မီတာခကိစ္စ အပေါင်း /အနှုတ် / အမြောက် / အစား

အားလုံးသိထားပြီးသားပါ။
ပြည်မနဲ့ ဆယ်ဆတစ်ဆကွာတဲ့ တနင်္သာရီတိုင်းရဲ့ လျှပ်စစ်မီတာခ အကြောင်းကို။
ထားဝယ်မှာ တစ်ယူနစ် ၂၀၀ကျပ် မြိတ်မှာ ကျပ် ၄၀၀ ကျော်၊ ကော့သောင်း မှာ ကျပ် ၃၇၀ ပေးနေရပါတယ်။ ဆိုရရင် ပြည်မမှာ တစ်လ မီတာခ ကျပ်ရှစ်ထောင် ကျတဲ့အချိန်မှာ တနင်္သာရီတိုင်းမှာ ကျပ် ရှစ်သောင်း ကျသင့်တဲ့သဘော။

ဓာတ်ငွေ့နဲ့ လျှပ်စစ်မီးပေးနေတဲ့ ထားဝယ်မှာတောင် ၁ယူနစ် ၂၀၀ကျပ် နှုန်း။ ဒါတောင် ဈေးတက်ဦးမယ်လို့ သတင်းတွေ ကြားနေရသေး။ မြိတ်နဲ့ ကော့သောင်းမှာက ဒီဇယ်မီးစက်ဆိုတော့ ဒီဇယ်ဈေးအတက်၊ ငွေတန်ဖိုးအကျမှာ လျှပ်စစ်မီးပေးနေတဲ့ ကုမ္ပဏီတွေလည်း မသက်သာလှ။ မြတ်ဖို့မပြောနဲ့ အရင်း မရှုံးအောင်တောင် မနည်းလုပ်နေရတယ် လို့ ညည်းတွားသံ ကြားရတယ်။
ဒေသခံ မီးသုံးသူတွေကတော့ အညည်း တွားဆုံးပါပဲ။ မီတာခ ဈေးကြီး ရတဲ့အထဲ ဝန်ဆောင်မှုမကောင်းတဲ့ ကုမ္ပဏီတွေနဲ့ တွေ့နေရမယ်ဆို ပိုလိုပင့် ခက်ချေရဲ့။ ဒါတောင် မီတာခ တစ်ယူ နစ်နှုန်း ကျပ် ၈၀၀ ကနေ ကျပ် ၁၀၀၀ ကြားပေးနေရတဲ့ ကျေးရွာတွေ အများ ကြီး ရှိသေးတယ်။

တချို့က မြန်မာပြည်ကြီးထဲမှာ တနင်္သာရီတိုင်းဒေသကြီးမပါလို့ ဈေးကြီး နေတာလားလို့ ခပ်ရွဲ့ရွဲ့ ပြောကြတယ်။ ရွဲ့လည်း ရွဲ့စရာကိုး။
မီတာခသက်သာဖို့ ကိစ္စအားလုံး မျှော်ကြတာကNational Grip လို့ ခေါ် နေကြတဲ့ မဟာဓာတ်အားလိုင်း ကိုယ်တွေ ဒေသကို အမြန်ရောက်ဖို့။ ခက်တာက မဟာဓာတ်အားလိုင်းကိစ္စကလည်း မည် သို့ မည်ပုံ လုပ်နေသည်မသိ ဆိုတာမျိုး။
ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ပြောထားတာတော့ ၂၀၂၈ ခုနှစ်မှာ တစ်ပြည်လုံးကို မဟာဓာတ်အား လိုင်းတွေ ရောက်မယ်တဲ့။ ဒါဆို နောက် ဆယ်နှစ်လောက်အထိ ဒီလိုကြီးပဲ နပန်း လုံး သွားနေရမလားလို့ စဉ်းစားစရာရှိလာ တယ်။ တချို့တွေ ထောက်ပြသလိုပေါ့။ ပြည်မကသုံးသမျှ လျှပ်စစ်အတွက် ယူနစ် တိုင်းယူနစ်တိုင်းအတွက် စိုက်ထုတ်ပေး ဖို့ကျ ရန်ပုံငွေကရှိနေပြီး တနင်္သာရီ တိုင်းကို မဟာဓာတ် အားလိုင်းသွယ် ဖို့ကျတော့ မရှိဆိုတာ ချည်းပဲ။

သူတို့ပြောတာလည်း ဟုတ်တုတ် တုတ်။ ဖက်ဒရယ်တို့ တန်းတူညီမျှရေးတို့ ပြော နေကြတော့လေ။
လျှပ်စစ်မီတာခကိစ္စ ခေါင်းထဲ ရောက်လာတိုင်း ကျွန်တော်က ဒီနည်း လမ်းတွေကို စဉ်းစားမိတယ်။
(၁) မဟာဓာတ်အားလိုင်း
(၂) အစားထိုးလောင်စာ
(၃) နယ်နိမိတ်ချင်းဆက်စပ်တဲ့
ထိုင်းနိုင်ငံမှ ဓာတ်အားဝယ်ယူခြင်း
၎) အစိုးရဲ့ စိုက်ထုတ်စီစဉ်မှု
တစ်ချက်ချင်း အဖြေရှာကြည့်ရရင်. .

