ဒေါ်လာဈေးအတက်၊ မြန်မာငွေဈေးအကျ တနင်္သာရီတိုင်းသားတို့ ခါးစည်းခံ

0
383

တပတ်အတွင်း ဒေါ်လာဈေး ထိုး တက်သွားချိန်တွင် တနင်္သာရီတိုင် အတွင်း ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အားလူး စသော ကုန်ခြောက် အပြင် ခရမ်းချည်သီး၊ မုန်လာဥ စသည့် ကုန်စိုများပါ အကုန်ဈေးထိုးတက်သွား သည်။
တနည်းဆိုရသော် တနင်္သာရီတိုင်း အတွင်းရှိ သိန်းချီသော မီးဖိုချောင်စရိတ် ဈေးကို ဆွဲတင်သွားခြင်း ဖြစ်သည်။
ရောင်းချသူများက ဈေးကြီးပေး ဝယ်ရောင်းနေရ၍ ဈေးတက်ရခြင်းဟု ပြောဆိုနေကြကြောင်း သရက်ချောင်း မြို့နယ် သရက်နှစ်ခွရွာမှ အိမ်ရှင်မ တစ်ဦးက ဆိုသည်။

“ဘာတတ်နိုင်မှာလဲ၊ အနည်းနဲ့ အများကတော့ မဝယ်စားဘဲလည်း မရတာကိုး”ဟု ၎င်းအိမ်ရှင်မက ဆိုသည်။
စားသောက်ကုန်သာ ဈေးတက် သည်မဟုတ်ပါ။
ပြီးခဲ့သည့် တစ်တန် ငါးသိန်းဈေးရှိ နေသော ဆောက်လုပ်ရေး ပစ္စည်း သံလုံး ဈေးသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့မှစ တစစ တက်လာရာ ဩဂုတ် လ ၁၈ ရက်နေ့တွင် ငါးသိန်းငါးသောင်း ထိ ဖြစ်ပေါ်လာသည်။ ဘိလပ်မြေ သည်လည်း ပျှမ်းမျှ တစ်အိတ် ၃၀၀ ကျပ် ဈေးတက်သွားကြောင်း ထားဝယ် မြို့မှ ဆောက်လုပ်ရေးပစ္စည်း အရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ထို့ပြင် လူတို့ နေ့စဉ် မသုံးမဖြစ် သုံးစွဲနေသော စက်သုံးဆီဈေးသည် လည်း အငြိမ်မနေပါ။ တစ်လီတာ ကျပ် တစ်ထောင်ဝန်းကျင်အထိ တက်သွား သည်။

ကော့သောင်းမြို့မဈေးတွင် ဆိုင်ကယ် တက္ကစီဆွဲနေသူ ဦးမောင်နိုင်တစ်ယောက် သူ့ဆိုင်ကယ်စီးခကို ဈေးတင်မှ ရတော့ မည် ဆိုလာသည်။
အဓိက အကြောင်းပြချက်က သူ့ ဆိုင်ကယ်ထဲထည့်သည့် ဆီဈေးတက်၍ ဖြစ်သည်။
“တက္ကစီဈေးလည်း တက်မှရတော့ မယ့် အခြေအနေပဲ၊ တရားဝင်သတ်မှတ် ဈေးနှုန်းနဲ့ မကိုက်ချင်တော့ဘူး”ဟု ဦးမောင်နိုင်က ပြောလာသည်။

တနင်္သာရီတိုင်းအတွင်း နေ့စဉ် သုံးစွဲစားသုံးနေသည့် အထက်ပါ ကုန် ပစ္စည်းများ၊ စက်သုံးဆီနှင့် ကုန်စို ကုန်ခြောက်အားလုံးနီးပါးက တနင်္သာရီ တိုင်းက မထွက်ပါ။ ထိုင်းနိုင်ငံနှင့် အထက် မြန်မာပြည်က နေ့စဉ် စီးဝင်တင်သွင်းနေ ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ဆီက ထိုင်းဘတ်နဲ့ ဆီကိုဝယ်ပြီး သင်္ဘောနဲ့ပြန်တင်ဝင် လာတယ်၊ ထိုင်းဘက်ကလဲ ဒေါ်လာနဲ့ တစ်ဆင့်ခံပြန်ဝယ်ရတော့ တစ်ဆင့်ခံ တစ်ဆင့်ခံနဲ့ ဆီဈေးကတတ်လာတာ ပေါ့”ဟု ထားဝယ်ရွှေပြည်တော် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံဖြစ်သူ ဦးသန်းရှိန်က ပြောကြားသည်။

