ကော့သောင်းတွင် မြေပြိုမှုထပ်ဖြစ်

0
374

ကော့သောင်းမြို့နယ်တွင် ယခု တစ်ပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တောင်မြေပြိုကျ မှုထပ်ဖြစ်ခဲ့သည်။
ဩဂုတ်လ ၁၀ရက် ညနေပိုင်းတွင် ရွှေပြည်စိုးကျေးရွာအပိုင် ၄ မိုင်ထိပ်ရှိ တောင်မြေများသည် ကားလမ်းပေါ် ပြိုကျခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူနှင့် ပျက်စီး ဆုံးရှုံးမှု မရှိသော်လည်း မိုးအဆက် မပြတ်ရွာသည့်အခါ တောင်ခြေရင်း ကပ်ဆောက်ထားသည့် အဆောက်အအုံ မှာ အန္တရာယ်ဖြစ်လာနိုင်ကြောင်း ထောက်ပြသူများလည်း ရှိသည်။

“ပုလုံးတုံတုံးလိုအဖြစ်မျိုး ထပ်ပြီး ဘယ်သူ့ကိုမှမကြုံတွေ့စေချင်ဘူး”ဟု ပုလုံးတုံတုံး ကျေးရွာတွင် နေထိုင်သည့် ဦးဝင်းနိုင်က ဆိုသည်။
သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်မှုတစ်ရပ်အနေဖြင့် တောင်ခြေ ရင်းနှင့် တောင်နံရံကပ်ပြီး နေအိမ် အဆောက်အအုံများ မဆောက်လုပ်ရန် နှင့်မိုးအဆက်မပြတ် ရွာသည့်အခါ ပြောင်းရွှေ့နေထိုင်ကြရန် နေအိမ်ပိုင်ရှင် များကို ခေါ်ယူသတိပေးမှု ပြုလုပ်ရန် စစ်တမ်း ကောက်ယူနေကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက ဆိုသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အန္တ ရာယ်ရှိ အဆောက်အအုံနေအိမ်ဆောက် လုပ်ထားတဲ့အရေအတွက်တွေ စစ်တမ်း ကောက်ပေးဖို့ တာဝန်ပေးထားတယ်”ဟု ၎င်းက ဆိုသည်။
အခုပြိုကျခဲ့သည့် တောင်ခြေရင်း တွင် ဆောက်လုပ်ထားသည့်လေးထပ် အဆောက်အအုံမှာ အန္တရာယ်ရှိသည့် အတွက် ဆက်မဆောက်လုပ်ရန်တား မြစ်ထားသည်ဟုလည်း စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။
ယနေ့ပြိုကျခဲ့သည့်နေရာ တစ်ဝိုက် သည် မိုးသည်းသည်းမဲမဲရွာလျှင် နှစ်စဉ် မြေပြိုလေ့ရှိကြောင်း ကော့သောင်းဒေသခံ များက ဆိုသည်။