မွန်တော်လှန်ရေးနေ့ ဆိုင်းဘုတ်စာသားကိစ္စ မွန်ပြည်နယ်အစိုးရက မွန်ပြည်သစ်ပါတီကို ခေါ်တွေ့

0
447

မွန်ပြည်သူလူထု ဦးဆောင်ကျင်း ပသည့် မွန်တော်လှန်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားဆိုင်းဘုတ်ပါ စာ သားနှင့်ပတ်သက်ပြီး မွန်ပြည်နယ်အစိုး ရက မွန်ပြည်သစ်ပါတီကို ဩဂုတ်လ ၂၀ ရက်က ခေါ်ယူတွေ့ဆုံခဲ့သည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။
ဝါခေါင်လပြည့်နေ့ (ဩဂုတ် ၂၆ ရက်နေ့)တွင် ကျရောက်သည့် (၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်း အမှတ် အခမ်းအနားအတွက် ဆိုင်းဘုတ် တွင် မွန်ဘာသာဖြင့်ရေးထားသည့် “တော်လှန်ရဲမှ လွတ်လပ်မည်”စာသား နှင့် ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရက ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“အဓိကကတော့ ဆိုင်းဘုတ်မှာ ပါ တဲ့စာသားကိစ္စပါ၊ ဒီလိုအချိန်မှာ ဒီလို မျိုးစကားလုံးတွေ မသုံးသင့်ဘူးပေါ့၊ အဲလိုပြောတယ်”ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်က ပြောသည်။
ခေါ်ယူတွေ့ဆုံစဉ် အဆိုစာသားပါ ဆိုင်းဘုတ်တင်ခြင်းကို မွန်ပြည်သစ်ပါ တီအနေဖြင့် တားဆီးပေးရန်၊ ဆက် လက်လုပ်ဆောင်ပါက စည်ပင်သာယာ ရေး ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း နှင့် မဟုတ်ပါက အခမ်းအနားကိုလည်း ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း ပြည်နယ်အစိုးရဘက်က ပြောခဲ့သည်ဟု သိရသည်။

(၇၁) ကြိမ်မြောက် မွန်တော်လှန် ရေးအခမ်းအနား ကျင်းပရေးကော်မတီ အနေဖြင့် ဆိုင်းဘုတ်ပါ မွန်ဘာသာဖြင့် ရေးထားသည့် “တော်လှန်ရဲမှ လွတ် လပ်မည်” အဓိပ္ပာယ်ရ စာသားကို ဖြုတ် ပြီး ဆိုင်းဘုတ်ကို စည်ပင်ခွင့်ပြုချက်ဖြင့် တင်သွားမည်ဟု ကျင်းပရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ မိစန္ဒာနွန်က ပြော သည်။
“စာသားကိစ္စနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်သစ်ပါတီက အစ်မတို့ကို လာ တွေ့ပြီးတော့ ဖြစ်နိုင်ရင်ပေါ့ အဲစာသား ကို ဖြုတ်လိုက်ဖို့ပေါ့နော်၊ အမတို့က လည်း ဖြုတ်ဆိုရင်လည်း ဖြုတ်ပေါ့လေ၊ အမှန်က စာသားက မွန်ကနေ တိုက်ရိုက် ပြန်လိုက်တော့ အဓိပ္ပာယ်က တစ်မျိုး သက်ရောက်သွားစေတယ်”ဟု မိစန္ဒာနွန် က ပြောသည်။

ယမန်နှစ်ကလည်း မွန်ပြည်သစ်ပါ တီက ကျင်းပသည့် ဗဟိုအဆင့်ခရိုင် အဆင့် မွန်တော်လှန်ရေးနေ့အခမ်းအနား တွင် စစ်ဝတ်စုံ အပြည့်အစုံဖြင့် စစ်ရေးပြ ချီတက်ခြင်း မပြုလုပ်ရန် အရှေ့တောင် တိုင်းစစ်ဌာနချုပ်နှင့် ရေးမြို့အခြေစိုက် စစ်ဆင်မှု ကွပ်ကဲရေး ဌာနချုပ်က တား မြစ်မှုရှိခဲ့သော်လည်း မွန်ပြည်သစ်ပါ တီဘက်က မွန်တော်လှန်ရေးနေ့အခမ်း အနားကို ယခင်နှစ်များကဲ့သို့ စစ်ရေးပြ ချီတက်ခြင်း သေနတ်ဖောက်ခြင်းဖြင့် ကျင်းပခဲ့သည့်အတွက် အရှေ့တောင် တိုင်းစစ်ဌာနချုပ်က ခေါ်ယူတွေ့ဆုံမှုရှိ ခဲ့သည်။
သို့သော်လည်း ယခုနှစ်တွင် မွန် ပြည်သစ်ပါတီမှ ကျင်းပမည့် တော်လှန် ရေးနေ့အခမ်းအနားအတွက် တစ်စုံတစ် ရာ ပြောကြားလာခြင်း မရှိသေးကြောင်း နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

မွန် တော်လှန်ရေးနေ့ အခမ်းအနား ကို မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြီး ၎င်းတို့၏ ဗဟိုဌာနချုပ်နှင့် ခရိုင်အသီး သီးတွင် ကျင်းပပြုလုပ်သလို မွန်လူငယ် များ မွန်ပြည်သူလူထုတို့ ဦးစီးပြီး နေရာ အနှံ့ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြ သည်။
မွန်တော်လှန်ရေးတစ်လျှောက်ကျ ဆုံးသွားသော မွန်ခေါင်းဆောင်အုတ်ဂူ များတည်ရှိရာသို့ သွားရောက်ဂါရ၀ပြုကြ လေ့ရှိသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက် မွန်အမျိုးသားများသည် ကိုယ့် ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့် နေ့တွင် မွန်လူငယ်အဖွဲ့တို့က မော်လ မြိုင်အရှေ့ခြမ်း ဇာသပြင်ကျေးရွာရှိ ရဲစ ခန်းအပါအဝင် ဂျိုင်းမြစ်တစ်လျှောက် ကျေးရွာကြီးတွင်ရှိသည့် ကာကွယ်ရေး လက်နက်များကို စီးနင်းသိမ်းပိုက်ခဲ့ရာမှ မွန်တော်လှန်ရေး အစပျိုးခဲ့သည်ဟု သိရ သည်။
အဆိုပါ မွန်တော်လှန်ရေးအစပျိုး ခဲ့သည့် ဝါခေါင်းလပြည့်နေ့ကို မွန်တော် လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး မွန်ပြည် သစ်ပါတီနှင့် မွန်ပြည်သူတို့က နှစ်စဉ် နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။