ကျွန်တော် မောင်ရှေ့နေ

0
1079

ဒီနှစ်မိုးက အလွန်သည်းပါသည်။ တစ်ပြည်လုံးလည်း အရင်နှစ်တွေနဲ့မတူ ရေကြီးတာတွေ ရေလျှံတာတွေနဲ့ ကယ် ဆယ်ရေးစခန်းကို ရောက်သူကရောက်နဲ့။
ရှေ့နေအလုပ်ကလည်း စီးပွားရေး အလုပ်တွေလို့ မားကက်တင်းဆင်းလို့ လည်းမရ၊ ပရိုမိုးရှင်းလုပ်လို့လည်း ရ တာမဟုတ်၊ ဗွီနိုင်းကြီးကြီးနဲ့ လမ်းဆုံ လမ်းခွမှာ ကြော်ငြာလို့ရတာလည်း မဟုတ်။ အမှုလည်းရှိမှ အမှုသည်ကလည်း ရှေ့နေ ငှားဦးမှ အမှုလိုက်ခလည်း ပေးစရာရှိ ဦးမှ ဒီလိုအကြောင်းကြောင်းတွေ တိုက် ဆိုင်မှ ကိုရေချမ်းတို့ အလုပ်ရှိတာ။

ပြီးခဲ့တဲ့ရက်က နယ်ရုံးတစ်ခုမှာ တရားမမှုတစ်ခုကို တရားပြိုင်ဘက်က အမှု လာအပ်ထားတော့ နယ်မှာ အမှုသွား လိုက်ဖို့ ကားလက်မှတ်ဝယ် ဖုန်အလိပ် လိပ်ကပ်နေတဲ့ ခေါင်းပေါင်းဗူးကို ရှာယူ၊ ဗီရိုအောက်ဆုံးမှာ ရောက်နေတဲ့ တိုက်ပုံ အနက်တိုနဲ့ ဥပဒေစာအုပ်တွေ လက်ဆွဲ အိတ်ထဲထည့်ပြီး အမှုအပ်ထားတဲ့ နယ် မြို့ကလေးဆီ ချီတက်ပါတော့မည်ပေါ့။ ဒီနယ်မြို့ကလေးကို တစ်ခါမှလည်း မရောက်ဖူးသေးတော့ ရင်လည်းခုန်မိသား သွားရဦးမယ်ပေါ့…။

ကားဆရာက “တရားရုံးရှေ့ရောက် ပြီး ဆရာ”ဆိုပြီး ကားရပ်ပေးတော့ မနက် ၉နာရီခွဲလောက်ရှိပြီထင်။ ခြံဝင်းထဲ လှမ်း ကြည့်လိုက်တော့ ကားဆရာပဲ နေရာမှား တာလားလို့ စဉ်းစားမိတယ်။ အလွန် ကျယ်ဝန်းပြီး ခန့်ညားတဲ့ သုံးထပ်အဆောက် အဦကြီးနဲ့ အရှေ့မှာ ပန်းခြံလိုမျိုးစိမ်းစိမ်း စိုစို ခုံတန်းလေးတွေကလည်း အစီအရီ လေနုအေးကလေးတွေတောင် တဖျတ် ဖျတ် တိုက်နေသေးတာ။ ဒါပေမဲ့ ဆင်ဝင် အထက်မှာ ရေးထားတဲ့ …မြို့နယ်တရား ရုံးဆိုတဲ့ အနက်ရောင်ပေါ်မှာ အဖြူနဲ့ ရေးထားတဲ့ ၁၀ပေ_၅ပေ လောက်ရှိတဲ့ ဆိုင်းဘုတ်ကြီးရယ်။ နိုင်ငံတော်အလံရယ် ဝင့်ဝင့်ကြွားကြွား ဖြစ်နေလို့။

