သင်္ကြန်တွင် ရဲမေအား ရေပက်သူ ၇ ဦး ငါးလခန့် ကြာမှ တရားစွဲခံရ၊

0
362

ယခုနှစ်သင်္ကြန်ကာလအတွင်း ယူ နီဖောင်းဝတ်ထားသည့် အမျိုးသမီး ရဲ တပ်ဖွဲ့ဝင်တစ်ဦးအား ရေပက်ခဲ့ကြသည့် အမျိုးသား ၇ ဦး ကို စက်တင်ဘာလ ၇ ရက်နေ့တွင် တရားစွဲတင်လိုက်သည်။
ဧပြီလ ၁၅ ရက် ညနေ ၆ နာရီ ခန့်တွင် ယူနီဖောင်းဝတ်ပြီး နေအိမ်မှ ထားဝယ်ရဲစခန်းသို့ ဆိုင်ကယ်ဖြင့် သွားသည့် ရဲမေအား ရေပက်ခဲ့သည့် လူငယ်များကို ထိုရဲမေက တရားလိုပြု တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
ထိုလူငယ် ၇ ဦးကို ပြည်သူ့ဝန် ထမ်းကိုဟန့်တားရန် လက်ရောက်မှု၊ မိန်းကလေး၏ ကာယိနြေ္ဒပျက်စီးစေ ရန် အကြံဖြင့် လက်ရောက်မှု ကျူးလွန် ခြင်း၊ အကြံတူတစ်ခုကို အထမြောက် စေခြင်းငှာ တစ်ဦးထက်ပိုသူများက ပြုခြင်း ပုဒ်မတို့ဖြင့် တရားစွဲဆိုထား ကြောင်း ထားဝယ်မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ဆိုသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၃။ ၃၅၄။ ၃၄ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“တရားစွဲတင်တဲ့နေ့မှာပဲ ခံဝန် (အာမခံ) ပေးလိုက်ပါတယ်”ဟု ဦးကျော်မြင့်က ပြောသည်။
တရားစွဲဆိုခံရသူတစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ အာမခံထားရကြောင်း တရားစွဲဆိုခံရသူအချို့က ဆိုသည်။
တရားစွဲခံရသည့် လူငယ် ၇ ဦးထဲ တွင် မကြာမီ တက္ကသိုလ်စာမေးပွဲ ဖြေ ဆိုရမည့် ကျောင်းသား ၃ ဦးလည်း ပါဝင်သည်။
နောက်ရုံးချိန်းမှာ စက်တင်ဘာလ ၁၈ရက်ဖြစ်ပြီး တက္ကသိုလ်စာမေးပွဲ စတင် ဖြေရမည့်ရက်မှာ စက်တင်ဘာ ၂၀ ရက် ဖြစ်သည်။

“သူတို့က စာမေးပွဲဖြေခါနီး ကျောင်းသားတွေ ဖြစ်နေတယ်၊ သူတို့ သက်သက်လုပ်ကြံသလို ဖြစ်နေတယ်။ ဒီအမှုကို အကောင်းဆုံးရှေ့နေတွေနဲ့ ရင်ဆိုင်သွားမယ်”ဟု တရားစွဲခံရသည့် ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူ ဦးခင်စိုးက ပြောသည်။
ဖြစ်စဉ်မှာအချိန်ကာလကြာမြင့်နေ ပြီဖြစ်သောကြောင့် အမှုပြီးပြတ်နေပြီ ဟုပင် ယူဆထားကြကြောင်း တရားစွဲခံ ရသူများက ပြောကြသည်။
“လူတွေအာရုံမစိုက်တော့တဲ့အချိန် မှ ပြန်ပြီးစွဲတင်တာက တစ်မျိုးကြီးဖြစ် နေတာပေါ့။ ကျွန်တော်တို့က ဒီကိစ္စကို ပြီးပြီထင်လို့ အေးအေးဆေးဆေးနေနေ တာ”ဟု တရားစွဲခံထားရသူတစ်ဦးဖြစ် သည့် တက္ကသိုလ်ကျောင်းသား ကိုဌေး ကျော်က ပြောသည်။

