အိမ်ပြန်ချင်တယ်

0
930

သီတင်းကျွတ်ရန် ရက်ပိုင်းသာလိုပါ တော့သည်။ မွေးရပ်နှင့် ဝေးနေသူတို့ လှုပ်လှုပ်ရွရွ ဖြစ်နေကြပါပြီ။
မွေးရပ်မြေနှင့် ခွဲခွာကာ ရပ်ဝေး နယ်ဝေးတွင်၊ နိုင်ငံရပ်ခြား(အထူးသဖြင့် ထိုင်း၊ မလေးရှား အိမ်နီးချင်းနိုင်ငံများ)တွင် အလုပ်လုပ်ကိုင်နေသူတို့ မိမိတို့ မွေးရပ်သို့ တစ်ခါတစ်ခေါက် အရောက် ပြန်ကြတတ်သည်က အလေ့အထတစ်ခု ဖြစ်နေပါပြီ။
အိမ်ပြန်မည့် သူများက ထူးအိမ် သင်၏”ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ”သီချင်းလေးကိုညည်းရင်း ဝေးကွာ နေသည့် မိသားစုအတွက်၊ ဆွေမျိုး မိတ်ဆွေများအား လက်ဆောင်ပေးမည့် ပစ္စည်းလေးများ ဝယ်ခြမ်းထုပ်ပိုးနေကြ ပေပြီ..။

“.. သုံးနှစ်လောက် အမေ့ဆီ မပြန် တဲ့ သားလူမိုက်ဟာ မြို့ပြရဲ့အရိပ်အောက် မှာ ဘ၀သစ်ထူထောင်ရင်း အသဲကွဲခဲ့တဲ့ အမေ့ရဲ့သားလေး ပြန်လာပြီ..”
ထိုသို့ ပစ္စည်းလေးများ ထုပ်ပိုးရင်း မွေးရပ် ပြန်ရောက်ပါက မိသားစုတွေနှင့် မည်သို့ စကားဖောင်ဖွဲ့မည်၊ မိတ်ဆွေ များနှင့် မည်သို့ တွေ့ဆုံပျော်ပါးကြမည်။ မိမိရပ်ရွာနှင့် ကွဲကွာနေစဉ်အတွင်း ဒေသ အတွင်း ထူးခြားချက်များ၊ မိတ်ဆွေများ ၏ ထူးခြားပြောင်းလဲမှုများ စပ်စုကြမည် စသည်တို့ကို စိတ်ကူးဖဲရိုက်နေကြပါ လိမ့်မည်။

သို့သော် ရပ်ဝေးရောက်သူတိုင်း သီတင်းကျွတ်တွင် အိမ်မပြန်နိုင်ကြပါ။
အလုပ်တွင် ခွင့်မရခြင်း(ရသည့် ခွင့်ကလည်း အိမ်ပြန်ရန် မလုံလောက် ခြင်း)၊ ငွေကြေးအခက်အခဲကြောင့် မွေး ရပ် ပြန်ရန် အခွင့်မသာခြင်း စသည့် အကြောင်းပြချက် အမျိုးမျိုးတို့ကြောင့် ရပ်ဝေးရောက်သူတို့ အိမ်ပြန်ချင်လျက် မပြန်ဖြစ်ကြသူတို့က ဒုနှင့်ဒေး ရှိပါသည်။
အိမ်ပြန်ရန် အလုပ်တွင် ခွင့်ယူ နိုင်ပါလျက်၊ လမ်းစရိတ်ရှိပါလျက်နှင့် ရည်ရွယ်ချက်မပြည့်သေး၍ အိမ်ပြန် ချင်စိတ်ကို မျိုသိပ်ထားသူတို့လည်း ရှိပါ သည်။
ထိုင်းနိုင်ငံသို့ ရောက်နေသော လောင်းလုံးမြို့နယ် ကဒက်ကြီးရွာသူ မဟေမာစိုးသည်လည်း ရွာသီတင်းကျွတ် ပွဲ မနွှဲရသည်မှာ ၆ နှစ်ခန့် ရှိလေပြီ။
ယခုနှစ် သီတင်းကျွတ်ပြီးလျှင် သူငယ်ချင်းများ စုပေါင်း ဘုံကထိန် ပြု လုပ်မည်ဖြစ်၍ ရွာသို့ အတော်ပင် ပြန် ချင်နေပါသည်။ ရွာမှ သူငယ်ချင်းများ ကလည်း ခဏပြန်လာရန် လှမ်းခေါ်နေ ကြသည်။

သို့သော် သူ ပြန်ဖြစ်မည် မဟုတ် ဟု ဖွင့်ဟပါသည်။
“ဘာပဲဖြစ်ဖြစ် ထပြန်လိုက်မယ် ဆိုပြီးတောင် စိတ်ကူးမိသေးတယ်။ နောက်တော့ ဟိုတွေး၊ ဒီတွေးနဲ့ မပြန် ဖြစ်တော့ပြန်ဘူး”ဟု မဟေမာစိုးက ပြော သည်။
မိသားစုအတွက် အိမ်တစ်လုံး ဆောက်ပေးမည်ဟူသည့် ရည်ရွယ်ချက် မပြည့်သေးသည့်အတွက် ယခုသီတင်း ကျွတ်တွင် မဟေမာစိုး အိမ် မပြန်နိုင် သေးပါ။
“သီတင်းကျွတ်တို့ သင်္ကြန်တို့ဆို အရမ်းပြန်ချင်တာ။ facebook  ပေါ်မှာ ပုံတွေမြင်ပြီး ရွာကလူတွေ ပျော်နေတာ မြင်ရင် စိတ်ထဲ အလုပ်လုပ်ချင်စိတ်တောင် မရှိတော့ဘူး”ဟု သူမက ဆိုသည်။

