နှစ်ပေါင်းရှစ်ဆယ်နီးပါးသက်တမ်းရှိ ဦးငွေကိုင်လက်ရာ ပန်းချီကားများကို မူရင်းအတိုင်း ပြုပြင်မွမ်းမံမည်

0
370

ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီးဘု ရားရှိ ဦးငွေကိုင်၏လက်ရာ ပန်းချီကား များကို မူရင်းအတိုင်း ပြုပြင်မွမ်းမံမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ထားဝယ် ဌာနခွဲထံမှ သိရသည်။
ထားဝယ်သား ပန်းချီဆရာကြီး ဦးငွေကိုင် ၁၉၄၀ ခုနှစ် ဝန်းကျင်က ရေး ဆွဲခဲ့သည့် ပန်းချီကား ၂၇ ချပ် အပါ အဝင် ရှင်မုတ္ထီးဘုရားရှိ ပန်းချီကား ၄၀ ချပ်ကို ပြုပြင်ရန်အတွက် ရန်ပုံငွေ သိန်း နှစ်ရာကျော် ခွင့်ပြုပေးထားကြောင်း ယင်းဌာနခွဲ ဦးစီးအရာရှိ ဒေါ်ကြူကြူ သန်းက ပြောသည်။

ပျက်စီးမှုများရှိလာသည့် မူရင်းပန်း ချီကားများကို တာရှည်အထားခံနိုင်ရန် အတွက် မှန်ဘောင်များ ပြုပြင်ခြင်း၊ ပိုး ကျနေသည့် ပန်းချီကားတချို့ကို ဓာတု ဗေဒနည်းဖြင့် ပိုးသတ်ခြင်း စသည်တို့ကို သာဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။
ပန်းချီကားများကို အသစ်ပြန်လည် ရွေးဆွဲမည် မဟုတ်ဟု ဒေါ်ကြူကြူသန်း က ဆိုသည်။

“ပြုပြင်မှုတွေ လုပ်ပြီးရင် နောက် ထပ် နှစ်သုံးဆယ်လောက်အထိ တာရှည် အထားခံနိုင်လာလိမ့်မယ်”ဟု ၎င်းကဆို သည်။
ယင်းပန်းချီကား အားလုံးကို တစ် ပြိုင်တည်း ပြုပြင်မည်မဟုတ်ဘဲ တစ် ကြိမ်လျှင် ပန်းချီကား ၅ ချပ်ကိုသာ ပြု ပြင်မည် ဖြစ်သည်။
ပထမဆုံး ပြုပြင်မည့် ပန်းချီကား ၅ ချပ်ကို ဩဂုတ်လ ၂ ရက်က ရန်ကုန် မြို့သို့ ပို့ပေးထားကြောင်း ရှင်မုတ္ထီးဘု ရားကြီး ဩဝါဒဆရာတော် ဦးဣန္ဒဝံသ က မိန့်သည်။

“မူရင်း ပန်းချီကို လုံးဝမထိဘူး။ တန်ဖိုးဖြတ်လို့မရတဲ့ ဦးငွေကိုင် ပန်းချီ ကားတွေ ပျောက်ပျက်သွားမှာစိုးလို့ တာ ရှည်ခံအောင် ထိန်းသိမ်းမှုလုပ်တာပါ”ဟု ဆရာတော် ဦးဣန္ဒဝံသက မိန့်သည်။
ရှင်မုတ္ထီးဘုရားတွင် ပန်းချီဆရာ ဦးထွန်းမြိုင်၊ ဦးဘိုးအောင်၊ ဦးငွေကိုင်၊ ဦးဘထွန်းတင် စသည့် ပန်းချီဆရာ လေးဦး၏ ပန်းချီကား တစ်ရာနီးပါး ချိတ်ဆွဲထားကြောင်း ရှင်မုတ္ထီးဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။