၁) မဟာဓာတ်အားလိုင်း
မဟာဓာတ်အားလိုင်း ကိုယ်တွေ ဒေသကို ရောက်ရင် ဓာတ်အားခ ပြည်မနဲ့ တန်းတူ ဖြစ်မယ်။ သို့သော် ၂၀၂၈ ခုနှစ် လို့ ပြောထားကြားထားတော့ အထက်မှာ တင်ပြခဲ့သလိုပဲ သက်သာဖို့ အရေး ကျော်ဟိန်းပြောသလို ၁၀နှစ် . . . . . ၁၀နှစ် . . ။

၂) အခြားအစားထိုးလောင်စာ
Hydro Power လို့ဆိုတဲ့ ရေအားမှ လွဲ၍ အခြားအစားထိုးလောင်စာတွေက တစ် ယူနစ် ကျပ်၂၀၀ ပတ်ချာလည်။ လေအား၊ ဆိုလာခေါ် နေစွမ်းအင်သုံး၊ ကျောက်မီးသွေး၊ FO လောင်စာစတာတွေ ရှိလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု၊ ဒေသခံတွေရဲ့ ဆန္ဒ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် အများကြီး တိုင်းတာရဦးမယ်။ သဘာဝပတ်ဝန်းကျင် အတွက်လည်း အဆင်ပြေမယ်။ ဒေသခံ တွေကလည်း လက်ခံမယ်။ ရင်းနှီးမြှုပ်နှံ တဲ့ လုပ်ငန်းရှင်ကလည်း လုပ်နိုင်မယ်ဆို ရင် တစ်ယူနစ် ကျပ် ၂၀၀နဲ့ ရနိုင်စရာ အကြောင်း ရှိတယ်။

မြိတ်မှာ FO  လောင်စာသုံးဓာတ်အား ပေးဖို့လုပ်နေတယ်လို့ သိရသလို ကော့သောင်းမှာလည်း လေအားရ/မရ စမ်းနေတယ်လို့ သိရတယ်။ လုပ်လို့ရပြီ ဆို အစိုးရဘက်ကို မေးစရာရှိလာတာက အဲဒီကုမ္ပဏီတွေကို လုပ်ပိုင်ခွင့် ဘယ်နှနှစ် ပေးမှာလဲ။ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီ အနေနဲ့ ၃ နှစ်လောက် ၅ နှစ်လောက် လုပ်ပိုင်ခွင့် ရရုံနဲ့ အရင်းကျေမယ်မထင်။ နှစ်ရှည် ကြီးလုပ်နေပြီး မဟာဓာတ်အား လိုင်း ရောက်လာလို့ရှိရင် အချိတ်အဆက် တွေ ပြတ်ကုန်မယ်။ ပြည်သူတွေက သက်သာတဲ့ဆီကိုပဲ သွားလိမ့်မယ်။ ရင်းနှီးမြုပ်နှံ သူအတွက် နှစ်ရှည် လုပ်ပိုင် ခွင့်ရအောင် ဘယ်သူက အာမခံပေးမှာ လဲ။ အာမခံရင်ရော ရင်းနှီးမြုပ်နှံသူ ဘက်က အဆင်ပြေနိုင်ဖို့ . . . ရှိ /မရှိ

၃) နယ်နိမိတ်ချင်းဆက်စပ်တဲ့ တစ်ဘက် နိုင်ငံမှ ဓာတ်အားဝယ်ယူခြင်း
မြိတ်ခရိုင်အတွက်ဆို မောတောင် လမ်းဘက်က၊ ကော့သောင်းက ပါချန် မြစ်ကိုဖြတ်ပြီး တစ်ဘက်မှာ ထိုင်းနိုင်ငံရှိ တယ်။
မြိတ်မှာဆို ထိုင်းကနေ မောတောင် သွယ်ဖို့က လွယ်ပေမယ့် မောတောင် ကနေ ကျန်တဲ့ မြို့တွေဖြတ်ဖို့က ခရီး ဝေးလွန်းတယ်။ ကော့သောင်းမှာကျ တော့ ပါချန်မြစ်ကို ဖြတ်ရမယ်။ တစ်မြို့ နဲ့တစ်မြို့က မြ၀တီတို့ တာချီလိတ်တို့လို မနီးဘူး။ မြစ်တွေ ချောင်းတွေလည်း ဖြတ်ရမယ်။

