မြိတ်တက္ကသိုလ် ကထိကတစ်ဦး၏ အကောင့်အတုဖြင့် ငွေလိမ်တောင်း

0
468

မြိတ်တက္ကသိုလ် ရူပဗေဒဌာနမှ ကတိကတစ်ဦး၏ လူမှုကွန်ရက်စာမျက် နှာ(Facebook ) အကောင့်အတုဖြင့် ဩဂုတ်လ ၁၄ ရက်နေ့က တက္ကသိုလ် ကျောင်းသား/သူအချို့ထံမှ ငွေလိမ် တောင်းခံခဲ့သည်။

ကထိက ဒေါက်တာဆန်းလွင်၏ အကောင့်အတုဖြင့် ရူပဗေဒနောက်ဆုံးနှစ် ကျောင်းသူတစ်ဦးထံမှ ငွေကျပ် သုံး သောင်းနှင့် ပထမနှစ် ကျောင်းသားတစ်ဦး ထံမှ ငွေကျပ် တစ်သောင်းလိမ်တောင်းခဲ့ ကြောင်း ယင်းကျောင်းသားများက ပြော သည်။
“ကျောင်းသားက ဖုန်းလှမ်းဆက် လို့မှ သိရတယ်”ဟု ကထိက ဒေါက်တာ ဆန်းလွင်က ပြောသည်။

ငွေကြေး အမြန်လိုသည်ဟုဆိုကာ ကထိက၏ အကောင့်သစ်ပုံစံဖြင့်Messenger  မှ တစ်ဆင့် မင်းခန့်ကျော် ဖုန်း- ၀၉-၇၇၉၈၆၅၄၈၁ ထံ ဆက်သွယ် ၍ ငွေကျပ်သုံးသောင်း ပို့ပေးရန် ပြောခဲ့ ကြောင်း ရူပဗေဒ နောက်ဆုံးနှစ် ကျောင်းသူ မစိုးယုယုမွန်က ပြောသည်။
ကထိကဒေါက်တာဆန်းလွင်၏ အကောင့်အစစ်မဟုတ်သည်ကိုMessenger မှ စကားပြောရင်း ရိပ်မိခဲ့သဖြင့် ငွေကို သွားမပို့ပေးဘဲ အတန်း ခေါင်းဆောင်ထံ သို့ ဖုန်းဖြင့် အသိပေး အကြောင်းကြား ခဲ့ကြောင်း မစိုးယုယုမွန်က ပြောပြသည်။
အကောင့်အတုမှ ပေးထားသည့် ဖုန်းနံပါတ်အား ဆက်သွယ်ခဲ့ရာ ဖုန်း စက်ပိတ်ထားကြောင်း ဒေါက်တာ ဆန်းလွင် နှင့် ကျောင်းသားများထံမှ သိရသည်။

ကထိက၏ဓာတ်ပုံဖြင့်  Hsan Lwin နာမည်အသုံးပြုထားသည့် အကောင့် အတု မှ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးများ တောင်းခံလာပါက မပေးကြရန် ကထိက ဒေါက်တာဆန်းလွင်က ပြောသည်။
မြိတ်တက္ကသိုလ်တွင် အဆိုပါ ဖြစ်စဉ်ကဲ့သို့ ယခင်ကလည်း ဖြစ်ပွားခဲ့ ဖူးကြောင်း တက္ကသိုလ်အသိုင်းအဝိုင်း ထံမှ သိရသည်။