ခေါက်ဆွဲခြောက်မူဝါဒ

၁။ ခေါက်ဆွဲခြောက်မူဝါဒ
ဆောင်းပါးခေါင်းစဉ်ကိုကြည့်ပြီး ပြုံးစိစိများ ဖြစ်သွားလေသလား စာဖတ် သူအဆွေ။
ဖြစ်မယ်ဆိုကလည်း ဖြစ်စရာကိုး။ “ခေါက်ဆွဲခြောက်မူဝါဒ”ဆိုတော့ ခေါက် ဆွဲတွေကို ဘယ်လိုနည်းနဲ့ ထုတ်လုပ်မ လဲ။ ကုန်ကြမ်းတွေကို ဘယ်က ဝယ်ယူ။ တင်သွင်းမလဲ။ ဘယ်နည်းပညာနဲ့ အခြောက်ခံမလဲ။ ဘယ်လိုထုပ်ပိုးမလဲ။ စက်ရုံကို ဘယ်လို စီမံခန့်ခွဲမလဲ။ ထွက် လာတဲ့ ခေါက်ဆွဲခြောက်တွေကို ဘယ်မှာ ရောင်းမှာလဲ။ ဈေးကွက် အနေအထားက ဘယ်လိုရှိသလဲ။ ဈေးကွက်ထဲမှာ ရှိပြီးသား ခေါက်ဆွဲခြောက်တွေက ဘာတွေလဲ။ အဲဒီရှိပြီးသား ခေါက်ဆွဲ ခြောက် လုပ်ငန်းတွေရဲ့ လက်ရှိအခြေ အနေက ဘယ်လိုရှိနေသလဲ။ ကိုယ်ထုတ် မယ့် ခေါက်ဆွဲခြောက်က စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိပါရဲ့လား။ သယ်ယူပို့ ဆောင်ရေးကိစ္စတွေကို ဘယ်လိုစီမံ ခန့်ခွဲမလဲ။ အရောင်းမြှင့်တင်ရေးနဲ့ ကြော်ငြာကို ဘယ်လိုထိုးဖောက်မလဲ။ ကျန်းမာရေးအရ အာမခံချက်ရရှိအောင် ဘယ်လို ဆောင်ရွက်မလဲ စတဲ့ .. စတဲ့ ခေါက်ဆွဲ ခြောက်ထုတ်လုပ်ရေးနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေကိုများ ဆွေးနွေး လေမလားလို့ စာရှုသူ အထင်ရောက်က ရောက်နေလိမ့်အံ့။

စင်စစ်ကား ထိုသို့မဟုတ်။
ယခုစာကား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ပတ်သက်သည့် ကိစ္စရပ် များကို ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့အ များစုနှင့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်ကြ သူများ မေ့လျော့နေသည် သို့တည်း မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်နေ သည်ဟု ယူဆရသည့် အရေးကိစ္စများကို ပြော ဆိုလိုရင်းသာ ဖြစ်ချေသည်။
အမှန်တကယ်တွင်လည်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ပတ် သက်လျှင် ခေါက်ဆွဲခြောက်ထုတ်လုပ် သလိုပင် မည်သည့်ဘေးဖြစ်လာပါက မည်သူကမည်သူ့ကို မည်သို့မည်ပုံ အကြောင်းကြားပြီး မည်သည့်ကိစ္စကို မည်သူက မည်သည့်အချိန်တွင် မည်သို့ မည်ပုံ ဆောင်ရွက်မည်ဆိုသည်ကို အစိုးရမှ သက်ဆိုင်သူများအားလုံးနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင် သဘောတူထား ပြီးသည့် မူဝါဒနှင့် အသေးစိတ် လုပ်ထုံး လုပ်နည်း လမ်းညွှန်မှုများရှိပြီးသားဖြစ်ရ ပေမည်။ ရှိပြီးသားဟုလည်း ယုံကြည် ပါသည်။ မရှိသေးပါက ရှိအောင်လုပ်ရ ပေချိမ့်မည်။