ကုမ္ပဏီကပဲ လုပ်လုပ်၊ အစိုးရကပဲ လုပ်လုပ် ဒီလောက်ကွာဝေးတဲ့ ဓာတ်အား လိုင်းသွယ်တန်းတဲ့ စရိတ်အတွက် ဒေါ်လာသန်းချီကုန်မယ်။ မီတာခက သူတို့ နိုင်ငံမှာ အိမ်သုံး ၃ ဘတ်ခွဲ၊ မြန်မာငွေနဲ့ လက်ရှိပေါက်ဈေး ကျပ် ၁၆၀ ။ ဒီနိုင်ငံထိ ဖြန့်ရမယ်ဆို ၆ ဘတ်ခွဲ လောက်ကျသင့်လိမ့်မယ်လို့ တွက်ချက် မှုတွေ ရှိထားဖူးတော့ ကျပ် ၃၀၀ ပတ်ချာ လည်ကျလိမ့်မယ်။
ဒါလည်း မဟာဓာတ်အားလိုင်းဝင် လာတာတို့၊ နိုင်ငံရေးပြဿနာတို့၊ လုံခြုံရေးအခြေအနေတို့ ထည့်သွင်းစဉ်း စားရင် လွယ်လောက်စရာ အကြောင်း မမြင်။

၎) အစိုးရရဲ့ စိုက်ထုတ်စီစဉ်မှု
ဒီအချက်က အရေးကြီးလာတယ်။ လျှပ် စစ်ဓာတ်အားကောင်းမှ သက်သာမှ ဒေသဖွံ့ဖြိုးရေး လုံခြုံရေး အခွန်ကောက် ခံရရှိမှု စတာတွေ အစိုးရအပေါ် တိုက် ရိုက်အချိုးကျတယ်။ ဓာတ်အားခ ၁၀ ဆ မြင့်နေလို့ လူနေမှု စရိတ်တွေတက်ပြီး တစ်ခြားမြို့တွေ ဒေသတွေကို ရင်ဘောင် တန်းနိုင်ဖို့ မမြင်။

စက်မှုလုပ်ငန်းဖွံ့ဖြိုးဖို့၊ အလုပ် အကိုင် အခွင့်အလမ်း အားလုံးဝေဝါး နေဆဲ။
လောလောဆယ် ထားဝယ်ဒေသက ၂၀၀ ကျပ်နှုန်းနဲ့ လျှပ်စစ်မီးပေးထား သလိုမျိုး မြိတ် ကော့သောင်းဒေသတွေကို ပေးထားဖို့ လိုလိမ့်မယ်။ ဥပမာ မြိတ်မှာ ၄၀၅ ကျပ်ဖြစ်နေရင် ဒေသခံလျှပ်စစ်မီး သုံးစွဲသူတွေအတွက် ပိုနေတဲ့ ၂၀၅ ကျပ်ကို အစိုးရက ကျခံ။ ကော့သောင်းမှာ ကျပ် ၃၇၀ ဖြစ်နေရင် ပိုကုန်နေတဲ့ ကျပ် ၁၇၀ ကို အစိုးရက ကျခံပေးထား။

ဘယ်ဘတ်ဂျက်တွေနဲ့ ကျခံသင့် သလဲဆိုရင် ကံပေါက်မှာ ဓာတ်ငွေ့တွေ ရောင်းလို့ရတာတွေထဲက ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီးတို့ ပူးပေါင်း စီစဉ်ပေး။ အစိုးရကလည်း ဘဏ္ဍာငွေ တွေတွက်ချက်လို့ ကုန်ကျမှုတွေများ လာရင် မဟာဓာတ်အားလိုင်း အမြန် ရောက်ရှိရေး ပိုမို ဦးစားပေးလိမ့်မယ်။
ဒီလိုအခြေအနေဆို ဒေသခံကလည်း ဓာတ်အားခ ၂၁၀ကျပ်ကနေ ထပ်သက် သာ ဒေသဖွံ့ဖြိုးရေးတို့ အလုပ်အကိုင် အခွင့်အလမ်းတို့ ဂုဏ်သိက္ခာတို့က ကျွဲကူးရေးပါဆိုသလို တိုးတက်လာမှာ။

အခြားနည်းလမ်းတွေ အများကြီး ရှိဦးမှာ ပါ။ တကယ်စေတနာရှိရင်၊ လုပ် ချင် စိတ်ရှိရင်ပေါ့လေ။
တိုင်းဒေသကြီးအစိုးရအနေနဲ့ အခု လုပ်နေတာတွေထက် ပိုတဲ့၊ ထက်တဲ့၊ အလေး အနက်ထားတဲ့၊ ဖောက်ထွက်တဲ့ အစီအစဉ်တွေနဲ့ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

Related Posts