စက်သုံးဆီ၊ ဆောက်လုပ်ရေးပစ္စည်း စသည့်သွင်းကုန်များက နိုင်ငံခြားမှ တင်သွင်းရသဖြင့် ဒေါ်လာဈေးတက် ချိန်တွင် မြန်မာငွေကျပ် ပိုပေးရလေ့ရှိ သောကြောင့် ဈေးတက်လာခြင်း ဖြစ် ကြောင်း စီမံခန့်ခွဲမှုပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
ဒေါ်လာဈေး တက်လျှင် ထုတ်ကုန် သမားများအတွက် အကျိုးရှိသဖြင့် တိုင်းတွင်းထွက်ကုန်များကို များများ ထုတ်လုပ်ကာ ပြည်တွင်း ပြည်ပသို့ များများပို့သင့်ကြောင်း ဒေါက်တာ အောင်ထွန်းသက်က အကြံပြုသည်။

သို့သော် ယင်းမှာ စာအုပ်အတွင်းမှ အယူအဆ သက်သက်သာဖြစ်နေပြီး တိုင်းအတွင်းမှ ထုတ်ကုန်များ ရုတ် တရက် ထုတ်လုပ်တင်ပို့နိုင်ရေး မဖြစ် နိုင်လှပါ။ ပို့ကုန်ထုတ်လုပ်ရန် အခြေခံ သွင်းအားစုများ ဖြစ်သော စက်သုံးဆီ၊ အထွေထွေ ကုန်ဈေးနှုန်းတို့တက်လာ ပါက ထုတ်လုပ်မှုစရိတ် တက်လာပြီး ပို့ကုန်သမားတို့အတွက် မကိုက်လှပါ။
သို့သော် တနင်္သာရီတိုင်း၏ ပြည်ပပို့ စိုက်ပျိုးရေးထွက်ကုန်များဖြစ် သော ရော်ဘာ၊ သီဟိုဠ်တို့မှာ ဈေး မတက်ပါ။
ယင်းကုန်များက တရုတ်ဈေး ကွက်ကို မှီခိုနေရပြီး တရုတ်ငွေဈေးက အတက်အကျ မများသဖြင့် ဈေးမတက် ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကုန်သည်အချို့က ပြောကြသည်။

တနင်္သာရီတိုင်း၏ နိုင်ငံခြား (တရုတ်၊ ထိုင်း)ပို့ အထူးထွက်ကုန်တစ် ခုဖြစ်နေသည့် ငါးဈေးမှာလည်း မှန်း ချက် မကိုက်ပါ။
ဒေသစားသုံးမှုထက် ပိုလျှံကာ တရုပ်ဈေးကွက်ကို အဓိက မှီခိုရောင်း ချနေရသည့် ကမ်းနီးငါးဖမ်းလှေထွက် ငါးဈေးသည်လည်း တရုတ်ဈေးကွက် တွင် ဈေးထိုးကျနေကြောင်း ထားဝယ် ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော် ကျော်သက်က ပြောသည်။
“တရုတ်ငါးဈေးကွက်က ပျက်နေ တယ်၊ အမေရိကန်-တရုတ် ကုန်သွယ် ရေး စစ်ပွဲကို အကြောင်းပြုပြီးတော့ပေါ၊ ကမ်းနီးလှေတွေမှာ မိတဲ့ငါးဈေးတွေက တအားထိုးဆင်းသွားပြီ”ဟု ဦးကျော် ကျော်သက်က ဩဂုတ်လ ၁၈ ရက်နေ့ တွင် ပြောသည်။
တရုတ်ဈေးကွက်တွင် ယခင်က တစ်ပိဿာ ၆၅၀၀ ကျပ်ခန့်ရှိနေသော ငါးမှာ ယခု ၅၀၀၀ ကျပ်ဖြင့်ပင် ဝယ်ယူ မရှိဖြစ်နေကြောင်း ၎င်းက ပြောသည်။

ထိုင်ဘက်တွင် ငါးသွားရောင်း သည့် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများ ရှိရာ မြိတ်၊ ကော့သောင်းဘက်တွင်လည်း တွက်ခြေမကိုက်ဟု လှေရှင်နှင့် ငါး လုပ်ငန်းလုပ်ကိုင်သူတို့က ညည်းညူ ကြသည်။
ငါးရောင်းချရာတွင် ငါးဈေးနှင့် ဘတ်ဈေးက ထင်သလောက် မတက် လာဘဲ ဒေါ်လာဈေးအတက်ဖြင့် စက်သုံးဆီပြန်ဝယ်ရခြင်း၊ အစိုးရကို ဒေါ်လာဖြင့် အခွန်သွင်းရခြင်းများက ငါးလုပ်ငန်းကုမ္ပဏီနှင့် အစုစားရေလုပ် သားများကို အထိနာစေကြောင်း ငါးလုပ်ငန်းငန်းကုမ္ပဏီနှင့် ကုမ္ပဏီမှ အစုစား ရေလုပ်သားတို့က ပြောကြ သည်။

