ရုပ်ရှင်ရုံ စာချုပ်များ တိုင်းအစိုးရ စစ်ဆေးမည်

0
668

တနင်္သာရီတိုင်းရှိ ရုပ်ရှင်ရုံ လေးရုံ ၏ စာချုပ်များကို ပြန်လည် စစ်ဆေး မည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ အပြီးပိုင်ရောင်းချထားသည့် ရုပ်ရှင်ရုံ ၃ ရုံနှင့် ငှားရမ်းထားသည့် ရုပ်ရှင် ရုံတစ်ရုံတို့ကို ငှားရမ်းရောင်းချ ခဲ့စဉ် အချိန်က ချုပ်ဆိုခဲ့သည့် စည်းကမ်းချက် များနှင့်အညီ ပြန်လည်စစ်ဆေးမည် ဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။
စက်တင်ဘာလ ၂၄ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် အစည်း အဝေးတွင် ကျွန်းစုမြို့နယ် ကိုယ်စား လှယ် ဒေါက်တာထူးနေအောင်က နိုင်ငံ ပိုင်ရုပ်ရှင်ရုံများကို ပုဂ္ဂလိကသို့ အပြီး ပိုင် ရောင်းချရာတွင် မည်သည့်စည်းကမ်း သတ်မှတ်ချက်များ ပါဝင်သည့် စာချုပ် စာတမ်းများနှင့်ရောင်းချထားပြီး စာချုပ် ပါ စည်းကမ်းချက် များကို ဖောက်ဖျက် ပါက အရေးယူရန် အစီအစဉ်ရှိမရှိမေး မြန်းခဲ့ရာ ဝန်ကြီးဦးမြင့်မောင် ကိုယ်စား ဝန်ကြီး ဦးကြည်လှိုင်က ဖြေဆိုခဲ့သည်။
ယင်းအစည်းအဝေးတွင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍကို တာဝန်ယူထားသည့် တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးဦးမြင့်မောင် ခွင့်ယူထား သဖြင့် ၎င်းကိုယ်စား ဦးကြည်လှိုင်က ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

မြိတ်မြို့ရှိ ဂုဏ်နှင့် ရှေ့ဆောင် ရုပ်ရှင်ရုံ ၂ ရုံနှင့် ထားဝယ်မြို့ရှိ မင်္ဂလာသီရိ(ရွှေဝယ်သီရိ) ရုပ်ရှင်ရုံတို့ကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ၂၀၀၀ ခုနှစ်က ရောင်းချခဲ့ကြောင်း တိုင်းလွှတ်တော်အစည်းအဝေးတွင် ဦးကြည်လှိုင်က ဖြေကြားခဲ့သည်။
အောင်မင်္ဂလာရုပ်ရှင်ရုံကိုမူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ယခင် မြန်မာ့ရုပ်ရှင်လုပ်ငန်း) မှ ၂၀၁၆ ခုနှစ်တွင် ငှားရမ်းခဲ့ကြောင်း ၎င်းက ပြောသည်။
ရုပ်ရှင်ရုံများကို ငှားရမ်းရောင်းချ ခဲ့စဉ်က စာချုပ်များကို ပြန်ကြားရေး ဝန်ကြီးဌာနမှ တိုင်းအစိုးရသို့ လာမည့် အောက်တိုဘာလ ၅ ရက်နေ့ နောက် ပိုင်းလွှဲပြောင်းပေးနိုင်ဖွယ်ရှိပြီး လွှဲပြောင်း ရရှိပါက စာချုပ်ပါ အချက်များကို စစ် ဆေးမည်ဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။
“စာချုပ်တွေက ပြည်ထောင်စု ရုံးချုပ်မှာပဲရှိသေးတော့ ဘာတွေ ထည့် ချုပ်ထားတယ်ဆိုတာ မသိရသေးဘူး”ဟု ဦးမြင့်မောင်က ဆိုသည်။
ယင်းစာချုပ်ပါအချက်များကို စိစစ်၊ သုံးသပ်ပြီးမှ သက်ဆိုင်ရာရုပ်ရှင် ရုံများ ရယူထားသည့် ပုဂ္ဂလိကလုပ်ငန်း ရှင်များကို ခေါ်ယူ၊ ဆွေးနွေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့ရှိ ရွှေဝယ်သီရီ (မင်္ဂလာသီရီ) ရုပ်ရှင်ရုံမှာ ရုပ်ရှင်ပြ သခြင်း လုပ်ငန်းမလုပ်ဆောင်ဘဲ ရုပ်ရှင်ရုံအရှေ့တွင် စားသောက်ဆိုင် ဖွင့်ထားပြီး မြိတ်မြို့ရှိ ဂုဏ်ရုပ်ရှင်ရုံမှာ ကုန်မာဆိုင်ဖွင့်ထားကြောင်း လွှတ်တော် တွင် မေးခွန်းမေးမြန်းခဲ့သည့်ဒေါက်တာ ထူးနေအောင်က ပြောသည်။
မြိတ်မြို့ရှိ နောက်ထပ် ရုပ်ရှင်ရုံ တစ်ခုဖြစ်သည့် ရှေ့ဆောင်ရုပ်ရှင်ရုံ နေရာတွင် ဟိုတယ် ဆောက်လုပ်ထားပြီး ရုပ်ရှင်ရုံအသေးစားကို ဟန်ပြ အနေဖြင့် ပြသနေကြောင်း ဒေါက်တာ ထူးနေ အောင်က ပြောသည်။
ထားဝယ်မြို့ အောင်မင်္ဂလာ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ပြသလျက်ရှိသည်။

“ပြန်ကြားရေးဌာနကနေပြီး လွှဲပြောင်းစဉ်အခါက ရုပ်ရှင်ပြသခြင်း လုပ်ငန်း လုပ်ရမယ်ဆိုတာ ပါတာပေါ့ လေ။ ဒီခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့ ရုပ်ရှင်ပြတဲ့လုပ်ငန်း လုပ်ကိုလုပ်ရမှာ။ အခုကတော့ ရုပ်ရှင်ပြခြင်းလုပ်ငန်း မလုပ် တာ တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။
ပုဂ္ဂလိက လုပ်ငန်းရှင်များ ယင်း ရုပ်ရှင်ရုံများကို ဝယ်ယူယူစဉ်က ရုပ်ရှင် ပြခြင်းလုပ်ငန်း လုပ်ဆောင်ရန် ဝယ်ယူ ခဲ့သော်လည်း လက်ရှိမြေပြင် အခြေ အနေတွင် အချို့ရုပ်ရှင်ရုံများ ရုပ်ရှင် ပြသခြင်းမရှိသည်မှာ မဖြစ်သင့်ကြောင်း ဒေါက်တာထူးနေအောင်က ဆိုသည်။

ယခင်က ယင်းရုပ်ရှင်ရုံများနှင့် ပတ်သတ်ပြီး တိုင်းအစိုးရတွင် စီမံခန့်ခွဲ ခွင့်မရှိခဲ့ဟု ဦးမြင့်မောင်က ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ တိုင်း အစိုးရသို့ စာချုပ်များလွှဲပြောင်း ပြီး နောက်တိုင်းအစိုးရက စီမံခန့်ခွဲခွင့်ရမည် ဆိုပါက စာချုပ်ပါအချက်များ နှင့်အညီ လုပ်ဆောင်ရန် ကြီးကြပ်နိုင်မည်ဖြစ် ကြောင်း ဦးမြင့်မောင်က ပြောသည်။်