မှားစရာအကြောင်းတော့ မရှိလောက်။ အိတ်ကိုဆွဲ၊ ခေါင်းပေါင်းဗူးကို ပိုက်ပြီး ရုံးထဲတန်းဝင်သွားတော့ အစောင့်ဂိတ်မှာ ဆရာအမှုစစ်ဖို့လာတာလား။ အမည်နဲ့ စဉ်နံပါတ်လေး သိပါရစေလို့ဆိုတော့ ပေးခဲ့ရသေးတယ်။ ရုံးတစ်ခုလုံးကိုလည်း အဝါရောင်ရင့်ရင့် သုတ်ထားပြီး အကျယ် က ၁၅၀ပေ ထ ၅၀ ပေလောက်ရှိလိမ့်မယ် ထင်တယ်။ အောက်မှာ ကားအမည်း နှစ်စီးလည်း ရပ်ထားသေးတယ်။ ဘေးတစ် ဘက် တစ်ချက်မှာ တရားရုံးတံဆိပ်တွေ ကပ်နှိပ်ထားပြီး အရှေ့မှန်မှာတော့ မြို့နယ် တရားသူကြီး တွဲဖက်မြို့နယ် တရား သူကြီးဆိုပြီး စာတွေ ကပ်ထားပြီး ကားနံပါတ်တွေ ကြည့်မိတော့ နံပါတ် တွေ အစဉ်လိုက်ဖြစ်နေတော့ ကိုယ်ပိုင် ကားတော့ ဟုတ်ဟန်မတူ။ တရား သူကြီးတွေ အသုံးပြုဖို့ နိုင်ငံတော်က ချပေးတဲ့ဟာ ဖြစ်လိမ့်မယ်လို့ ရှေ့နေပီပီ စဉ်းစားမိခဲ့သေးတယ်။ တရားရုံးကို မြင် တာနဲ့ပင် အားကိုးချင်စိတ် တဖွားဖွား ပေါ်မိပါတော့တယ်။

အရှေ့ကနေ ဝင်လာတော့ အမှုခေါ် စာရင်းကို ဝင်ဖတ်လိုက်တော့ ကိုယ်လိုက် ရမယ့် အမှုက ၁၀ နာရီခွဲမှဆိုတော့ ၁နာရီ နီးပါးလောက် အချိန်ရသေးတာပေါ့။ ဒါဆို ရှေ့နေတွေ နားနေခန်းရှိလားလို့ မေးကြည့်တော့ ညာဘက်ကို လျှောက် သွားပြီး လှေကားကနေ တက်လိုက်ရင် ပထမဆုံး ရောက်မယ့်အခန်းပါလို့ ဝန်ထမ်း တစ်ယောက်က ဖြေပေးပါတယ်။ ရုံးတွင်း တစ်ခုလုံး သန့်ရှင်းနေပြီး သန့်ရှင်းရေး သမားတွေလည်း တွေ့ရပါတယ်။ ဖြတ် သွားရင် လှေကားမရောက်ခင် အမှုသည် များ နားနေခန်းဆိုတဲ့ ဆိုင်းဘုတ်ကလေး တွေတော့ မျက်လုံးဝေ့ကြည့်တာ အထဲ မှာ စားပွဲကုလားထိုင်တွေ အပြည့်အစုံ နဲ့ စာအုပ်ဗီရိုတွေက စာအုပ်တွေ သတင်း စာတွေဖတ်နေသူတွေ ဖုန်းကြည့်သူတွေနဲ့ ရုတ်တရက်ဆို စာကြည့်တိုက်ထဲ ရောက် နေသကဲ့သို့ ထင်မှတ်ရပါတယ်။

လှေကားကနေ အပေါ်ထပ်ကို ရောက်သွားတော့ တိုက်ပုံအမည်းနဲ့ အသက်၂၀ကျော် အရွယ်ကလေး နှစ် ယောက်က အထဲကနေ ထွက်လာပြီး “ဆရာအမှုစစ်ဖို့လာတာလား ဒီအခန်းထဲ ကို ကြွပါ”ဆိုပြီး နေရာထိုင်ခင်းပေးတော့ အရမ်းအံဩသွားပြီး “မောင်ရင့်တို့က အလုပ်သင် ရှေ့နေတွေလား” ဆိုတော့ “ဟုတ်ကဲ့ပါ ဆရာ ဒီမှာ နားလို့ရပါတယ်။ အမှုခေါ်ချိန်ဆိုရင် ဒီရုံးခန်းမှာ တပ်ထား တဲ့ စပီကာကနေ အသံကြားရပါတယ်။ စိတ်မပူပါနဲ”လို့ပြောတော့ ကိုရေချမ်း လည်း ထိုင်နေမိပါတယ်။ ရှေ့နေများ နားနေခန်းရှိ စားပွဲတွေမှာလည်း ပြောင် လက်သန့်ရှင်းနေပြီး လေအေးပေးစက်နဲ့ အအေးဓာတ်ကြောင့် စိတ်လည်း အေး ချမ်းသလိုဖြစ်လာပါတယ်။

