မမှားသော အစိုးရ မရှိ

0
489

“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား”မရှိဘူးဆိုတာတော့ ကြားဖူး ခဲ့ပါတယ်။ အခုတော့ “မမှားသော အစိုးရဆိုတာ မရှိပါဘူး” ဆိုတာ ထပ်ကြားရပါတယ်။ ဖြစ်နိုင်ပါတယ်။ အစိုးရတွေက မှားနိုင်ပါတယ်။ ဒါကြောင့် ပဲ အထိန်းအထေ(check and balance) တွေ လုပ်ထားရတာ ဖြစ်ပါတယ်။

ဒီနေရာမှာ အစိုးရနဲ့ ပတ်သက်လို့ စဉ်းစားပုံကွဲတာတွေကို အနည်းငယ်ဆွေး နွေးလိုပါတယ်။ အဓိကကတော့ လူကို ရှုမြင်ပုံ ကွဲတဲ့အပေါ် အခြေခံပါတယ်။ လက်တွေ့နိုင်ငံရေးဝါဒီ  (realist) တွေက တော့ လူသားသဘာဝ (human nature) ကို ရှုမြင်တဲ့နေရာမှာ လူသားတွေဟာ တကိုယ်ကောင်းဆန်တယ် (selfish)  မင်းမဲ့စရိုက်ရှိတယ် (anarchy)၊ တစ်ဦး အပေါ် ကျန်တစ်ဦးက ဗိုလ်ကျလွှမ်းမိုး ချင်တယ်(hegemony)၊ တိရိစ္ဆာန် ဆန်တဲ့ အရိုင်းစိတ်ရှိတယ် (animus dominandii)လို့ မြင်ကြပါတယ်။ အထူးသဖြင့်တော့ တွေးခေါ်ပညာရှင် ဟန်စ်မော်ဂန်သော (Hans Morgen-thau) ရဲ့စာအုပ် Politics amongst nations(နိုင်ငံများအကြားက နိုင်ငံရေး)ကို ကိုးကားပြောကြတာပါ။ အဲသည် တော့ သူတို့က နိုင်ငံတော်အစိုးရရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို မြင်ပါ တယ်။ ခိုင်မာတဲ့ နိုင်ငံတော်အစိုးရ ရရှိ မယ်လို့ မြင်ပါတယ်။(Strong gover-nment)။ အဲဒီမှာ အစိတ်အပိုင်းတွေ ရှိပါတယ်။

– အစိုးရ (Government) – အဲဒီ မှာ သူတို့ စဉ်းစားချက်က အစိုးရဟာ ရဲ၊ တရားဥပဒေစိုးမိုးရေးကို စွမ်းဆောင် နိုင်တယ်။ ထိရောက်တဲ့ အစိုးရအုပ်ချုပ် နိုင်စွမ်းရှိမယ်လို့ မြင်ထားပါတယ်။
– နောက်တစ်ခုက လူဦးရေ
– နယ်မြေ(terrority) ရှိရမယ်။
– စနစ်တကျ ဥပဒေစိုးမိုးမှု (order) ရှိရမယ်။ (သယ်ယူပို့ဆောင်ရေး ကွန်ရက်စနစ်များ၊ လူမှုဖူလုံရေး ထောက် ပံ့မှု ရှိရမယ်)
– ပြင်ပ ခြိမ်းခြောက်မှုရန်များကနေ နိုင်ငံသားများကို ကာကွယ်မှုပေးနိုင်ရ မယ်။
ဒါပေမယ့်လည်း လူဆိုတာဟာ မကောင်းဘူး၊ ဖောက်ပြန်တတ်တယ်ဆိုတဲ့ အမြင်တွေကြောင့် အပြန်အလှန် ထိန်းညှိ မှု (check and balance) လုပ်ရမယ် ဆိုတာမျိုးတော့ အသေအချာ ပြင်ဆင်ကြ ပါတယ်။

