မိုးရေထဲမှာ

0
761

မိုးသည်းချိန်များတွင် မြိတ်မြို့၊ မြို့သစ်ရပ်မှ ကိုကျော်အောင်တစ်ယောက် ကိုင်ဇာသီချင်းဖြင့် မိုးရေခံချိုးခဲ့သည့် ငယ်ဘ၀ကို သတိရနေသည်။
“မိုးရွာရင် မိုးရေချိုးမယ်၊
မေမေလာရင် နို့စို့မယ်၊
ဖေဖေလာရင် အုန်းသီး ခွဲစားမယ် …”

ထိုသီချင်းစာပိုဒ်မှာ ယခုအခါ အသက် ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်သော ကိုကျော်အောင်နှင့် ရွယ်တူများ ကလေးဘ၀က မိုးရေခံချိုးကြစဉ် ကလေးတိုင်းနီးပါး အော်ဆိုခဲ့ကြသည့် သီးချင်းစာပိုဒ် ဖြစ်ခဲ့သည်။
ထိုသို့ မိုးရေခံချိုးစဉ်တွင် ကလေး များက အပြေးသန်သည့်အရွယ်ထိ ကျား ကျားမမ ကိုယ်တုံးလုံး။ အနည်းငယ် ရှက်တတ်သည့်အရွယ်ရောက်မှ ဘောင်း ဘီတိုလေး ဝတ်ကြသည်။ အပျိုဖျန်း လေးဆိုက အပေါ်အင်္ကျီလေးနှင့် မိုးရေခံ ချိုးကြသည်။
မိုးရေခံချိုးရာတွင် ရိုးရိုးမိုရေခံ ချိုးပါက ရေအဆင်းကြမ်းသည့် အိမ် တံစက်မြိတ်များက ကလေးတို့ ကြိုက် သည့်နေရာ။
“တတိယတန်းလောက်ထိ ကိုယ်တုံး လုံးနဲ့ မိုးရေခံချိုးဖူးတယ်။ ရေတံလျှောက် တွေ၊ တံစက်မြိတ်တွေကနေ ရေများများ ကျနေတဲ့အိမ်တွေ လိုက်ရှာပြီး ခံချိုးကြ တာ”ဟု လောင်းလုံးမြို့နယ် ဝေဒီရွာမှ အသက် ၂၆ နှစ်အရွယ် ကိုကျော်သူစိုးက ပြောသည်။
ကလေး အတော်များများက မိုးရွာ ထဲ ရိုးရိုး မိုးရေခံချိုးရုံသပ်သပ်က ရှား သည်။

မိုးရေထဲ တနည်းနည်း ဆော့ကြ ရင်း မိုးရေအကြာကြီး ချိုးကြသည်က များသည်။
ငယ်ငယ်က မိုးရွာလျှင် အများအား ဖြင့် ဘောလုံးကန်ကြပြီး ဘော်လီ ဘောရိုက်၊ ရွံ့တွေနှင့် စစ်တိုက်တမ်း ကစား၊ မိုးရွာထဲ အပြေးပြိုင်၊ ထုတ်ဆီး ထိုး၊ ဒီတုတ်စသဖြင့် ကစားကြကြောင်း အသက် ၇၀ အရွယ်ရှိပြီဖြစ်သော မြိတ် မြို့နယ် သစ်ယာဝ ရွာသား ဦးအင်ရှိန်က ပြောပြသည်။
“ကစားပြီးလို့မောရင် လယ်ထဲက ရေကိုပဲ လက်ခုပ်လေးနဲ့ အမှိုက်တွေ စပါး ပင်တွေဖယ်ပြီး သောက်ကြတယ်”ဟု ဦးအင်ရှိန်က ပြောသည်။

ဦးအင်ရှိန်တို့ သူငယ်ချင်းတစ်သိုက် လေးတန်းကျောင်းသားဘ၀က မိုးရာသီ မိုးရွာချိန်များဆိုက ကျောင်းလွှတ် သည်နှင့် အိမ်တန်းမပြန်ကြ။ ရွာသင်္ချိုင်း ဖက်၊ သဲတန်းဖက်တွင် ဘောလုံးကန်ချင် ကန်မည်။ ရေကူးချင်ကူးမည်။
“ရေကူးပြီးပြန်တက်လာရင် တချို့ က ဘောင်းဘီတွေ လုံချည်တွေ မရှိတော့ ဘူး။ ကျောင်းသားတချို့က နောက် ပြောင်ပြီး ဝှက်ထားခဲ့တာ။ ရှာလို့တွေ့ ရင်တွေ့၊ မတွေ့ရင်တော့ မိုးချုပ်အောင် ထိုင်စောင့်ပြီးမှ ကိုယ်တုံးလုံးနဲ့ ရွာလယ် က ဖြတ်ပြေးရတယ်။ အိမ်ရောက်တော့ ကြိမ်လုံးစာမိတာပေါ့” ဟု ဦးအင်ရှိန်က ပြောသည်။

