တနင်္သာရီတိုင်း၏ ပထမဆုံးရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်း ပွင့်လင်းရာသီတွင် စတင်နိုင်ရန် မျှော်မှန်း

0
402

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာ တွင် တည်ထောင်နေသည့် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း(CBT ) ကို လာမည့်ပွင့်လင်းရာသီတွင် စတင်နိုင်ရန် မျှော်မှန်းထားကြောင်း တိုင်းအစိုးရအဖွဲ့မှ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

ယင်းရပ်ရွာလူထုအခြေပြု ခရီး သွားလုပ်ငန်းတွင် တည်းခိုဆောင်များ၊ စားသောက်ဆိုင်များ၊ ဒေသတွင်း ငါး ဖမ်းလုပ်ငန်း လေ့လာရေးခရီးစဉ်များ၊ ကျွန်းခရီးစဉ်များ ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
“ပွင့်လင်းရာသီစနိုင်မယ် မျှော်မှန်း ထားတယ်၊ အတိအကျတော့ လုပ်ငန်း ပြီးစီးမှုပေါ်မှာပဲ ပြောလို့ရမှာ”ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်း၏ ပထမဆုံးသော ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဖြစ်လာမည့် ယင်းခရီးသွားလုပ်ငန်းကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်ခရီးသွားဝန်ကြီးဌာန၊ တိုင်း အစိုးအဖွဲ့တို့က မတည် တည်ထောင်ပေး ထားကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

ရပ်ရွာလူထုအခြေပြုခရီးသွားလုပ် ငန်းတွင် ရပ်နီးရပ်ဝေးအပြင် နိုင်ငံခြား ခရီးသွားများကို ပစ်မှတ်ထားနိုင်သော ကြောင့် လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံ များက ဝန်ဆောင်မှုကောင်းကောင်းပေး နိုင်ရန်နှင့် သန့်ရှင်းသန့်ရပ်မှုရှိရန်၊ စိတ် သဘောထားကောင်းကောင်းထားနိုင်ရန် လိုအပ်ကြောင်း Sky Light  ခရီးသွား ကုမ္ပဏီမှ ဒေါ်မိုးမိုးသူက ပြောသည်။
“ဒေသခံတွေက စေတနာကောင်းရှိ ဖို့ လိုတယ်ပေါ့။ နို့မဟုတ်ရင် လုပ်ထား သမျှ သဲထဲရေသွန် ဖြစ်ကုန်မယ်”ဟု ဒေါ်မိုးသူက ပြောသည်။

CBT လုပ်ငန်းများကို စမ်းလှမ်း ကျေးရွာအပြင် ကျွန်းစုမြို့နယ်ရှိ ဒုံး ညောင်မှိုင်းကျေးရွာနှင့် ကော့သောင်း မြို့နယ်ရှိ မကြုံကလက်ကျေးရွာတို့တွင် လည်း အကောင်အထည်ဖော်ရန် တိုင်း အစိုးရက စီစဉ်လျက်ရှိသည်။