အစိုးရဝန်ထမ်း အချို့ကမူ ရုံးပိတ် ရက်တိုပြီး အိမ်ပြန်ရမည့်ခရီးက ဝေးသ ဖြင့်၊ ခရီးဝေးလျှင် ငွေပိုကုန်သဖြင့် မပြန် ဖြစ်ကြ။
ထားဝယ်မြို့ အစိုးရဌာနတစ်ခု၌ အလုပ်တာဝန်ထမ်းဆောင်နေသည့် မငုဝါသည်လည်း အိမ်ရှိရာ ကော့သောင်း သို့ ပြန်မည်ဆိုက မိသားစုလိုက်ပြန်ရမည် ဖြစ်သောကြောင့် ခရီးစရိတ်မတတ်နိုင် ခြင်းနှင့် ရုံးပိတ်ရက်တိုခြင်းတို့ကြောင့် အိမ်ပြန်ဖြစ်မည်မဟုတ်ဟု ဆိုပါသည်။

“ကားစီးပြီး အိမ်ကိုရောက် အဝတ် အိတ်ချ၊ အမောလေးနည်းနည်းဖြေပြီး မိသားစုဝင်တွေ နှုတ်ဆက်ပြီး ပြန်ဖို့ အတွက် ကားပြန်စီးမှ ရုံးဖွင့်ရက် ရုံး အချိန်မီ ပြန်တက်နိုင်မှာမို့ပါ။ ဒါကြောင့် ပိုက်ဆံကုန်၊ အချိန်ကုန်၊ လူပင်ပန်းပြီး ကိုယ့်အိမ်ကိုယ်ပြန်ပြီး တစ်ညတောင် အိမ်မှာ အိပ်ခွင့်မရဘူးဆိုတော့။ စီးပွား ရေးသမားမဟုတ်တော့ အစစ အရာရာ ချင့်ချိန်နေရတာမို့ အိမ်မပြန်ဖြစ်တာပါ” ဟု မငုဝါက ပြောသည်။

ယင်းသို့ အိမ်ပြန်ရန် မျက်နှာပန်း မလှသေး၍ မပြန်ကြသေးသူ၊ အခွင့်အခါ မသင့်၍ မပြန်နိုင်သေးသူ၊ အကြောင်း အမျိုးမျိုးကြောင့် သီတင်းကျွတ်တွင် မွေးရပ်မြေ၊ မွေးရပ်ရွာ၊ မိမိအခြေချရာ မိသားစုနေအိမ်သို့ မပြန်ဖြစ်သူ အားလုံး ကတော့ အိမ်လွမ်းဝေဒနာ ကိုယ်စီ ရှိနေ ကြမည်သာ။
“အိမ်ပြန်ချင်တာပေါ့၊ ကိုယ့်အိမ် ကိုယ်ပြန်ပြီး အိမ်မှာ အိပ်ရတဲ့ အရသာက ဘာနဲ့မှမလဲနိုင်ဘူး၊ အိမ်ရဲ့ အငွေ့အသက် က စိတ်ကို နွေးထွေးမှုပေးတယ်၊ လုံခြုံမှုပေးတယ်လေ”ဟု မငုဝါက ပြော သည်။

အိမ်ပြန်ချင်စိတ်ကို ကြိတ်မှိတ် ခေါက်သိပ်ထားရသည့် အဝေးရောက်တို့ အတွက် ထူးအိမ်သင်၏ ]]အမေ့အိမ်}} သီချင်းက စိတ်မခိုင်ဖွယ်။
“ရိုးသားတဲ့ ကျေးလက်က အမေ့ အိမ်ကလေးအကြောင်း တွေးမိနေလို့..
မြင်ယောင်ကာ အိပ်မက်ရင်
ရင်မှာ အလိုလို ငိုချင်တယ်
အိမ်ပြန်ချင်တယ်.. ဟူး ..”
အိမ်လွမ်းဝေဒနာ သီချင်းများက အိမ်ပြန်ချင်သည့်ပိုးကို ပိုမို တိုးဆွစေ သော်လည်း၊ စိတ်မခိုင်သူတို့ မျက်ရည် ကျစေလောက်သော်လည်း အဝေးရောက် တို့က ခေါင်းကို အပေါ်မော့ကာ၊ မွေးရပ် သို့ မှန်းဆ
ညည်းဆိုနေကြမြဲ..။

 

“.အိမ်ပြန်ချင်တယ် ဟူး…
အနွေးထွေးဆုံး အမေ့အိမ်..
အိပ်မရတဲ့ ည များစွာထဲ
ရထားဥဩသံလေးများ ကြားရင်
အိမ်ပြန်ချင်တဲ့ စိတ်ကလေး..တားမရဘူး.”