မွန်ပါတီပေါင်းစည်းမှု နောက်ဆုံးအခြေအနေ မြို့နယ်အလိုက် လူထုရှင်းလင်းပွဲ ပြုလုပ်

0
497

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုး သားကိုယ်စားပြုပါတီတို့ ပေါင်းစည်းမှု နောက်ဆုံး အခြေအနေနှင့် ပတ်သက်ပြီး လူထုရှင်းလင်းပွဲများကို မြို့နယ်အလိုက် ကျင်းပလျက်ရှိကြောင်း ပါတီကိုယ်စား လှယ်တို့ထံမှ သိရသည်။
ထို့အပြင် အဆိုပါ လူထုရှင်းလင်း ပွဲများတွင် ပါတီအမည်သစ်ကို ပြည်သူ လူထုက ရွေးချယ်နိုင်ရန် လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

လူထုရှင်းလင်းပွဲများကို ဩဂုတ်လ ဒုတိယ အပတ်ကစပြီး မြို့နယ်အလိုက် ပြုလုပ်လျက်ရှိပြီး ဩဂုတ်လ ၂၁ ရက် အထိ ပေါင်၊ ရေးနှင့် မုဒုံမြို့နယ်တို့တွင် ပြုလုပ်ပြီး ဖြစ်သည်။
“တစ်လအတွင်းမှာ ပါတီအမည် သစ်တစ်ခု အတည်ပြုသွားမယ်”ဟု မွန်ပါတီပေါင်းစည်းရေး ကော်မတီ ခေါင်းဆောင် နိုင်လရီတမက ပြောသည်။

ပါတီအမည်သစ် ရွေးချယ်အတည် ပြုပြီးပါက မွန်ပါတီပေါင်းစည်းရေး အခမ်း အနား သို့မဟုတ် ပါတီသစ် မိတ်ဆက် သည့် အခမ်းအနားကျင်းပမည် ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် မွန် ၃ ပါတီပေါင်းစည်းပြီး ပါတီအသစ်တစ်ခု ဖွဲ့စည်း တည်ထောင်ကြောင်းကို တရားဝင် ကြေညာသွားမည်ဟု နိုင်လရီတမက ပြောသည်။

“အများစုက လိုလားနေကြတဲ့ ပါတီပေါင်းစည်းမှုက အထမြောက်တော့ မယ်လို့ ပြောလို့ရသွားပြီပေါ့လေ။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့က ကြိုဆိုတယ်၊ ဘာလို့လဲဆိုတော့ မွန်တွေ ညီညွတ်မှ မွန်တွေအတွက် အင်အား ဖြစ်မယ် လာမယ့်ရွေးကောက်ပွဲအတွက် လည်း မျှော်လင့်လို့ရတာပေါ့”ဟု မုဒုံ မြို့နေ နိုင်မွန်ချမ်းက ပြောသည်။
ပါတီသစ်အတွက် အမည် ၁၃ ခုကို မွန်လူထုတို့အား ချပြလျက်ရှိကာ မွန်ပြည်သူအများစုမှ ရွေးချယ်လာသည့် ပါတီအမည်ကို ရွေးချယ် အတည်ပြု သွားမည် ဖြစ်သည်။