၅ပေ ထ ၃၀ပေ လောက်ရှိတဲ့ ကြည့်မှန်တစ်ချပ်ကလည်း ရှေ့နေတွေ တရားခွင်ဝင်ရင် ဝတ်စုံတွေ သေသေသပ်သပ် ဖြစ်စေဖို့များစွာ အကူ အညီ ဖြစ်ကြမပေါ့။ “မောင်ရင်တို့ နှစ်ယောက် က အလုပ်သင်ဆင်းနေတာ ကြာပြီလား စကားအပြောအဆို ရည်မွန်လိုက်တာ”လို့ မေးကြည့်တော့ တစ်ယောက်က “မကြာသေးပါဘူး ဆရာရယ် ဆရာနဲ့ တွေ့ရတာလည်း ဝမ်းသာပါတယ်။ ကျွန်တော်တို့ ဆရာတွေကလည်း မှာထား ပါတယ်။ ကိုယ့်ထက် စီနီယာကျတဲ့ ရှေ့ နေတွေကို လေးစားဖို့ နေရာထိုင်ခင်းပေးဖို့ ပညာ သင်ယူနေတဲ့အချိန်မှာ မမော်ကြွား ဖို့တွေပေါ့ ဆရာရယ်”ဆိုပြီး ပြန်ဖြေပါ တယ်။

ဟိုအကြောင်းဒီအကြောင်း မိတ်ဖြစ် ဆွေဖြစ် စကားစပ်မိတော့ သူတို့ပြောတာ တွေထဲမှာ “ဆရာရယ် အမှုပွဲစားတို့ အကြံ အဖန်ရှေ့နေတို့ဆိုတာ ကျွန်တော်တို့ မမြင်ဖူးတော့ပါဘူး”လို့လည်း ပါတယ်။ ကိုရေချမ်းအတွက်တော့ ထူးထူးဆန်းဆန်း ကြီးကို ဖြစ်လို့။ ၁၀နာရီကျော်ကျော် လောက်ကျတော့ ကိုရေချမ်းလည်း အမှု ခေါ်ရင် အဆင်သင့်ဖြစ်အောင် တစ်နေ့က အမှုသည် တရားပြိုင်လက်မှတ်ထိုးပေး ထားတဲ့ ပါဝါစာရွက်လေးကို ယူပြီး အမှု စစ်ရမယ့် တရားခွင်ရှေ့က စာရေးမလေး ဆီ သွားသတင်းပို့ပါတယ်။ “ညီမရေ… ဒီအမှုမှာ ပါဝါတင်မလို့ပါ။ အဲဒါ ရုံးသုံး စက္ကူထုတ် ဝယ်ပေးဖို့ A4  ယူမလား Legal ယူမလား”ဆိုတော့ စာရေးမ လေးက “ဘာမှ မလိုပါဘူးရှင်၊ ရုံးမှာ အားလုံးပြည့်စုံပါတယ်။ နောက်လည်း ဝယ်ပေးဖို့ မလိုပါဘူးရှင်”ဆိုပြီး ပြန်ပြော တော့ ကိုရေချမ်းလည်း အရမ်းအံ့ဩ သွားရပါတယ်။ ပြီးတော့ တရားခွင်အမှု ခေါ်တော့ ကိုရေချမ်းရဲ့ အမှုသည်တွေရော တစ်ဖက်က တရားလို တရားပြိုင်တွေရော အားလုံး စုံပါတယ်။ တရားသူကြီးကို ပါဝါတင်တော့ လှမ်းယူလိုက်ပြီး တစ်ဖက် ရှေ့နေကိုလည်း “ဘာပြောစရာရှိလဲ”လို့ လှမ်းမေး လိုက်ပါ တယ်။

တရားသူကြီးမျက်နှာက တည်ကြည် ခန့်ညားသလို အေးချမ်းတဲ့အသွင်လည်း ဆောင်ပါတယ်။ အသက် ၄၀ အရွယ် လူလတ်ပိုင်းအရွယ် ဖြစ်လိမ့်မယ်လို့တော့ ကိုရေချမ်းစိတ်ထဲ ခန့်မှန်းကြည့် မိပါ တယ်။ ပြီးတော့”ဆရာတို့ကို ဘယ်နေ့ ရုံးချိန်းပေးရင် အဆင်ပြေမလဲလို”လှမ်း မေးပြီး နှစ်ဘက်ရှေ့နေတွေ ရုံးချိန်းညှိနှိုင်း ယူကြပါတယ်။ တရားသူကြီး တစ်ယောက် အနေနဲ့ လုပ်ရိုးလုပ်စဉ် အလုပ်ကို လုပ်ရ ပေမဲ့ အလေးအနက်ရှိပုံပေါ်ပါတယ်။ တရားခွင်ထဲမှာ ဖွင့်ထားတဲ့ လေအေး ပေးစက်ကလည်း အလွန်အေးသလို တရားခွင်စားပွဲများကလည်း ကျွန်းရောင် တဖိတ်ဖိတ်တောက်ပြီး တရားရုံးရဲ့ ထိပ် တည့်တည့်မှာ နိုင်ငံတော်တံဆိပ်ကလည်း ကျက်သရေရှိလွန်းလှပါတယ်။

