ကျွန်းစုနှင့် ထားဝယ်ရှိ နေအိမ် ခုနစ်ရာကျော်ကို ဆိုလာတပ်ဆင်ပေးမည်

0
437

ကျွန်းစုမြို့နယ်နှင့် ထားဝယ်မြို့ နယ်တို့ရှိ နေအိမ် ၇၅၀ ကို တစ်အိမ်သုံး ဆိုလာပြား၊ ဘတ္ထရီအိုး စသည်ပစ္စည်း လေးမျိုးကို တပ်ဆင်ပေးမည်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF ) ထံမှ သိရသည်။
ကျွန်းစုမြို့နယ်တွင် အိမ်ခြေ ၅၅၀ နှင့် ထားဝယ်မြို့နယ် ဘန်းချောင်းဒေသ တွင် အိမ်ခြေ ၂၀၀ ကို တပ်ဆင်ပေးမည် ဖြစ်သည်။

ယင်းတစ်အိမ်သုံး ဆိုလာများကို လာမည့်အောက်တိုဘာလနှင့် နိုဝင်ဘာ လတွင် အပြီးတပ်ဆင်ပေးမည် ဖြစ်ပြီး တပ်ဆင်ပေးမည့် ပစ္စည်းများအတွက် အခကြေးငွေပေးစရာမလိုကြောင်း WWF အဖွဲ့၏ စွမ်းအင်ဌာန မန်နေဂျာ ဦးရွှန်းစိုဦးက ပြောသည်။
“ကျွန်တော်တို့ကလည်း ရွာကို ကူညီသလို ဆိုလာရတဲ့သူတွေကလည်း ရွာကို ဘယ်လိုကူညီစေချင်သလဲဆိုရင် တစ်အိမ်ကို ဘယ်လောက်ဆိုပြီး ရန်ပုံငွေ လေးထည့်စေချင်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းရန်ပုံငွေကို ကျေးရွာမှ တာဝန် ယူကောက်ခံပေးပြီး ဆိုလာပြားများ၊ ဘတ္ထရီအိုးများရေရှည် အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွင် အသုံးပြုစေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လျှပ်စစ်မီးရရှိရန် ခက်ခဲနေသည့် ကျေးရွာများ အလွယ်ဆုံးနှင့် အမြန်ဆုံး လျှပ်စစ်မီးရရှိရန်အတွက် ဆိုလာစနစ် သုံး ပစ္စည်းများ တပ်ဆင်ပေးခြင်းဖြစ် ကြောင်း ဦးရွှန်းစိုဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း ထားဝယ်မြို့နယ် ဘန်းချောင်းဒေသရှိ ကျေးရွာအချို့နှင့် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် တစ်အိမ်သုံးဆိုလာ ပြားများ တပ်ဆင်ပေးခဲ့ဖူးကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။