ဒုတိယအမြင်ကတော့ လစ်ဘရယ် ဝါဒ (Liberalism) တွေက အစိုးရအပေါ် အမြင်ပါ။ သူတို့က လူသားသဘာဝ (Human nature) အပေါ် အမြင်က အကောင်းမြင်ပါတယ်။ လူဆိုတာ ကောင်း တယ်။ လူဆိုတာ ကျိုးကြောင်းဆီလျော် စဉ်းစား လုပ်ဆောင်သူများလို့ မြင်ပါ တယ်။ လူသားဆိုတာ အခြားသူများရဲ့ အရေးကိစ္စကိုပါ စိုးရိမ်ပူပန်ပေးတတ် ကြသူများလို့လည်း မြင်ပါတယ်။ အဲဒါ အပြင် လူတွေလက်ခံကျင့်သုံးကြတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျင့်ဝတ်တွေ၊ တရား မျှတမှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ရှိကြတယ်လို့ မြင်ပါတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခုအကြား မင်းမဲ့၊ မစိုးမိုးနိုင်ဖြစ်နေရ တဲ့ အခြေအနေတွေကိုလည်း နိုင်ငံတကာ စနစ်တွေနဲ့ ရဲသဖွယ် ထိန်းကျောင်းနိုင် တယ်လို့လည်း မြင်ကြပါတယ်။ ပြစ်မှု(sin)၊ အကြမ်းဖက်မှု (violence) တွေ က လူသားတွေ အမူအကျင့်ကြောင့် ဖြစ် လာတဲ့ ထုတ်ကုန်များမဟုတ်ဘူး။ မိစ္ဆာ မကောင်းဆိုးဝါး အဖွဲ့အစည်းစနစ်များ (evil institutions) တို့ကြောင့် ဖြစ် လာတဲ့ကိစ္စများလို့ မြင်ပါတယ်။ ဒါ ကြောင့် ဒီအင်စတိကျူးရှင်းများကို ပြု ပြင်ဖို့ ကြိုးစားပါတယ်။

နောက်တစ်ခုကတော့ နှုန်းစံအခြေ ပြုဝါဒ(constructivists)တို့ရဲ့ အမြင် ပါ။ သူတို့ကတော့ နိုင်ငံရေးယဉ်ကျေးမှု (political culture)တွေက နိုင်ငံတစ်ခုနဲ့ တစ်ခု မတူဘူး။ နိုင်ငံတစ်ခုနဲ့တစ်ခု ဖြတ်သန်းခဲ့ရတဲ့ သမိုင်းတွေက မတူကြ ဘူး။ ဒီအခြေအနေတွေက အစိုးရပုံ သဏ္ဌာန်တွေကို ဖန်တီးတယ်လို့ မြင်ကြ ပါတယ်။ (State has identity.) သူတို့ ကတော့ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အချက်တွေကိုပါ အလေးပေးစဉ်းစားကြ ပါတယ်။ ဥပမာအားဖြင့်- လူ့အခွင့်အ ရေး၊ ရွှေ့ပြောင်းအခြေချမှု၊ ခရီးသွား လုပ်ငန်းများ၊ ဘာသာရေး၊ ဖွံ့ဖြိုးရေး၊ နည်းပညာ၊ ကျွမ်းကျင်မှုဆိုင်ရာ အဖွဲ့အ စည်းများ… ဒါတွေကလည်း အစိုးရစနစ် တွေကို ပုံသွင်းနေကြပါတယ်။

တာဝန်ယူ တာဝန်ခံမှု (Accountability)
အစိုးရဆိုတာ မှားနိုင်ပါတယ်။ မမှားသော အစိုးရမရှိဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအခါမှာ အစိုးရတွေကို အမှားနည်းအောင် အထိန်းအထေ(check and balance)နဲ့ ထိန်းကျောင်းရဖို့ ဖြစ် လာပါတယ်။ တာဝန်ယူတာဝန်ခံမှုဟာ အစိုးရကောင်းတစ်ခုဖြစ်ဖို့ နှလုံးသည်း ပွတ်သဖွယ် ဖြစ်တယ်လို့လည်း ဆိုကြ ပါတယ်။