“ဒီဇယ်ကျတော့ ဒေါ်လာနဲ့ဝယ်ပြီး ကျွန်တော်တို့ဆီက ပြန်ရောင်းတဲ့ ငါးတွေကျတော့ မြန်မာငွေနဲ့ ဘတ်ပဲ ရှိတာဆိုတော့ တွက်ချေကိုက်မှုက မရှိဘူး။ ကုမ္ပဏီတွေ အနေနဲ့လည်း ရိုက်ခတ်မှုက ရှိတယ်။ ပြောရရင် ဒေါ်လာဈေးတက်လာလေ ပြည်တွင်းက လူတွေနဲ့ အလုပ်လုပ်ရ ပင်ပန်းလေပေါ့”ဟု မြိတ်အင်းလေးကမ်း စက်မှုဇုံ အတွင်းရှိ ထူးတူးတိုး ကုမ္ပဏီမှ အထွေ ထွေ မန်နေဂျာ ဦးအောင်မျိုးကပြော သည်။
ပြည်ပပို့ကုန်များ နိုင်ငံအသီးသီး၏ ဈေးကွက်သို့ဝင်နိုင်ရန် တိုင်းတွင်း ထွက်ပို့ကုန်များကို အရည်အသွေးကို မြင့်တင်ဖို့လိုကြောင်း တနင်္သာရီတိုင်း သားတစ်ဦးလည်းဖြစ်သည့် ဒေါက်တာ အောင်ထွန်းသက်က အကြံပြုသည်။
ရော်ဘာကို အစေးလှီးရောင်းမည့် အစား သန့်စင်အောင် အရည်အသွေးမြင့် ပြီးမှ နိုင်ငံခြားတင်ပို့ခြင်း၊ ငါးများကို အဆင့်သင့်စားနိုင်အောင် လုပ်ဆောင် ခြင်း စသဖြင့် တနင်္သာရီတိုင်း ထွက်ကုန် အရည်အသွေးမြင့်တင်ပြီးမှ တင်ပို့ ရောင်းချခြင်း ပြုသင့်ကြောင်း ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

“ငါးဆိုလည်း ဒီအတိုင်း အစိမ်း တိုင်း ရောင်းနေမယ်ဆိုရင်တော့ အခြေ အနေက သိပ်ကောင်းမှာမဟုတ်ဘူး၊ တန်ဖိုးတက်ပစ္စည်းလုပ်နိုင်ရင်တော့ အခြေအနေကောင်းမှာပေါ့။ အဲလိုမျိုး လုပ်နိုင်မှပဲ ရှိလာမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်လို့ အောက်မေ့ပါ တယ်။ အရင်တုန်းက ထုတ်နေတဲ့ပုံစံ မျိုးနဲ့ ထုတ်နေလို့ကတော့ ဈေးကွက်ထဲ ထိုးဖောက်နိုင်မယ့်အနေအထား မရှိ ပါဘူး”ဟု ဒေါက်တာအောင်ထွန်း သက်က ပြောသည်။
ယင်းသို့ ပို့ကုန်များ အရည်အသွေး မြှင့်ရန် နိုင်ငံတော်အစိုးရမှ အကူအညီ ပေးရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင် များကလည်း အာရုံစိုက် လုပ်ဆောင် ကြရန် လိုအပ်ကြောင်း ၎င်းက ပြော သည်။

လက်ရှိတွင်မူ တနင်္သာရီတိုင်းမှ ထုတ်ကုန်များက ထိုင်းနှင့် တရုတ်မှအပ နိုင်ငံများသို့ ထိုးဖောက်ရောင်းချနိုင်သည့် အခင်းအကျင်းမျိုး မရှိသေးသကဲ့သို့ ထုတ်ကုန်ပစ္စည်းများ အရည်အသွေး မြင့်ရန် အစိုးရမှ တစ်စုံတရာ ကူညီနေ ခြင်းမျိုးလည်း မတွေ့ရသေးပေ။
သို့ကြောင့် ဒေါ်လာဈေးမြင့် တက်က တိုင်းတွင်းထုတ်ကုန်တန်ဖိုး မြင့်တက်လာနိုင်မည့် အခင်းအကျင်းမျိုး မတွေ့ရသေးဘဲ ကုန်ဈေးနှုန်း မြင့်တက် လာမည့်ဒဏ်ကိုသာ ခံစားနေရဦးမည် ဖြစ်သည်။

ဒေါ်လာဈေးတက်တိုင်း ငါးဈေး မတက်သော်လည်း စက်သုံးဆီနှင့် အခြား ကုန်စည်ဈေးနှုန်းများတက်သည့်ဒဏ်ကို ရေလုပ်သားတို့ ဆက်လက်ခံစား နေရဦးမည် ဖြစ်ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော် ကျော်သက်က ပြောသည်။
“ကိုယ်တို့ဘက်က ဒေါ်လာဈေး တက်လို့ ပြန်ရမှာ ဘာမှမရှိဘူး၊ ခါးစည်း ပြီး ခံရဖို့ပဲ ရှိတယ်”ဟု ဦးကျော်ကျော် သက်က ပြောသည်။