ရေကြီးမှုကြောင့်ပျက်စီးခဲ့သည့် တနင်္သာရီမှ လယ်များကို အခမဲ့ထွန်ယက်ပေးမည်

0
348

တနင်္သာရီမြို့နယ်တွင် ရေကြီးမှု ကြောင့် ပျက်စီးသွားသည့် လယ်ဧက နှစ်ထောင်ကျော်ကို အခမဲ့ထွန်ယက်ပေး မည်ဖြစ်ကြောင်း တိုင်းစက်မှုလယ်ယာ ဦးစီးဌာနထံမှ သိရသည်။
စက်မှုလယ်ယာဌာနပိုင် ထွန်စက် ကြီး ၁၃ စီးဖြင့် ထွန်ယက်ပေးမည်ဖြစ်ပြီး စက်သုံးဆီနှင့် ထွန်စက်မောင်းသမား များကိုပါ စီစဉ်ပေးမည်ဖြစ်ကြောင်း ယင်းဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းဦး ကပြောသည်။

“အခုလောလောဆယ် ရေမကျ သေးဘူးဆိုတော့ ထွန်ပေးလို့ မရသေး ဘူး။ ရေပြန်ကျတဲ့အချိန်ဆိုရင်တော့ တစ်ကွက်ပေါ်ရင် တစ်ကွက်ထွန်တဲ့ စနစ်နဲ့ လုပ်သွားမယ်”ဟု ဦးထွန်းထွန်းဦး က ဆိုသည်။
၎င်းအပြင် လယ်သမားများပိုင်သည့် ထွန်စက်များကိုလည်း စက်သုံးဆီ ထောက်ပံ့၍ အကူအညီတောင်းကာ ထွန်ယက်ပေးရန် စီစဉ်ထားပြီး ထွန် ယက်နေစဉ် စက်ချွတ်ယွင်းသွားပါက လည်း ပြုပြင်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းထွန်စက်တစ်စီးသည် တစ် ရက်လျှင် ဆယ်ဧကနှုန်း ထွန်ယက်နိုင် သဖြင့် ထွန်စက် ၁၃ စီးဖြင့် ဧက နှစ်ထောင်ကျော်ကို ရက်နှစ်ဆယ်အတွင်း အပြီး ထွန်ယက်ပေးနိုင်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီမြို့နယ်တွင် ရေကြီးမှု ကြောင့် တောင်သူ ၄၈၆ ဦး ပိုင်ဆိုင် သည့် လယ်ဧက ၂၀၇၃ ပျက်စီးသွားခဲ့ ကြောင်း ဒုတိယအကြိမ် ရေကြီးစဉ်က ၎င်းဌာနမှ ကောက်ယူခဲ့သည့် စာရင်း အရ သိရသည်။
“အခုကျွန်တော်တို့ တတိယအကြိမ် ရေကြီးတုန်းကတော့ မရောက်သေးဘူး ပေါ့နော်။ လုပ်ပေးမှာကတော့ အားလုံး ကို လုပ်ပေးမှာ”ဟု ဦးထွန်းထွန်းဦးက ပြောသည်။
၎င်းအပြင် ထားဝယ်ခရိုင်တွင် ရေ ကြီးမှုကြောင့် ပျက်စီးသွားသည့် လယ် များကိုလည်း တိုင်းအစိုးရခွင့်ပြုချက် ရရှိပါက ထွန်ယက်ပေးရန် ထွန်စက်များ အဆင်သင့်ရှိနေကြာင်း တိုင်းစက်မှု လယ်ယာဦးစီးဌာနထံမှ သိရသည်။