ဤနေရာတွင် ပြောလိုရင်းကား ခေါက်ဆွဲခြောက်မူဝါဒ ဖြစ်၏။ ကျွန်ုပ် တို့တိုင်းပြည်တွင် များသောအားဖြင့် တွေ့နေရသည်ကား ဘေးအန္တရာယ်တစ်ခု ခုဖြစ်လျှင် ခေါက်ဆွဲခြောက်ဝေခြင်းဖြစ် သည်။ ဤစာတွင် ခေါက်ဆွဲခြောက်ဝေ သည်ဟုသုံးလျှင် ဆန်၊ ဆီ၊ ဆေး ဆား၊ အာလူး၊ ကြက်သွန် ငရုတ်သီးခြောက်နှင့် လူသုံးကုန်ပစ္စည်းများကို ကိုယ်စား ပြုသည်ဟု မှတ်ပါလေ။ အနီးစပ်ဆုံး ပြောရလျှင် လက်ရှိဖြစ်နေသည့် ရေဘေး ကိစ္စတွင် ကျွန်ုပ်တို့အားလုံး ခေါက်ဆွဲ ခြောက်ဝေရန် စိတ်အားထက်သန်နေ ကြသည်။ ဝေလည်း ဝေခဲ့ကြသည်။ ဝေ လည်း ဝေနေဆဲ။ ဆက်လည်း ဝေနေကြ ဦးမည်မှာ မြေကြီး လက်ခတ်မလွဲ။
ခေါက်ဆွဲခြောက်ကို ပြည်သူများက စုပြီးဝေသည်။ အသင်းအဖွဲ့များက အလှူ ကောက်ပြီးဝေသည်။ လူကယ်ပြန် (လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး)မှလည်း ဝေသည်။ ယုတ်စွအဆုံး အစိုးရကိုယ်တိုင်ပင် အလှူခံပြီး တိုင်းပြည် ပတ်ကာ ခေါက်ဆွဲ ခြောက်များ ပျော်ပျော်ကြီး ဝေနေကြ သည်။

နို့နေပါဦး။ အဲဒီလိုဝေတော့ မ ကောင်းနေလို့လား။ အဖြေကား တစ်ခွန်း တည်း ဖြစ်မည်။ မဟုတ်။ ကောင်း၏။ အလွန်ကောင်း၏။ လူမှုရေး ရှုထောင့်က ကြည့်ကြည့်၊ ဘာသာရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ ဒုက္ခရောက်နေသူများကို ကူညီစောင်မခြင်း ကယ်မခြင်းကား ကောင်းခြင်းအတိပြီးသည့် အလုပ်မျိုး။ ဘာသာတရား အသီးသီးက အားပေး၏။ သာဓုအကြိမ်ကြိမ် ခေါ်စရာတည်း။ သို့ လင့်ကစား ဘယ့်နှယ်ကြောင့်များ ဤ နိဗ္ဗာန်ရောက်ရာ ရောက်ကြောင်း အလုပ် ကြီးကို ခေါက်ဆွဲခြောက်မူဝါဒဟု ခေါင်း စဉ်တပ်ရသနည်းဟု မေးဖွယ်ဖြစ်လာပြန် သည်။

 

