စိုက်ပျိုး၊ မွေးမြူရေးသမားများအား ရင်းနှီးငွေ ကျပ်သိန်း ငါးထောင်အထိ ထုတ်ချေးမည်

0
453

ယခုနှစ်မှစပြီး တိုင်းအတွင်း စိုက် ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်နေသူများ လိုအပ်သော ရင်းနှီးငွေ တစ်ဦးလျှင် ကျပ်သိန်း နှစ်ရာမှ သိန်းငါးထောင်အထိ ထုတ်ချေးမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ပြော သည်။

ယင်းချေးငွေကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေသူ တစ်ဦးချင်း သို့မဟုတ် ကုမ္ပဏီက ထုတ်ချေးနိုင်ပြီး အိမ်၊ မြေကဲ့သို့ မရွှေ့ ပြောင်းနိုင်သော ပစ္စည်းတစ်ခုခုကို အပေါင်ထားကာ ထုတ်ချေးရမည်ဖြစ် ကြောင်း ဒေါ်လဲ့လဲ့သန်းဌေးက ပြော သည်။
ကျပ်သိန်း ငါးရာအထိ ချေးငွေကို ၃ နှစ် အရစ်ကျ၊ ကျပ်သိန်း ငါးရာနှင့် အထက်ကို အများဆုံး ငါးနှစ်အထိ အရစ်ကျ စနစ်ဖြင့် ပြန်ဆပ်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် အတိုး ကိုးရာခိုင်နှုန်းသတ် မှတ်ထားကြောင်း ၎င်းက ပြောသည်။

“ချေးတဲ့သူတွေအနေနဲ့ အတိုးက တော့ သုံးလတစ်ကြိမ်သွင်းရမယ်၊ အရင်းကတော့ ခြောက်လတစ်ကြိမ် ပုံမှန်သွင်းပေးနိုင်ရမယ်။ တိတိကျကျ သိချင်ရင်တော့ မြို့နယ် (လယ်ယာဖွံ့ဖြိုး ရေးဘဏ်)တွေမှာ စုံစမ်းလို့ရတယ်”ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ ချေးငွေထုတ်ချေးခြင်း အားဖြင့် စိုက်ပျိုး၊ မွေးမြူရေးသမားများ လုပ်ငန်းပိုချဲ့ထွင် လုပ်ကိုင်နိုင်လာမည် ဖြစ်ကြောင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး၊ မွေးမြူရေး လုပ်ကိုင်နေသူအချို့က ပြောသည်။
“အရင်းအနှီးနည်းတဲ့သူတွေကို ဒီလိုထုတ်ချေးပေးတာ တော်တော်ကို ကောင်းတယ်။ အပြင်မှာ ချေးမယ်ဆို အတိုးကြီးတော့ ကိုယ်လုပ်စားထားတာ သူတို့ (ငွေချေးသူ) ကို လုပ်ကျွေးနေရ သလို ဖြစ်နေတယ်” ဟု ထားဝယ်မြို့ ဇဟာကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး၊ မွေးမြူရေးလုပ်ကိုင်နေသူ ဦးမောင်လေးက ဆိုသည်။

အိမ်နီးချင်းနိုင်ငံတို့မှ တင်သွင်း နေသည့် ကြက်၊ ဝက် စသည့် သွင်းကုန်များ လျော့ကျလာစေရန်နှင့် ရော်ဘာ၊ ကွမ်းသီးကဲ့သို့ ပို့ကုန်လုပ်ငန်း များ ပိုမိုတိုး တက်လာစေရန်အတွက် ယင်းကဲ့သို့ ချေးငွေ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း တိုင်းမြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။