ရေချိုငါးဖမ်းတင်ဒါ စိတ်ဝင်စားသူနည်း

0
1248

ထားဝယ်မြို့နယ်အတွင်းရှိ ရေချိုငါးဖမ်းခွင့် တင်ဒါကို စိတ်ဝင်စားသူနည်းပါးကြောင်း ငါးလုပ်ငန်းဦးစီး ဌာနမြို့နယ်ဦးစီးမှူး ဦးစိုးမြိုင်က ပြောသည်။ထားဝယ်မြို့နယ်အတွင်း ရေချိုငါးဖမ်းကွက် ၁၄ ကွက်ရှိပြီး အဆိုပါငါးဖမ်းကွက်များကို ယခုလအတွင်းကအိတ်ဖွင့်တင်ဒါနှစ်ကြိမ် ခေါ်ယူခဲ့ရာငါးဖမ်းကွက် ၇ ကွက်သာ တင်ဒါဆွဲသူရှိကြောင်း ဦးစိုးမြိုင်က ဆိုသည်။တင်ဒါဆွဲခဲ့သည့် ငါးဖမ်းကွက်များကိုလည်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ရပ်ရွာကိုယ်စား တင်ဒါဆွဲယူခြင်းဖြစ်ပြီး ပုဂ္ဂလိက အနေဖြင့်တစ်ဦးချင်း တင်ဒါဝယ်ယူသူ မရှိသလောက်နည်းပါးကြောင်း ၎င်းက ပြောသည်။

“ဒေသခံတွေက ရေချိုငါးစားသူနည်းပြီး ရေငန်ငါးပဲ စားကြတော့ မဆွဲကြတာက များတယ်”ဟု ဦးစိုးမြိုင်ကဆိုသည်။
ကျန်ရှိနေသည့် ငါးဖမ်းကွက်များကို အောက်တိုဘာလ ၂ ရက်တွင်တတိယအကြိမ် တင်ဒါခေါ်ရောင်းချမည်ဖြစ်ပြီး ယင်းကာလတွင် တင်ဒါဆွဲယူသူ
မရှိက ယင်းငါးဖမ်းကွက်တင်ဒါများအပြီးသတ် ရုတ်သိမ်းရန် ငါးလုပ်ငန်းဦးစီးဌာနရုံးချုပ်ထံ အဆင့်ဆင့်တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ငါးဖမ်းကွက် ၁ ခု၏ တစ်နှစ်စာအတွက် ကြမ်းခင်းဈေးအမြင့်ဆုံးမှာကျပ် ၃၁၅၀၀ သာဖြစ်ပြီး အနိမ့်ဆုံးဈေးက ကျပ် ၂၄၁၅၀ သာ ရှိသည်။
ငါးဖမ်းကွက် နေရာများကို တလိုင်းတောင်ရွာ၊ ဇလွန်းရွာ၊ ဆင်ဆိပ်ရပ်ကွက်၊ သပြေချောင်းရွာ၊ မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာတို့ရှိ ချောင်းများတွင်
သတ်မှတ်ထားသည်။