တာဝန်ယူ တာဝန်ခံမှု (Accountability)က ဘာပါလဲ။ “တာ ဝန်ယူ တာဝန်ခံမှု” ဆိုတာ အစိုးရအရာရှိ တွေက ဆောင်ရွက်ကြတဲ့ လုပ်ဆောင်မှု များကို စောင့်ကြည့်ကြီးကြပ်မှု ရှိရမယ်၊ ခံနိုင်ရမယ်၊ အစိုးရရဲ့ ဆောင်ရွက်ချက် တွေဟာ ဖော်ပြထားတာတွေ (ကတိပြု ထားတာတွေ)နဲ့ လွဲနေသလား၊ ရည်မှန်း ချက်များကို ပြည့်မီသလား၊ အကျိုးရှိ စေရန် ရည်ရွယ်ထားတဲ့ လူထု-ရပ်ရွာ (beneficiaries) တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သလား… စသည်ဖြင့် တုံ့ပြန်တာမျိုး ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် “အာဏာလက် ကိုင်ရှိနေကြသူများ” (နိုင်ငံရေး၊ ငွေကြေး၊ အခြားပုံစံ)က သူတို့ရဲ့ လုပ်ဆောင်ချက် တွေအပေါ် တာဝန်ယူခြင်း၊ တာဝန်ခံခြင်း ပြုတာမျိုး ဖြစ်ပါတယ်။ လူတစ်ဦး အဖွဲ့ တစ်ခု၏ လုပ်ဆောင်မှုများကို အခြား တစ်ဦးက စောင့်ကြည့်နိုင်ရပါမယ်။ လမ်း ညွှန်အကြံပေးနိုင်ရပါမယ်။ သူတို့ လုပ် ဆောင်မှုတွေအပေါ်မှာ သတင်း၊ သို့မဟုတ် ရှင်းပြချက် (justification) ကို ရယူ နိုင်ရပါမယ်။

တာဝန်ယူ တာဝန်ခံမှု (Accounta-bility) အမျိုးမျိုး ရှိကြပါတယ်။ အစိုးရ ၏ တာဝန်ခံမှု(Public accountability) ဆိုတာ ရှိပါတယ်။ (ဒါကို အပေါ်သို့ တာဝန်ခံမှုလို့လည်း ခေါ်ပါတယ်) ဆိုလို တာက အစိုးရအာဏာပိုင်များ (အစိုးရ များ၊ ရွေးကောက်ခံ ကိုယ် စားလှယ်များ၊ ဒါမှမဟုတ် အခြားအစိုး ရဌာနများ)က အစိုးရရဲ့ တာဝန်ယူတာ ဝန်ခံမှုကို နည်းမျိုးစုံသော ယန္တရားစနစ်များက တစ်ဆင့် တာဝန်ခံမှု ဖြစ်ပါတယ်။ လွှတ်တော်အမတ်တွေကို မကြိုက်ရင် ပြန်ရုပ်သိမ်းလို့ရတဲ့ (Recall rights) ဆိုတာလည်း ဒီလိုနည်းနာထဲက တစ်ခု ဖြစ်ပါတယ်။

နိုင်ငံရေးအရ- တရားရေးအရ တာဝန် ယူ တာဝန်ခံမှု(Political and Legal accountability) ဆိုတာလည်း ရှိပါသေးတယ်။ လွှတ်တော် – တရားရေး ဌာန စသည်တို့က လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်ကြတာပါ။ ယေဘု ယျအားဖြင့် ထောင်လိုက် တာဝန်ခံမှုလို့ ခေါ်ကြပါတယ်။ (ထက်-အောက်သဘော တာဝန်ခံမှုပါ) သူတို့က ဖြေကြားဖို့ ဆင့် ဆိုနိုင်ပါတယ်။ အပြစ်ပေးနိုင်ပါတယ်။ ရာထူးက ဖြုတ်နိုင်ပါတယ်။ အစိုးရဌာန များ၊ ရုံးများ၏ လုပ်ဆောင်မှုများကို စစ်ဆေးနိုင်တဲ့ အာဏာရှိကြပါတယ်။
ဒါအပြင် စာရင်းစစ်ချုပ်ရုံး၊ အကျင့် ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်၊ အွန်ဘာဒ်မင့်ရုံးများ (ombuds offices) လူ့အခွင့်အရေး ကော်မရှင်များ စတာတွေ လည်း သူ့ကဏ္ဍနဲ့သူ ထိန်းညှိရေး တာ ဝန်ရှိကြပါတယ်။ သူတို့ကလည်း အစိုး ရရဲ့အာဏာကို ပြန်၍ ထိန်းကျောင်းကြ ပါတယ်။