၂။ ဒုက္ခနှင့်ယဉ်ပါးခြင်း
ကျွန်ုပ်တို့ နိုင်ငံသူနိုင်ငံသားအများ စုသည် ဒုက္ခနှင့်အတူ မွေးဖွားလာကြသည် ဟု ဆိုရပေမည်။ ဟုတ်၏။ ဒုက္ခနှင့် မပြည့်စုံမှုသည် ကျွန်ုပ်တို့၏ ဖွားဘက် တော်ကြီးများ ဖြစ်သည်။ ကျွန်ုပ်တို့ အ များစုသည် အားနည်းလွန်းသည့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အောက် တွင် မွေးဖွားလာကြရသည်။ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ စည်ပင်သာယာ ရေးစနစ်၊ လူမှုဖူလုံရေး အစရှိသည့် လူ့ အဖွဲ့အစည်းတစ်ခုတွင် မဖြစ်မနေရှိရမည့် အခြေခံလိုအပ်ချက်များ မပြည့်မီဘဲ ကျွန်ုပ်တို့နေ့စဉ်ဘ၀ကို ဖြတ်သန်းနေ ကြရသည်။
ကျွန်ုပ်တို့ရရှိသည့် ပညာရေးစနစ် သည် အဆင့်မမီ။ ပဋ္ဌာန်းအစရှိသည့် ကြောင်းကျိုးဆက်စပ်မှုကို အကျယ်ဟော သည့် တရားဓမ္မများ ထွန်းကားရာ တိုင်း ပြည်တွင် မွေးဖွားနေထိုင်ရလင့်ကစား ကျွန်ုပ်တို့၏ တွေးတောဆင်ခြင်နိုင်စွမ်း သည် အကန့်အသတ် အလွန်ကြီး၏။ သို့သော် ပြဿနာအားလုံး၏ တရားခံကို ကျွန်ုပ်တို့အများစု လွယ်လွယ်ကူကူပင် လက်ညှိုးထိုးပြနိုင်ကြသည်။ စစ်အုပ် ချုပ်ရေး၊ အာဏာရှင်စနစ်၊ သာတူညီမျှ ကောင်းစားရေး .. ထိုထိုသော .. သို့ကလို အခြေခံအကြောင်းများကြောင့် တိုင်းသူ ပြည်သားအပေါင်း ဗိုက်ဟောင်းလောင်း နှင့် တိုးလို့တွဲလောင်း ဒုက္ခဘုံသို့ ကျ ရောက်နေရကြောင်း လက်ညှိုးညွှန်ပြ ကောင်း ညွှန်ပြနိုင်မည်။

သို့နှင့်ပင် ကျွန်ုပ်တို့သည် ကျွန်ုပ် တို့၏ ဖွားဘက်တော် လူမှုစီးပွားရေးနှင့် နိုင်ငံရေး အကျပ်ဆိုက်သည့် ဒုက္ခကြီးနှင့် တဖြည်းဖြည်း ယဉ်ပါးလာကြလေတော့ သည်။ ရွာတွင် လမ်းပျက်လျှင် စုပြီး လုပ်အားပေးကာ ပြင်လိုက်ကြမည်။ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ဆောက်မည်။ ဆရာ ဆရာမ အင်အား မလုံလောက်ပါက စေတနာရှင်များထံမှ အလှူခံမည် သို့မဟုတ် ကျောင်းသားမိ ဘများနှင့် ရွာသူရွာသားများက ဝိုင်း ထည့်ကြမည်။

အချို့ရွာများက ဆရာ ဆရာမ ငှားရမ်းခ လစာအတွက် ရွာလုံးကျွတ် အိမ်ပေါက်စေ့ လစဉ်ကြေးထည့်ကြမည်။ ဝန်ထမ်းအိမ်ရာများကို ရွာမှတည် ဆောက်ပေးမည်။ ယုတ်စွအဆုံး ဆရာ ဆရာမများ ရွာမြဲစေရန် အိမ်တစ်ဆောင် ဟင်းတစ်မယ် အလှည့်ကျ ပို့ပေးကြ ဦးမည်။ အားလုံးကား သာဓုခေါ်စရာ အလုပ်များ ချည်းပင်တည်း။ သို့သော် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ၏ ခိုင်မာအားကောင်းသော မူဝါဒနှင့် ကောင်းမွန်စွာ စီမံခန့်ခွဲမှု အတတ်ပညာ မရှိခြင်း သို့မဟုတ် အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာရသည့် နောက်ဆက်တွဲ ဆိုးကျိုးများကို တိုင်းသူပြည်သား အပေါင်းကား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြေရှင်းနေရ၏။ သို့ဖြင့် အချိန်ကာလ ကြာညောင်းလာသည့်အခါ အဆိုပါ လူမှုဒုက္ခပေါင်း သောင်းခြောက်ထောင် နှင့် ကျွန်ုပ်တို့ ယဉ်ပါးလာ ကြသည်။ ဒုက္ခနှင့်ယဉ်ပါးလာကြတော့သည်။

