ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား စုံစင်ဖျားတွင် ကျင်းပမည်

0
420

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို လာမည့် ဝါခေါင် လပြည့်နေ့တွင် သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာတွင် ကျင်းပမည် ဖြစ် ကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်း အတွင်းရေးမှူး စောအဲယ်က ပြောသည်။

ကရင်ရိုးရာယဉ်ကျေးမှုကို ထိမ်း သိမ်းရန်၊ မျိုးဆက်သစ်လူငယ်များ ကရင်ရိုးရာယဉ်ကျေးမှုကို သိရှိစေရန်နှင့် တိုင်းရင်းသားများအချင်းချင်း ရိုးရာ ယဉ်ကျေးမှုများ အပြန်အလှန်သိရှိပြီး ချစ်ခင်မှုရစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း စောအဲယ်က ပြောသည်။
ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ကရင်လူမျိုး များက တစ်နှစ်လျှင်တစ်ကြိမ် ဝါခေါင် လတစ်လတွင်သာ ကျင်းပလေ့ရှိသည်။

မြန်မာနိုင်ငံ ရာသီဥတုအရ ဝါခေါင်လတွင် မိုးများပြီး သဘာဝဘေး အန္တရာယ်ကျရောက်လေ့ရှိသဖြင့် ယင်း လတွင် ရှေးကရင်လူကြီးများက ဘေးရန် ကင်းစေရန်အတွက် ချည်ဖြူကို လက် တွင် ပတ်လေ့ရှိကြောင်း စောအဲအယ်က ရှင်းပြသည်။
“ကရင်လူမျိုးတွေက လက်မှာ ချည် ဖြူပတ်ထားရင် အန္တရာယ်ကင်းတယ်လို့ ယူဆကြတယ်”ဟု ၎င်းက ဆိုသည်။

ယင်းပွဲသည် ဘာသာရေးနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကရင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုပွဲတစ်ခုသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းအခမ်းအနားတွင် ကရင်ရိုးရာ အစားအသောက်များ ကျွေးမွေးခြင်း၊ လာရောက်သူများ အချင်းချင်း ချည်ဖြူ များ အပြန်အလှန် ပတ်ပေးခြင်း၊ ချည် ဖြူဖွဲ့မင်္ဂလာအခမ်းအနား ဖြစ်လာခြင်း အကြောင်း ဟောပြောခြင်းများ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။