မြိတ်တွင် ယာဉ်မတော်တဆမှု အာမခံကြေးထုတ်သူ နှစ်ဆကျော်တိုး

0
631

မြိတ်ခရိုင်အတွင်း ယာဉ်မတော် တဆကြောင့် ထိခိုက်မှုအတွက် အာမခံ ကြေးထုတ်ယူသူ ယခင်နှစ်ကထက် နှစ်ဆကျော် တိုးလာကြောင်း မြန်မာ့ အာမခံလုပ်ငန်း မြိတ်ခရိုင်ရုံးမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်က ယာဉ်မတော်တဆမှုကြောင့် ထိ ခိုက်မှုအတွက် အာမခံကြေး လာရောက် ထုတ်ယူသူ ၈ ဦးရှိရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လာရောက်ထုတ် ယူသူ ၁၇ ဦးအထိ ရှိလာသည်ဟု ယင်းရုံး တာဝန်ခံ ဦးနိုင်မျိုးကျော်က ပြောသည်။
“အသိပညာပေး ဟောပြောတာ တွေ၊ လက်ကမ်းစာရွက်ပေးတာတွေအခါ အားလျော်စွာလုပ်နေလို့ တိုးလာတယ် လို့ ယူဆရတယ်” ဟု ဦးနိုင်မျိုးကျော်က ဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က ယာဉ်မတော်တဆထိခိုက်မှု အတွက် အာမခံကြေး ကျပ် ၁၃၉ သိန်းကျော် ထုတ်ပေးခဲ့ရပြီး ဆိုင်ကယ် မတော်တဆ မှုများအတွက် အများဆုံး လာရောက် ထုတ်ယူခဲ့ကြသည်ဟု ၎င်းက ဆိုသည်။
ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာ ရရှိမှု အနည်းအများအလိုက် ကျပ် ၅ သောင်းမှ အမြင့်ဆုံး ကျပ် ၈ သိန်း၊ အသက် သေဆုံးလျှင် ကျပ် ဆယ်သိန်းအထိ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့အာမခံ လုပ်ငန်း မြိတ်ခရိုင်ရုံးထံမှ သိရသည်။
ဒဏ်ရာရသူများအနေဖြင့် မတော် တဆဖြစ်ပြီး ၂ နှစ်အတွင်း လာရောက် လျှောက်ထားနိုင်ပြီး သေဆုံးမှုအတွက်မူ ၁ နှစ်အတွင်း လျှောက်ထားရမည်ဟု ၎င်းက ပြောပြသည်။

ယာဉ်မတော်တဆဖြစ်ပြီး ထိခိုက် မှုဖြစ်လျှင် အာမခံကြေးထုတ်နိုင်သည်ကို မသိရှိကြောင်း မြိတ်မြို့ခံတစ်ဦးဖြစ်သည့် ဦးမင်းဇော် ကပြောသည်။
“ရုံးကလည်း ရှင်းရှင်းလင်းလင်း မပြောပြတော့ ကျွန်တော်တို့လည်း မသိ ကြဘူး” ဟု ၎င်းက ဆိုသည်။
၂၀၁၇ ခုနှစ်က မြိတ်ခရိုင်အတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၂၀၅ ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ ၇၄ ဦးနှင့် ဒဏ်ရာရသူ ၃၄၃ ဦး ရှိခဲ့ကြောင်း အမှတ် ၇၆ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။