ရုံးချိန်းပေးပြီးတာနဲ့ ရှေ့နေတွေနဲ့ အမှုသည်တွေကို တရားသူကြီးက “ဒီတ ရားရုံးမှာ အမှန်တကယ် ကုန်ကျမယ့် စာရွက် စာတမ်းဖိုးရယ် ရှေ့နေခရယ်က လွဲပြီး အမှုပြီးတဲ့ထိ ဘာမှကုန်ကျစရာ မလိုအပ်ပါဘူး။ အမှန်တိုင်းနဲ့ ဥပဒေ အတိုင်းပဲ တိတိကျကျဆုံးဖြတ်မှာ ဖြစ်ပါ တယ်။ အဂတိဆိုတာ ပေးသူရော ယူသူ ပါ အပြစ်ရှိတာမို့ လာဘ်ပေးလာဘ် ယူလုံးဝလုပ်လို့ မရပါဘူး တရားစီရင်ရေး အတွက် နိုင်ငံတော်ကလည်း လုံလောက် အောင် ဖြည့်ဆည်းပေးထားတာမို့ ဘာမှ ပေးဖို့ မကြိုးစားပါနဲ့။ လက်ခံဖို့လည်း မရှိပါဘူး။

အဂတိလိုက်စားခြင်းဟာ နိုင်ငံနဲ့လူမျိုးရဲ့ သိက္ခာကို ထိခိုက်စေ တာမို့ လုံးဝလုပ်မှာ မဟုတ်ဘူး ဆိုတာ သိစေချင်ပါတယ်။ ဘယ်အမှု ပွဲစား၊ ဘယ်လိုအာဏာရှိတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ ချဉ်း ကပ်ပြီးတော့လည်း အမှန်တရားကို ပျက်ယွင်းအောင် လုပ်လို့မရပါဘူး အဂတိကင်းစင်တဲ့ တရားစီရင် ရေးဖြစ် နေတာကို ထိခိုက်စေလို့မရပါဘူး”ဆိုပြီး ရှည်လျားစွာ မှာကြားပါတယ်။ အဂတိ တရားနဲ့ပတ်သက်ပြီး ဒီလိုသဘော ထားရှိတဲ့ တရားရုံးမျိုးရှိတာ တရားစီရင် ရေးအတွက် ကောင်းပေစွလို့လည်း ကိုရေချမ်းက ရေရွတ်မိပါတယ်။

ရုံးချိန်းယူပြီးအထွက် နောက်ရုံးချိန်း ကို မှတ်လို့ရအောင်နဲ့ ဘာအမှုတွေရှိ သေးလဲလို့ ကိုရေချမ်းတစ်ယောက် ရှေ့ နေပီပီ စပ်စုနေတုန်း ခုနားက ဩဝါဒတွေ မိန့်ကြားနေတဲ့ တရားသူကြီးက ပြေး ထွက်လာပြီး ကိုရေချမ်းဗိုက်ကို လာဖိ ပါတယ်။
အား….အား…အင့်…အင့် လို့ အော် လိုက်ပြီး ဗိုက်နာလို့ မျက်လုံးကို ရုတ်တ ရက်ဖွင့်လိုက်တော့…ကိုရေချမ်းဗိုက်ပေါ် မှာ သားအငယ်ကောင်က “ဖေဖေ…ဖေဖေ ထတော့(၉)နာရီ ထိုးတော့မယ်။ နယ်ကို ထွက်ပြီး အမှုလိုက်မလို့ဆို တော်ကြား နောက်ကျနေလိမ့်မယ်”လို့ အတင်းနှိုး လေတော့…

ဪ ငါဟာ မိုးတွင်းကြီးမှာ ဂ ယောက်ဂယက်အိပ်မက်တွေ မက်နေပါ ပေါ့လားလို့ စဉ်းစားပြီး ကားထွက်အမီ ကားဂိတ်ကို ရောက်ဖို့ သွက်သွက်လေး အိပ်ရာမှ ထမိပါတော့တယ်။