တစ်လေ လက်ရှိဘ၀ကိုပင် စိတ်ပျက် အားလျော့သလိုလို ဖြစ်ချင်လာမိပြန် သည်။ အတွေ့အကြုံနှင့် အသိဥာဏ် ပညာ ကို လောင်စာအဖြစ် အသုံးချရင်း ဘ၀ကို အားတင်းလျှောက်လှမ်းနေရသည်။

ကျွန်တော့်တပည့်လေးများကိုမူ ကျွန်တော့်လိုအဖြစ်မျိုး မရောက်စေချင်။ ကျွန်တော်မြင်တွေ့နေရသည့် လူငယ် အများစုကိုလည်း ကျွန်တော့်ကဲ့သို့ သက်လတ်ပိုင်းရောက်သည်အထိ အောင်မြင် မှုမရ ဖြစ်နေကြသည့်အဖြစ်မျိုးကို မကြုံတွေ့စေချင်ပါ။ မိမိဘ၀ကို မိမိ စိတ်ပျက်အားငယ်နေသူများ မဖြစ်ကြ စေချင်လိုပါ။ သူတို့အနေဖြင့် မိမိ၏အခြေအနေကို ပြန်လည်သုံးသပ်ရင်း သံလမ်းမဲ့ရထားဘ၀မှ အမြန်လွတ် မြောက်အောင် ကြိုးစားကြစေချင်သည်။ သို့မှသာ သူတို့လေးတွေ၏ အနာဂတ် သာယာလှပဖို့ ရာခိုင်နှုန်းများမည် မဟုတ်ပါလား။