ဒုက္ခကို အခွင့်အရေးဟု မြင်လာကြ သည်။ အလှူအတန်းပြုလုပ်ရန် အခွင့်အ ရေး။ အချင်းချင်းရိုင်းပင်းကူညီရန် အခွင့် အရေး။ မေတ္တာတရားနှင့်ကရုဏာကို လှစ်ပြရန် အခွင့်အရေး ဖြစ်လာသည်။
အထင်ရှားဆုံးဥပမာကား ရေဘေး ဖြစ်ချိမ့်မည်။ ရေဘေးဖြစ်လျှင် ခေါက်ဆွဲ ခြောက်ဝေမည်။ အလှူခံထွက်ပြီး ဒုက္ခ ရောက်နေသူများကို ခေါက်ဆွဲခြောက်များ ပေးပို့မည်။ ဆိုခဲ့ပြီးသလို ခေါက်ဆွဲ ခြောက်ဝေခြင်းကား သာဓုခေါ်စရာအလုပ် တည်း။ သို့ပေသိ ဤနေရာတွင် ပြောလို ရင်းကား ရေဘေးဖြစ်လိုက် ခေါက်ဆွဲ ခြောက်ဝေလိုက်။ တစ်နှစ်လည်း ထိုသို့။ နောက်နှစ်လာလည်း ဤနည်းနှင်နှင်ဖြစ် နေသည်ကို သတိထားမိကြဖို့ဖြစ်သည်။

ကျွန်ုပ်တို့အများစုကား နွေတွင် ရေ ရှားက ရေလှူမည်။ မိုးတွင်း ရေကြီးက ခေါက်ဆွဲခြောက်ဝေမည်။ နှစ်ပေါင်းများ စွာ အနှီခေါက်ဆွဲခြောက်မူဝါဒဖြင့် ခရီး နှင်နေကြဆဲ။ ကျွန်ုပ်တို့တိုင်းပြည်ကို ဘယ်အချိန်အထိ အနှီမဲပြာပုဆိုးမူဝါဒ ဖြင့် ရှေ့ဆက်မည်နည်းဟူသည့် မေးခွန်း ကား မေးရန် အချိန်ကျလတ်လေပြီ။ အချိန်ကျလွန်းမက လွန်ပင်လွန်နှင့်ခဲ့လေ ပြီ။

၃။ အကြောင်းကို ဖြတ်ခြင်း
မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်တ ရားတော်တွင် သံသရာလည်ကြောင်းသည် အဝိဇ္ဇာနှင့် တဏှာကြောင့်ဖြစ်ပြီး ထိုနှစ် ပါးဖြတ်နိုင်မှ ဒုက္ခမှ လွတ်မည်ဖြစ်ကြောင်း ဟောတော်မူသည်ကို ကျွန်ုပ်တို့သိရှိပြီး ဖြစ်သည်။ လောကုတ္တရာကိစ္စများ ဖြေရှင်းရာတွင် ဤတရားကို အလွန်သုံး သင့်သည်။ ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေခြင်းသည် မူဝါဒများ ချမှတ်ရာတွင် အလွန်အရေးကြီးကြောင်း အထူးပြောနေ ရန် မလိုတော့ပြီ။

