ဝါတွင်း သေရည်ရှောင်သူများ

0
1097

ဝါဆိုလ အစ ဝါဝင်ပြီဆိုသည်နှင့် အရက်အိုးအချို့ အရက်ရှောင်သည့် အလေ့အထ မြန်မာနိုင်ငံတွင် ရှိပါသည်။
အချို့က ရပ်ရွာဘုန်းတော်ကြီး ဆရာတော်ထံသွားကာ သီလယူပြီး အရက်ရှောင်ကြောင်း လျှောက်ထား ကြသည်။
“ဝါတွင်းကာလအတွင်း အရက် သေစာ သောက်စားခြင်းမှ ရှောင်ကျဉ်ပါ ၏ ဘုရား”
အချို့ဆရာတော်တို့က အရက် ရှောင်သူကို ခမဲကြိုး (အပ်ချည်ကြိုး) ချီးမြှင့်တတ်သည်။ အရက်ရှောင်သူတို့က ထိုအပ်ချည်ကြိုးကို အနေတော် ခေါက် ကာ လက်ကောက်ဝတ်တွင်သော်လည်း ကောင်း လည်ပင်းတွင်သော်လည်း ကောင်း ချည်ထား၊ ဆွဲထားတတ်ကြ သည်။

အချို့ကလည်း မိမိကိုယ်မိမိ ကတိပေးကာ အရက်ရှောင်ကြသည်။ ဝါတွင်းကာလ အရက်ရှောင်ခြင်းကို နှစ်စဉ်နှစ်တိုင်း မပျက်မကွက်ပြုလုပ်လာ သည်မှာ ၁၀ နှစ်ခန့် ရှိနေပြီဖြစ်သော မြိတ်မြို့၊ မြို့သစ်ရပ်မှ အသက် ၅၃ နှစ်ရှိ ဦးမင်းစိုးသည်လည်း မိမိကိုယ်မိမိ ကတိပေးကာ အရက်ရှောင်နေသည်။
“ကိုယ့်အသိစိတ်နဲ့ ကိုယ်နားတာ။ စိတ်ကိုနိုင်ဖို့လိုတယ်။ နားလိုက်ခြင်း အားဖြင့် လူကပိုပြီးလန်းလန်းဆန်းဆန်း ဖြစ်လာတယ်။ အိပ်ရေးလည်းဝလာ တယ်”ဟု ဦးမင်းစိုးက ပြောသည်။

ထိုသို့ အရက်ကို စိတ်ခိုင်စိတ်နိုင်စွာ ရှောင်သူအချို့က အရက်ဝိုင်းများကို လုံးဝ မသွားတော့ခြင်းမျိုး မဟုတ်ဘဲ သူငယ်ချင်းများ၏ အရက်ဝိုင်းသို့ သွားထိုင်ခြင်း၊ စကားစမည် ပြောခြင်း၊ အမြည်းဝင်စားခြင်းတို့ ပြုတတ်ကြ သည်။
ဝါတွင်းအရက်ရှောင်သူတို့၏ မိသားစုဝင်တို့ကလည်း မိမိလင် ယောက်ျား၊ မိမိဖခင် အရက်မသောက် ပါက ပျော်နေတတ်ကြသည်။
ယောင်္ကျားဖြစ်သူ အရက်ဖြတ်ထား ပါက တစ်နေ့ဝင်ငွေကိုတစ်နေ့ မပွန်းမပဲ့ အိမ်ပြန်ပါလာတတ်သောကြောင့် အိမ် အတွက် အဆင်ပြေပြီး သားသမီးတို့ကို ဆူပူအော်ငေါက်မှု မရှိတော့ခြင်းအတွက် သူရော သားသမီးတွေပါစိတ်ချမ်းသာ ရကြောင်း ပန်းရံလုပ်သား၏ ဇနီးဖြစ်သူ မြိတ်မြို့ အင်းလေးမြိုင်ရပ်ကွက်တွင် နေထိုင်သည့် မပွင့်က ပြောသည်။
“ဖြစ်နိုင်ရင် ကျမက ဝါတွင်းကုန် သွားမှာကို စိုးရိမ်တယ်။ သူတို့ကတော့ မြန်မြန်ကုန်စေချင်ကြမယ်ပေါ့”ဟု မပွင့် က ပြောသည်။
ဝါတွင်း အရက်ရှောင်သူတို့က နှစ်ချီ အရက်သောက်လာသူတို့ အရက်ကို ရုတ်တရက်ဖြတ်ပါက ဖြစ်တတ်သည့် ထုံးစံအတိုင်း အရက်စရှောင်သည့် နေ့များတွင် ပျို့ခြင်း၊ အန်ခြင်းများ ဖြစ် တတ်သည်။

