တနင်္သာရီမြစ်ရေ နှစ်လနီးပါးကြာမှ စိုးရိမ်ရေမှတ်အောက် ပြန်ရောက်

0
433

မြစ်ရေတက်ပြီး ရေကြီးရေလျှံမှု နှစ်လနီးပါးအကြာထိ ဖြစ်ပေါ်နေသည့် တနင်္သာရီမြစ်ရေမှာ စက်တင်ဘာလ ၅ ရက်တွင် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း တနင်္သာရီမြို့ နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လလယ်မှ စတင်မြင့်တက်ပြီး စိုးရိမ်ရေမှတ် ၁၇ ပေထက်ကျော်ခဲ့သည့် တနင်္သာရီမြစ်ရေမှာ စက်တင်ဘာလ ၅ ရက်တွင် ၁၆ ပေ ၂ လက်မ သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ရေကြီးရေလျှံခဲ့သည့် ကာလအတွင်း စိုးရိမ်ရေမှတ်ကို ကျော်လွန်သည့်အပြင် အန္တရာယ်ရေ မှတ်ဖြစ်သည့် ၂၄ ပေထက် သုံးကြိမ်တိုင်တိုင်ကျော်လွန်ခဲ့ ပြီး အမြင့်ဆုံးအဖြစ် ၂၇ ပေ ၂ လက်မ အထိ ရောက်ရှိခဲ့သည်။
စက်တင်ဘာလ ၇ ရက်တွင် ၁၄ ပေ ၆ လက်မအထိ ကျဆင်းခဲ့သည်။

“လမ်းတွေအားလုံးပေါ်ကုန်ပြီ”ဟု တနင်္သာရီမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမင်း ဝေက ပြောသည်။
ရေပြန်ကျနေသော်လည်း ခေါသရပ်ရေ (နှစ်စဉ် တော်သလင်းလပြည့်ကျော် ၄ ရက်နေ့ ပြု လုပ်ကြသည့် ခေါသရပ်နေ့)ကို စိုးရိမ်နေရကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမင်းဝေက ပြော ပြသည်။ နှစ်တိုင်း ခေါသရပ်ပြုလုပ်သည့်အချိန်တွင် ရေကြီးလေ့ရှိကြောင်း ၎င်းကဆိုသည်။

တနင်္သာရီရေဘေးကြောင့် ကျေးရွာ ၂၀ ခန့်မှ လူဦးရေ နှစ်သောင်းကျော်ရေဘေးသင့်ခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေထံမှ သိရသည်။