ရေကြီးခြင်း အကျိုးတရားကို ဖြစ် စေသည့် အကြောင်းတရားကို ဖြတ်နိုင်မှ သာလျှင် ရေဘေးဒုက္ခမှ လွတ်ပေလိမ့် မည်။ သို့တည်းမဟုတ်ပါက နှစ်တိုင်း ရေကြီးပြီး ခေါက်ဆွဲခြောက်မူဝါဒကိုသာ အမြဲကျင့်သုံးနေရပေလိမ့်မည်။
ခေတ်ပေါ်လူမှုသိပ္ပံပညာရပ်တွင် သိုးဆောင်းဘာသာစကားဖြင့်Project Cycle Management (PCM) ခေါ် စီမံချက်သံသရာကို စီမံခန့်ခွဲခြင်းဟူ သည့် ဘာသာရပ်တစ်ခု ရှိသည်။ ၎င်း ဘာသာရပ်ကို သင်ကြားရာတွင် နည်း လမ်းအမျိုးမျိုးကို အသုံးပြုပြီး အကြောင်း အရာမျိုးစုံကို ဆွေးနွေးလေ့ရှိရာ ထိုအထဲ မှ တစ်နည်းကား Problem identifi-cation ခေါ် ပြဿနာ၏အရင်းခံအကြောင်း တရားကို ရှာဖွေခြင်း ဖြစ်သည်။ ဤနေရာ တွင်f Problem tree ဟုခေါ်သည့် ပြဿ နာသစ်ပင် ဥပမာကို အသုံးပြုသည်။ ဆို လို ရင်းကား သစ်ပင်၏အကိုင်းအခက် တို့သည် တကယ့် ပြဿနာမဟုတ်။ ပင်စည် ကြီးသည် ပြဿနာဖြစ်ပြီး ရေသောက် မြစ်သည် ပင်စည်နှင့်အကိုင်းအခက်တို့ဖြစ်ရခြင်း အကျိုးတရားများ၏အကြောင်း ဖြစ် သည်။ သို့ဖြစ်ရာ ပင်စည်ကို ခုတ်ပြီး ရေသောက်မြစ်ကို သတ်ရန် ဖြစ်သည်။

ရေကြီးခြင်း ကိစ္စတွင်လည်း ထို နည်းအတိုင်းယူရန် ဖြစ်သည်။ ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းများသည် ပြဿ နာသစ်ပင်၏ အကိုင်းအခက်များကို သုတ်သင်ခြင်းသာ ဖြစ်သည်။ နှစ်စဉ်မိုး ရာသီရောက်တိုင်း ခေါက်ဆွဲခြောက်မူဝါ ဒကိုကျင့်သုံးပြီး အနှီအကိုင်းအခက်များ ကိုသာ ချိုင်နေပါလျှင် ကျွန်ုပ်တို့ယဉ်ပါး နေပြီးသားဖြစ်သည့် ရေဘေးဒုက္ခမှ ကယ် မနိုင်မည်မဟုတ်။
သို့ဖြစ်ရာ ဤနေရာတွင် လုပ်ရန်အ လုပ်ကား ထင်ရှားလေပြီ။ ရေကြီးခြင်း ဒုက္ခ၏ အကြောင်းတရားများကို နည်းမှန် လမ်းမှန် ရှာဖွေဖော်ထုတ်ကာ ပြဿနာ၏ ပင်စည်နှင့် ရေသောက်မြစ်တို့ကို သတ် ရန် ဖြတ်ရန်သာတည်း။ ထိုသို့မဟုတ်မူ ကား ကျွန်ုပ်တို့သည် ခေါက်ဆွဲခြောက် မူဝါဒနှင့်သာ စခန်းသွားနေရပေလိမ့်ဦး မည်။

 

ဝန်ခံချက်။ ။ ဤဆောင်းပါးသည် ရေဘေးကြုံရခြင်း အကြောင်းတရား အရင်းခံကို ဖော်ထုတ်ပြီး အမြစ်ဖြတ်ရန် ဆွေးနွေးလိုရင်း ဖြစ်သည်။ ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နေသည့် မည်သူတစ်ဦးတစ် ယောက်အဖွဲ့အစည်းတစ်ခုကိုမျှ ဝေဖန် စော်ကားလိုခြင်း အလျဉ်းမရှိပါကြောင်း။

Related Posts