ဒီလောက်နဲ့ မလုံလောက်ပါဘူး။ ထောင်လိုက်တာဝန်ခံမှု အပြင်၊ အလျား လိုက် တာဝန်ခံမှု (ရေပြင်ညီတာဝန်ခံမှု)Horizontal accountability ဆိုတာမျိုး လည်း ရှိပါသေးတယ်။ အစိုးရဌာနတွေ အပြင် အလျားလိုက်တာဝန်ခံမှုမှာ နိုင်ငံ သားများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များ၊ သတင်းမီဒီယာများကလည်း ဖြေ ကြားမှု ရယူနိုင်ခွင့်ရှိပါတယ်။
ရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များ၏ အကူအညီကို ယူလို့ဖြစ်စေ၊ နစ်နာမှုများကို ဖြေရှင်းစေနိုင်ပါတယ်။ လူထုနည်းနဲ့ မေတ္တာရပ်ခံ၊ တောင်းဆို မှုများလည်း ပြုနိုင်ပါတယ်။ လူထုအသံ နှင့် သတင်းမီဒီယာများကို အသုံးပြုနိုင်ပါ တယ်။ အခုမူကြမ်းပြုစုနေတဲ့ သတင်းသိ ရှိပိုင်ခွင့်ဥပဒေ (Right to information act) ဟာလည်း ဒီလို ရေပြင်ညီ တာဝန်ယူ တာဝန်ခံမှုအတွက် လုပ်ငန်းတစ်ခု ဖြစ်ပါ တယ်။

ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good governance)
တာဝန်ယူ တာဝန်ခံမှု (Accountability) ဟာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်(Good governance)  အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါ တယ်။ ဒါ့အပြင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အတွက် ဆွေးနွေးမှုတွေ အများအပြား ရှိကြပါတယ်။ ကျွန်တော် တို့ မြန်မာ့စဉ်လာမှာကိုယ်၌က မင်း ကျင့်တရား ၁၀ ပါးဆိုတာရှိပါတယ်။

၁။ အလှူပေးခြင်း (ဒါန)
၂။ ငါးပါးသီလ ဆောက်တည်ခြင်း (သီလ)
၃။ ပေးကမ်း စွန့်ကြဲခြင်း (ပရိစာဂ)
၎။ ဖြောင့်မတ်မှန်စွာ ကျင့်ခြင်း၊ (သမ္မာပဋိပန္န)
၅။ ကိုယ်နှုတ် နူးညံ့သိမ်မွေ့ခြင်း၊ (မုဒုက)
၆။အခါအားလျော်စွာ ရှစ်ပါးသီလ စောင့်ခြင်း (ဥပေါသထ)
၇။ အမျက်မထွက်ခြင်း(အက္ကောဓ)
၈။ ရဟန်းရှင်လူပြည်သူတို့ကို မညှဉ်းဆဲခြင်း (အဝိဟိံသန)
၉။ သည်းခံခြင်း၊ (ခန္တီ)
၁၀။ ရဟန်းရှင်လူ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း(ဝိရောဓ)တို့ ပါဝင်ပါ တယ်။ ဒါ့အပြင် နာယကဂုဏ် ၆-ပါး၊ သင်္ဂဟတရား ၄- ပါးဆိုတာတွေ ရှိပါ သေးတယ်။ လူ့အဖွဲ့အစည်းကို တစ်နည်း အထိန်းအထေလုပ်ဖို့၊ အုပ်ချုပ်သူနဲ့ အုပ် ချုပ်သူအကြား ထိန်းညှိဖို့ ကြိုးစားတာ တွေပါ။ နောက်ပိုင်းမှာတော့ ယောမင်း ကြီးဦးဖိုးလှိုင်တို့က အစိုးရတွေအတွက် “အပရိဟာနိယ တရား ၇-ပါး” စသည် ဖြင့် မင်းတို့ကျင့်အပ်တဲ့ ရာဇဓမ္မသင်္ဂဟ ကျမ်းကို ပြုစုခဲ့တာတွေလည်း ရှိပါသေး တယ်။

