ရာသီအကြိုရော်ဘာဈေး ယမန် နှစ်ထက် အနည်းငယ်ကျ ၊ ရာသီတက်ချိန်ပြန်တက်နိုင်ဟု ခန့်မှန်း

0
451

ရော်ဘာရာသီအကြိုကာလတွင်ရော်ဘာတစ်ပေါင် ပေါက်ဈေး ယမန်နှစ်ထက် အနည်းငယ်ကျနေပြီးရာသီစချိန်တွင် ဈေးပြန်တက်လာနိုင်ကြောင်းထားဝယ်ရော်ဘာလုပ်ငန်းရှင်အချို့ကခန့်မှန်းကြသည်။ရော်ဘာရာသီအကြိုကာလဖြစ်သည့် စက်တင်ဘာလတွင် ရော်ဘာတစ်ပေါင်လျှင် ပေါက်ဈေး ကျပ် ၈၅၀ဝန်းကျင်ရှိနေပြီး ယမန်နှစ် စက်တင်ဘာလတွင်မူ ပေါက်ဈေး ကျပ် ၁၀၀၀ဝန်းကျင်ရှိခဲ့ကြောင်း ထားဝယ်ခရိုင်ရှိရော်ဘာပွဲရုံပိုင်ရှင်အချို့က ပြောသည်။”အရင်နှစ်ကထက် ဘာဖြစ်လို့ဈေး
ပြန်ကျနေရတာလဲဆိုတာကတော့ လကရှိ တရုတ်ဈေးကွက်ကိုပဲ မှီခိုနေရတာဆိုတော့ တရုတ်က ဈေးကျရင်ကျ၊ သူတို့
ဈေးတက်ရင်တက်ပဲ။ ဘာဖြစ်လို့ကျတယ်ဆိုတာတော့ သေချာမသိဘူး”ဟုဆုဇော်ဝါ ရော်ဘာနှင့် ခြံထွက်သီးနှံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နန်းသန္တာဝင်းကပြောသည်။

ယခုနှစ်တွင် တရုတ်ဈေးကွက်အပြင် မလေးရှားဈေးကွက်တစ်ခုပါ
ထပ်တိုးလာနိုင်ခြေရှိခြင်း၊ ဒေါ်လာဈေးမြင့်တက်နေခြင်းတို့ကြောင့် ရော်ဘာ
ရာသီ အစကာလဖြစ်သည့် အောက်တိုဘာလတွင် ဈေးတက်လာနိုင်သည်ဟု
ခန့်မှန်းထားကြောင်း ရော်ဘာပွဲရုံပိုင်ရှင်အချို့က ပြောသည်။

ရော်ဘာရာသီမစသေးသဖြင့်လက်ရှိ ထားဝယ်ဈေးကွက်တွင်
အရောင်းအဝယ်မရှိသေးဘဲ ယမန်နှစ်ကသိုလှောင်ထားသည့်ရော်ဘာများကိုသာ
ထုတ်ရောင်းနေကြောင်း ရော်ဘာပွဲရုံပိုင်ရှင်အချို့က ပြောသည်။

လက်ရှိ ပေါက်ဈေးသည် ရော်ဘာခြစ်အလုပ်သမားများ ငှားရမ်းထားသူ
များအတွက် တွက်ခြေမကိုက်သေးဘဲအနည်းဆုံး တစ်ပေါင်လျှင် ကျပ်တစ်ထောင်ဝန်းကျင်ရမှသာ အဆင်ပြေမည်
ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာမှ ရော်ဘာစိုက်တောင်သူဦးကြည်ဦးက ပြောသည်