ဧပြီလ ၁၅ ရက်(သင်္ကြန်အကြတ် နေ့) ညနေ ၆ နာရီခန့်တွင် ယူနီဖောင်း ဝတ်ကာ နေအိမ်မှ ထားဝယ်ရဲစခန်းကို ဆိုင်ကယ်ဖြင့်လာသည့် အမျိုးသမီး ရဲ တပ်ဖွဲ့ဝင်တစ်ဦးကို လူငယ်တစ်စုက တားဆီးခဲ့ပြီး ရဲမေဝတ်ဆင်ထားသည့် မိုးကာအင်္ကျီကို အတင်းဆွဲချွတ်ကာ ပုခုံးကိုကိုင်ခဲ့သည့်အပြင် ဆိုင်ကယ် စီးဦးထုပ်ကို ဆွဲလှန်၍ ရေပက်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။
ရေပက်ပြီးနောက် ရေပက်သူများ လက်ထဲတွင် ကိုင်ထားသည့် ပုလင်းများ ဖြင့် ရိုက်ရန်ပြုမူစဉ် စီးလာသည့်ဆိုင် ကယ်ကို ထားခဲ့ကာ ထားဝယ်ရဲစခန်းသို့ ထွက်ပြေးခဲ့ရသည်ဟု ယင်းထုတ်ပြန် ချက်တွင် ပါရှိသည်။

တရားစွဲခံရသူများကမူ ရဲမေစီးနင်း လာသည့် ဆိုင်ကယ်ကို တား၍ရေ လောင်းစဉ် ရဲမေက စိတ်ဆိုးပြီး မိုးကာ အင်္ကျီကို ကိုယ်တိုင်ချွတ်ကာ လမ်းမပေါ် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
ငါးလအကြာမှ တရားစွဲဆိုဖြစ်ခြင်း မှာ စွပ်စွဲခံရသူအားလုံးကို စစ်ဆေး အတည်ပြုရန် လုပ်ဆောင်နေရခြင်း၊ မျက်မြင်သက်သေရှာဖွေရခြင်း စသည့် အကြောင်းများကြောင့် အချိန်ယူရခြင်း ဖြစ်ကြောင်း ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ဆိုသည်။
“ခိုင်လုံအောင် တည်ဆောက်ရ တဲ့အချိန်ကျတော့စုံစမ်းမေးမြန်းတဲ့ အပိုင်းတွေ ဆောင်ရွက်ရတာပေါ့” ဟု ဒုရဲမှူး အောင်နိုင်မိုးက ပြောသည်။
အခင်းဖြစ်သည့်နေ့က ဆိုင်ကယ် ဖြင့် ထားဝယ်ရဲစခန်းကိုလာစဉ် ထားဝယ် မြို့ ဥဿရံရပ်ကွက် ကမြောကင်းလမ်း တွင် ရေပက်နေသည့် လူငယ်တစ်စုက ကာယိနြေ္ဒပျက်စေသည်အထိ ပြုမူကာ ရေပက်သည်ဟု ရဲမေတစ်ဦးက ဆက် သွယ်ပြောကြားလာသည့်အတွက် ရဲတပ် ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရပြီးနောက် ထားဝယ် ရဲစခန်းတွင် စစ်မေးပြီး ညတွင်းခြင်းပင် ပြန်လွှတ်ပေးခဲ့ကြောင်း တရားစွဲခံရသည့် လူငယ်များက ပြောသည်။
ယင်းနောက် ၅ လ ခန့်ကြာမှ ယခုကဲ့သို့ တရားစွဲခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်တွင် မည်သူမှားသည် မည်သူမှန်သည်ကို တစ်စုံတစ်ရာ မှတ် ချက် မပြုလိုသော်လည်း တရားစွဲဆိုမှု ပြုခြင်းကိုမူ သေချာညှိနှိုင်းကာ အကျိုး အပြစ်ချိန်ဆ လုပ်ဆောင်စေလိုကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်နိုင်ဦးက ပြောသည်။
“ဒီလိုကိစ္စတွေက စဉ်းစဉ်းစားစား လုပ်သင့်တဲ့ကိစ္စ၊ ခွင့်လွှတ်လို့ရတဲ့ ကိစ္စ ဆိုရင် ခွင့်လွှတ်ပေးစေချင်တယ်၊ တ အားမနစ်နာဘူးဆိုပြီး ယုံကြည်ရမယ် ဆိုရင်တော့ ခွင့်လွှတ်ပေးသင့်တဲ့ကိစ္စ ခွင့်လွှတ်ပေးတာ အကောင်းဆုံးပဲ” ဟု ဦးအောင်နိုင်ဦးက မှတ်ချက်ပြုသည်။