ထိုခံစားချက်နှင့်အတူ အလုပ်ပင် ပန်းမှုပါ ထပ်ဆောင်းခံစားရသောအခါ အချို့ အရက်ရှောင်သူများက စိတ် မနိုင်တတ်ကြပေ။ အရက်ကို ဝါတွင်း ဖြတ်မည်ဟု ဆုံးဖြတ်ထားပြီးမှ ပြန် သောက်မိတတ်ကြသည်။
ဝါတွင်းကာလရောက်တိုင်း အရက် မသောက်သည်မှာ ၆ နှစ်ခန့်ရှိနေပြီဖြစ် သော်လည်း တစ်ခါတစ်ရံ ကျန်းမာ ရေးအရ ပြန်သောက်မိသည့်နေ့ရှိကြောင်း ကော့သောင်းမြို့၊ ဇေယျာသီရိရပ်ကွက် နေ လှေဆောက် လက်သမားတစ်ဦး ဖြစ်သူ အသက် ၄၈ နှစ်ရှိ ဦးသိန်းမြင့်က ပြောသည်။

“တနေကုန် မိုးထဲရေထဲလုပ်ရ တယ်ဆိုတော့ ညောင်းညာကိုက်ခဲဒဏ် မခံနိုင်ဘူး။ ပြန်သောက်လိုက် လေးငါး ရက်လောက် ပြန်နားလိုက်ပေါ့။ ပေါ့ပေါ့ပါးပါးလုပ်ရတဲ့ အလုပ်မျိုး ဆိုရင် တော့ဝါတစ်တွင်းလုံး နားနိုင်မယ်လို့ထင် တယ်။ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆို တော့လည်း ကျန်းမာရေးအတွက် သောက်မိတာပဲ”ဟု ဦးသိန်းမြင့်က ပြောသည်။
ညနေ အလုပ်ပြီးချိန်တိုင်း ဆိုင်တစ်ဆိုင်တွင် လုပ်ဖော်ကိုင်ဖက်များ၊ အပေါင်းအသင်းများနှင့် ဝိုင်းစုသောက် သည့်အကျင့်က ဝါတွင်းတွင် အတော်ပင် ဖျောက်ရခက်ကြောင်း ၎င်းက ညည်းညူ သည်။

ဝါတွင်း အရက်ရှောင်ရန် ဆုံးဖြတ် ထားပြီး ပြန်သောက်သူတို့ အဓိက အကြောင်းပြတတ်သည်က ]]ကျန်းမာ ရေး}}။ အရက်ကို အသက် ၂၀ အရွယ်က တည်းက စသောက်ခဲ့သည်ဆိုသော် ထားဝယ်မြို့နယ် ကျောက်ရပ် ကျေးရွာ မှအသက် ၆၁ နှစ်ရှိပြီဖြစ်သော ဦးကျော်ဝင်းသည်လည်း ယခင်က အရက်ဖြတ်ဖူးသော်လည်း ယခု မအောင် မြင်တော့ပါ။

“ဒီနှစ်လည်း အရက်ဖြတ်ဖို့ လုပ် သေးတယ်။ ဒါပေမဲ့ သုံးရက်လောက်ပဲခံ တယ်။ အရက်မသောက်ရင် ကိုယ်တွေ လက်တွေအေးစက်လာလို့ ကျန်းမာရေး အရပြန်သောက်နေတယ်”ဟု ဦးကျော်ဝင်း က ပြောသည်။
အချို့ကလည်း လုံးဝတုံးတိ မဖြတ်သော်လည်း လျှော့သောက် ကြသည်။ ဥပုသ်နေ့ အရက်ရှောင်ကြ သည်။
မည်သို့ဆိုစေ မိမိတို့ဝန်းကျင်ရှိ အရက်အိုးကြီးများက ဝါတွင်းကာလ အရက်ကို ခိုင်မာပိုင်နိုင်စွာ ရှောင်နိုင် သည်ကို တွေ့မြင်ရသည်မှာ ကြည်နူး စရာတစ်ခုပင်။

ထိုသို့ အရက်ကို လုံးဝရှောင်နိုင် သူတို့၏ မိသားစုဝင်များကမူ ဝါတွင်း ကာလက တိုတောင်းလှသည်ဟု ယူဆကြလိမ့်မည်။
“စိတ်ထဲမှာ ဝါတွင်း အရက်ဖြတ်ရာ ကနေပြီး တစ်သက်လုံး အရက်ပြတ် သွားရင် ကောင်းမယ်လို့ တွေးမိတယ်။ ဒါပေမဲ့ သူတို့က ဝါထွက်တဲ့နေ့မှာပဲ အရက်ဆိုင်ရောက်နေပြီ”ဟု ထားဝယ် မြို့နယ် ကျောက်ရပ်ကျေးရွာမှ ဒေါ်လှဝင်းက ပြောသည်။
ဝါတွင်းကာလ အရက်ရှောင်သူထဲမှ ယာမကာလုလင် အချို့က ဝါထွက်သည့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် နေ့ကို တိတ်တိတ်ကလေး မျှော်ကောင်း မျှော်နေပါလိမ့်မည်။