ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ် စိုက်သူများကို ချေးငွေ ထုတ်ချေးမည်

0
572

တနင်္သာရီတိုင်းအတွင်းရှိ ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ် စိုက်တောင်သူများကို စိုက်ပျိုးစရိတ်၊ ထုတ်လုပ်မှုစရိတ်အဖြစ် ချေးငွေ တစ်ဧက ကျပ်ငါးသောင်း ထုတ် ချေးပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ပြီး မိုးစပါးချေးငွေကဲ့သို့ တစ်နှစ် လျှင် တစ်ကြိမ် နှစ်စဉ်ထုတ်ချေးပေး မည်ဖြစ်ကြောင်း အထက်ပါဘဏ် မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။

ချေးငွေကို အများဆုံး ဆယ်ဧက အထိ ထုတ်ချေးမည်ဟု သိရသည်။
“အခုချေးမယ်ဆို အခုစာရင်းလာ တင်လို့ ရပြီ။ လိုအပ်တဲ့စာရွက်စာတမ်း ကိစ္စဘယ်လို လုပ်ရမလဲဆိုတာတွေ ပြောပြပေးမယ်”ဟု ဒေါ်လဲ့လဲ့သန်းဌေးက ဩဂုတ်လ ၂၁ ရက်က ပြောသည်။
အတိုးနှုန်းမှာ တစ်နှစ်လျှင် ကိုးရာခိုင် နှုန်းသတ်မှတ်ထားပြီး အတိုးကို သုံးလ တစ်ကြိမ်၊ အရင်းကို ခြောက်လတစ်ကြိမ် သီးနှံပေါ်ချိန်တွင် ပြန်ဆပ်ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ချေးငွေအတွက် ဥယျာဉ်ခြံ လုပ်ကိုင် ခွင့်လက်မှတ် (ပုံစံ-၇) မူရင်းနှင့် အိမ်ကဲ့ သို့သော မရွှေ့ပြောင်းနိုင်သည့် ပစ္စည်း တစ်ခုခုကို အပေါင်ထားရမည် ဖြစ် ကြောင်း ၎င်းက ပြောသည်။
တိုင်းအတွင်း ဥယျာဉ်ခြံစိုက်သည့် တောင်သူအများစုတွင် ပုံစံ (၇) မရှိသူ သာ များသောကြောင့် ချေးငွေကို တောင်သူ အားလုံး ချေးယူနိုင်အောင် ပုံစံ(၇) များ ထုတ်ပေးနိုင်ရန် အစိုးရဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း ထားဝယ်ခရိုင်အတွင်းရှိ တောင်သူအချို့ က ပြောသည်။

“ဒီနှစ်မှာ ပုံစံ(၇)မရှိလို့ ချေးခွင့် မရဘူးဆိုရင် လာမယ့်နှစ်မှာ ချေးနိုင် အောင် လုပ်ပေးစေချင်တယ်”ဟု လောင်းလုံး မြို့နယ် ညင်းမော်ကျေးရွာမှ ရော်ဘာ နှင့် ကွမ်းစိုက်တောင်သူ ဦးကြည်ဦးက ဆို သည်။ ယင်းချေးငွေများကို ပြည်ပပို့ ကုန်များ မြင့်တက်လာစေရန်အတွက် ထုတ်ချေးရခြင်းဖြစ်ကြောင်း သိရသည်။