မွေးနေ့အလှူ ခေါက်ဆွဲကြော် စားပြီးနောက် လူခြောက်ဆယ်ကျော် မူးဝေအော့အန်

0
385

ထားဝယ်ခရိုင် ကံပေါက်ဒေသရှိ ဖောင်းတောကျေးရွာတွင် ဩဂုတ်လ ၂၃ ရက်က မွေးနေ့အလှူအိမ်တွင်ကျွေး သည့် အစားအစာများ စားပြီးနောက် လူခြောက်ဆယ်ကျော် မူးဝေ အော့အန် လာသည့်အတွက် ဆေးရုံတင်လိုက်ရ ကြောင်း ဖောင်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောသည်။

မွေးနေ့အလှူအိမ်တွင် ကျွေးသည့် ခေါက်ဆွဲကြော်နှင့် ဟင်းချို စားသောက် ပြီးနောက် မူးဝေအော့အန်လာသဖြင့် လူနာ ၆၁ ဦးကို ရွာတွင်ရှိသည့် ကျန်းမာ ရေးဆရာမမှတစ်ဆင့် ကံပေါက် တိုက်နယ် ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ဦးခင်မောင်သန်းက ဆိုသည်။
“စားပြီး အထက်လှန်အောက်လျှော ဖြစ်တာပေါ့။ လူနာက နည်းနည်း များလာလို့ ကံပေါက်တိုက်နယ်ဆေးရုံကို ပို့လိုက်တယ်”ဟု ဦးခင်မောင်သန်းက ပြောသည်။

လက်ရှိတွင် သက်သာလာပြီ ဖြစ်သည့်အတွက် လူနာ ၃၁ ဦးကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၎င်းက ဩဂုတ်လ ၂၃ ရက် ညနေ ၅ နာရီခန့်တွင် ပြောသည်။
ဆေးရုံရောက်လာသူ အများစုက အော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ မူးဝေ ခြင်းများ ခံစားနေရပြီး ဓာတ်ခွဲ စစ်ဆေးချက် အဖြေမရသေး သော်လည်း အစာအဆိပ်သင့်သည့် လက္ခဏာများကို တွေ့ရကြောင်း ကံပေါက်တိုက်နယ် ဆေးရုံ တာဝန်ကျဆရာဝန်က ပြောသည်။
“လက်ရှိမှာတော့ အများစုက စိတ်ချ ရတဲ့ အနေအထားရောက်လို့ အိမ်ပြန် လွှတ်လိုက်ပါပြီ”ဟု အထက်ပါ ဆရာဝန် က ဆိုသည်။
တနင်္သာရီတိုင်းတွင် အစာအဆိပ် သင့်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိ သည်။