ကော့သောင်းတွင် ပုဂ္ဂလိက အမှိုက်သိမ်း လုပ်ငန်းတစ်ချို့ အမှိုက်သိမ်းခ တိုးကောက်

0
405

ကော့သောင်းမြို့တွင် အသစ် ပြောင်းရွှေ့ထားသည့် အမှိုက်ကန်နေရာ ဝေးသည့်အတွက် ကိုယ်ထူကိုယ်ထ အမှိုက်သိမ်း လုပ်ငန်းတစ်ချို့ အမှိုက် သိမ်းခ ကျပ် ၅၀၀ တိုးကောက်လျက်ရှိ ကြောင်း ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ကော်မတီများထံမှ သိရသည်။
ကော့သောင်းမြို့ပေါ် ၁၀ ရပ်ကွက် အနက်၊ ၅ ရပ်ကွက်ကို ပုဂ္ဂလိက လုပ်ငန်းမှ တာဝန်ယူ လုပ်ကိုင်လျက် ရှိသည်။

ယခု အမှိုက်ပစ်သည့် နေရာသည် ယခင် အမှိုက်ပစ်သည့် နေရာထက် ၁၀ မိုင် ပိုဝေးသောကြောင့် စရိတ်အတွက် ယင်းသို့ တိုးမြှင့်ကောက်ခံခြင်းဖြစ် ကြောင်း ရွှေဇင်ယော်ရပ်ကွက် အမိုက်သိမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ကော်မတီ အတွင်းရေးမှူးက ဆိုသည်။
မူလကောက်ခံနေသည့် တစ်အိမ် ကျပ် ၁၅၀၀မှ ယခုလတွင် ကျပ် ၂၀၀၀ သို့ တိုးမြင့်ကောက်ခံခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရွှေပြည်သာ၊ အေးရိပ်ငြိမ်၊ ရွှေဇင်ယော် ၊ ရွှေဟင်္သာ ၊ အဏ္ဏဝါစသည့် ရပ်ကွက်များတွင် အမှိုက်သိမ်းလုပ်ငန်း ကို ပုဂ္ဂလိကက တာဝန်ယူလုပ်ကိုင်လျက် ရှိသည်။