အစိုးရတွေဟာ မှားတတ်ပါတယ်။ သဘာဝပဲဆိုတာ တစ်စိတ်တစ်ပိုင်း မှန် ပါတယ်။ ဒီလိုမှားတာဟာ တနည်း ပြောရရင် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေ ကြား ပဋိညာဉ် သဘောတူညီချက် (social contract) ကို ဖောက်ဖျက် ရာလည်း ကျပါတယ်။ ဒီလိုဆင်ခြင်တာ မျိုးထက်စာရင်၊ မမှားအောင် အမှားနည်း အောင် အထိန်းအထေ၊ အင်စတီကျူးရှင်း စနစ်တွေ လုပ်ဆောင်ဖို့ တင်းကြပ်ဖို့ လိုပါတယ်။ အဲသည်လိုမှားတတ်ကြရင် တာဝန်ယူ တာဝန်ခံမှု၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (good governance)   တွေကို မြှင့်တင်ကျင့်သုံးဖို့ လိုအပ်ပါ မယ်။

ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (good governance)  သို့ သွားရာလမ်း
အလျဉ်းသင့်လို့ ချက်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က ကျင်းပခဲ့တဲ့ Forum   ၂၀၀၀ပွဲမှာ ကောင်းမွန်သော အစိုးရစနစ် နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာလေး ပြန်ကိုးကား ဖော်ပြလိုပါ တယ်။

“အစိုးရကောင်းလို့ ဆိုရာမှာ အခွင့် အရေးတွေကို ရယူဖို့တင် မဟုတ်ပါဘူး။ ပေးဆပ်ဖို့လည်း လိုပါတယ်။ အစိုးရ ကောင်း တစ်ရပ်အနေနဲ့ ပြည်သူလူထု အတွက် ဘာတွေလုပ်ပေးနိုင်သလဲ။ ပြည် သူလူထုဘက်ကရော အစိုးရကောင်းတစ် ရပ်အတွက် ဘာတွေကို ကူညီဆောင်ရွက် ပေးချင်စိတ်ရှိမလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ ပြည်သူတွေဘက်က ဘယ်လောက် လုပ်ပေးချင်စိတ် ရှိမလဲ ဆိုတာကလည်း အစိုးရကောင်းတစ်ရပ် အပေါ်မှာ အဆုံးအဖြတ်ပေးမယ့်အချက် ဖြစ်ပါတယ်။ ပြည်သူတွေဘက်ကရော၊ အစိုးရဘက်ကပါ နှစ်ဘက်စလုံး အပေး အယူမျှရမှာ ဖြစ်ပါတယ်။အစိုးရအနေနဲ့ ဘယ်လောက် လွတ်လပ်ခွင့် ပေးမလဲ။ ပြည်သူတွေပေါ်မှာ ဘယ်လောက်လွတ် လပ်ခွင့်ပေးမလဲ။ ဘယ်လောက် လုံခြုံမှု တွေ ပြည်သူအတွက် ရှိသလဲဆိုတာဟာ လည်း အစိုးရကောင်းတစ်ရပ်အပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါ တယ်။

“ကျွန်မတို့မြန်မာနိုင်ငံမှာ ပီပြင်တဲ့ အစိုးရကောင်းတစ်ရပ် အတွေ့အကြုံ မရှိပေမယ့်လို့လည်း မပီပြင်ခဲ့တဲ့ အုပ်ချုပ် ရေးနဲ့တော့ ကြုံတွေ့ခဲ့ရပါတယ်။ ပီပြင် တဲ့ အစိုးရလက်အောက်မှာ နိုင်ငံသား တွေဟာ သူတို့မျှော်မှန်းချင်တဲ့ ပန်း တိုင်ကို အစိုးရနဲ့အတူ လက်တွဲလျှောက် လှမ်းသွားကြမှာ ဖြစ်ပါတယ်။ ပီပြင်တဲ့ အစိုးရဟာ ပြည်သူလူထုနဲ့ ကင်းကွာတဲ့ အစိုးရမျိုး မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အစိုးရမျိုး ဖြစ်ပါ တယ်။ ပြည်သူတွေရဲ့ ဆန္ဒဟာ ဘယ်လိုရှိ သလဲဆိုတာကိုလည်း အစိုးရ က နားထောင်ဖို့ လိုပါတယ်”လို့ Forum   (ကောင်း မွန်သော အုပ်ချုပ်ရေးစနစ်အတွက် သွားရာလမ်း) မိန့်ခွန်းမှာ ပြောခဲ့ ကြောင်း ပါ။