မိုးရာသီတွင် မိုးရေထဲ တီထွင် ဆန်းသစ်စွာ ဆော့လိုသူတို့က မိုးခြိမ်း သံကြားသည်နှင့်၊”မိုးစမိုးန”ရသည်နှင့် ဝါပင်၊ ရေငန်းပင် စသည့် ရေတွင်ပေါ် သည့် သစ်ပွပင်များ လိုက်ရှာကြသည်။ မြို့တွင်းဆိုက ဖော့တုံးများ ရှာသည်။
လှေငယ်လုပ်ရန် ဖြစ်သည်။ မလုပ် တတ်လျှင် တတ်သူထံမျက်နှာငယ်လေးဖြင့် အပူကပ်လုပ်ခိုင်း ကြသည်။
လှေပုံစံမျိုးစုံလုပ်ပြီး ရေလျှံလမ်းမ ပေါ်၊ လမ်းဘေးမြောင်း၊ ချောင်းငယ်၊ အိုင်ငယ် စသဖြင့် မိမိလှေနှင့် သင့်တော် သောနေရာတို့တွင် လွှတ်ကြသည်။ သူ့လှေငါ့လှေ အလှပြိုင်၊ အကြီးပြိုင်၊ အမြန်ပြိုင်ကြသည်။

အချို့က ဖယောင်းတိုင်ထွန်း အပူပေးမောင်းရတဲ့ ရယ်ဒီမိတ် သံလှေ ငယ်များကို ဝယ်လွှတ်ကြသည်။
ထိုအချိန်က လှေငယ်ကို စက်တပ် နိုင်သူက ကလေးဗိုလ် ဖြစ်ပါသည်။
လှေတွင် စက်တပ်ချင်လျှင် ကက်ဆက် ပျက်က မော်တာကို ဖြုတ်ပြီး ဝင်ရိုးနှင့် ပန်ကာတပ်ရသည်။ ထိုအချိန်က မော်တာတစ်လုံးရဖို့က တစ်ခေတ်တခါ က မလွယ်လှ။ မော်တာလည်စေရန် ဓာတ်ခဲကို လှေဝမ်းထဲထည့်ပြီး မီးကြိုး ချိတ်မောင်းရသည်။
စက်တပ်သစ်ထွင်းလှေကလေး ပိုင်ဆိုင်သော မြိတ်မြို့မှ ကိုကျော် အောင်က လှေလွှတ်ရင်း ဓါတ်ခဲအားကုန် လျှင် သူ့အဖေရေဒီယိုထဲ၊ လက်နှိပ် ဓာတ်မီးထဲက ဓာတ်ခဲအသစ်များကို အဟောင်းနဲ့လဲထည့်ပြီး ဆော့ခဲ့ဖူး ကြောင်း ဖွင့်ဟသည်။

“ခုတော့လည်းမိုးတွေတအုန်းအုန်း ရွာရင် ငယ်ငယ်ကဘ၀လိုပြန် ဖြစ်ချင် တယ်၊ ပြန်ဆော့ချင်တယ်”ဟု ကိုကျော်အောင်က ပြောသည်။
ယခုအချိန်တွင်ကား ကိုကျော် အောင်တို့ခေတ်ကကဲ့သို့ မိုးရေထဲ ဆော့သူ ရှားလာလေပြီ။ မိုးရေထဲ လှေ လွှတ်နေသည့်ကလေးများ၏ မြင်းကွင်း မျိုး တော်ရုံ မတွေ့ရတော့။
တို့အတူ မိုးရွာထဲ စိတ်လွတ်လက် လွတ် ပျော်မြူးရွှင်ပျနေသော ကလေး တို့၏ကို တွေ့ရခဲလာလေပြီ။
အချို့မိဘများကလည်း ကျန်းမာ ရေး၊ လုံခြုံရေးစသည့် အကြောင်းပြ ချက်ဖြင့် ကလေးတို့၏ မိုးရေခံချိုးခြင်း၊ မိုးရွာထဲ ဆော့ခြင်းတို့ကို ကန့်သတ် လာကြသည်။

ကလေးများကက မိုးရေထဲဆော့ ချင်သော်လည်း ကလေးတို့ ကျောင်းက ပြန်လျှင် ကျူရှင်က စောင့်နေခြင်း၊ ဆော့ရန် ကွင်းပြင် ရှာပါးလာခြင်းတို့က မိုးရေထဲ ကလေးတို့ကို မတွေ့ရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ကြောင်း ကိုကျော်အောင်က သုံးသပ်သည်။
“ဆော့ရမဲ့နေရာတွေ မြေလွတ် မြေလပ်တွေကလည်း ရှိမှ မရှိတော့တာ”ဟု ၎င်းက ဆိုသည်။
ထို့အတူ..၊
“မိုးရွာရင် မိုးရေချိုးမယ်၊
မေမေလာရင် နို့စို့မယ်၊
ဖေဖေလာရင် အုန်းသီးခွဲစားမယ်..”ဆိုသည့်သီချင်း မိုးရေထဲ အော်ဆိုသံ လည်း ကြားရခဲလှတော့သည်။