ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့ ကုမ္ပဏီထံမှ စီးပွားအခွင့်အရေးတောင်းခံဟု ဝန်ကြီးပြော

0
528

၎င်းတို့ဒေသတွင် လမ်း၊ တံတား၊ အဆောက်အအုံများ တင်ဒါအောင်ကာ လာရောက်လုပ်ကိုင်သည့် ဆောက်လုပ် ရေးကုမ္ပဏီများထံမှ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများက ကိုယ်ကျိုးစီးပွားအခွင့် အရေးတောင်းခံမှုများ ရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

အုပ်ချုပ်ရေးမှူးအချို့က ရပ်ရွာ တွင် လုပ်ငန်းလာရောက်လုပ်ကိုင်သည့် ကုမ္ပဏီများထံ ၎င်းနှင့် ၎င်း၏ဆွေမျိုး သားချင်းများ ထုတ်လုပ်နေသည့် အုတ်၊ သဲ၊ ကျောက် စသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းကို ဝယ်ယူစေခြင်း၊ ယာဉ်ယန္တရားများကို လုပ်ငန်းတွင် အသုံးပြုပေးရန် အတင်းအရေးဆိုခြင်း များပြုလုပ်နေကြောင်း ဝန်ကြီး ဗိုလ်မှူး ကြီးကျော်ဇေယျက ပြောသည်။
“ရွာတစ်ရွာကို လုပ်ငန်းတစ်ခုကျပြီ ဆိုတာနဲ့ အဲဒီရွာမှာရှိတဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးက လာခဲ့ ကုမ္ပဏီလာ၊ ငါ ကျောက်ထုတ်နေတာရှိတယ်ကွ၊ ငါ့ဆီ က ကျောက်လေး ဝယ်ပေးပါကွာ၊ ငါ့ ရွာလမ်းခင်းမှာ ငါ့ကျောက်နဲ့ခင်းလိုက်၊ ငါလည်း အကျိုးဖြစ်မင်းလည်း အကျိုး ဖြစ်”ဟုဆိုကာ အုပ်ချုပ်ရေးမှူးအချို့ က အခွင့်အလမ်းတောင်းတတ်ကြ ကြောင်း ဝန်ကြီးကပြောသည်။
ယင်းသို့ အခွင့်အလမ်းတောင်း ခံမှုများကို ကုမ္ပဏီများဘက်မှ ငြင်း ဆန်ပါက လုပ်ငန်းလုပ်ကိုင်နေမှုကို အကြောင်းအမျိုးမျိုးပြ ပြဿနာရှာ သဖြင့် ကုမ္ပဏီဘက်မှ စိတ်အနှောင့် အယှက်ဖြစ်ပြီး အချို့ကုမ္ပဏီများ လုပ် ငန်းရပ်ဆိုင်းထွက်ခွာသွားခြင်းမျိုး ရှိ ကြောင်း ဝန်ကြီးက ပြောသည်။

“ဒါ တကယ် ဖြစ်ခဲ့တဲ့ ဖြစ်စဉ် ကျွန်တော် ပြောပြနေတာ၊ ရွာနဲ့ အုပ် ချုပ်ရေးမှူး နာမည်တော့ ဖုံးထားပါရ စေ”ဟု ၎င်းက ပြောသည်။
လောင်းလုံးမြို့နယ် စခန်းကြီးရွာ ကွန်ကရစ်လမ်းကိစ္စ ရွာသားများနှင့် စက်တင်ဘာလ ၅ ရက်တွင် ပြုလုပ် သည့် တွေ့ဆုံပွဲတွင် လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေ ယျက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။
ဩဂုတ်လကုန်က ကျင်းပခဲ့သည့် တိုင်းအစိုးရအဖွဲ့နှင့် ထားဝယ်ခရိုင် အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲတွင်လည်း ဝန်ကြီး ဗိုလ်မှူး ကြီးကျော်ဇေယျက အထက်ပါ ပြော ကြားချက်များနှင့် အလားသဏ္ဌာန်တူ ပြောကြားခဲ့သဖြင့် ရပ်/ကျေးအုပ်ချုပ် ရေးမှူးတို့ ခံပြင်းနေကြသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အနေနှင့် ကုမ္ပဏီများ၏ လုပ်ဆောင် ချက်များကို စောင့်ကြည့်ခြင်း၊ မှတ် တမ်းယူကာ မြို့နယ်သို့ တင်ပြခြင်း များကို မြို့နယ်၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်နေရပြီး ဝန်ကြီးပြောသည့် အုပ်ချုပ်ရေးမှူးမျိုးရှိက အမည်ဖော်ထုတ် ပြောကြား အရေးယူသင့်ကြောင်း
လောင်းလုံးမြို့နယ်ရှိ ကျေးရွာအုပ်ချုပ် ရေးမှူးတစ်ဦးက ပြောသည်။

“အဲဒီလိုလုပ်တဲ့ အုပ်ချုပ်ရေးမှူး ရှိကောင်း ရှိမှာပေါ့၊ ဒါပေမယ့် အားလုံး ကိုပတ်ပြီး ဝါးလုံးရှည်နဲ့ ရမ်းသလို မပြောသင့်ပါဘူး၊ ကျွန်တော်တို့ စောင့် ကြည့် မှတ်တမ်းယူတာက ရပ်ရွာအကျိုး အတွက် လုပ်တာပါ၊
ဝန်ကြီး အဲဒီလို ပြောတာကို အုပ်ချုပ်ရေးမှူတွေ အတော် တင်းနေကြတယ်”ဟု
အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။