ကိုယ့်ဘာသာကိုယ် အရင်ကျော်ကြမယ်

0
457

“နောက်ဆယ်နှစ်ကြာရင် စင်္ကာပူ ကို ကျော်အောင်လုပ်ရမယ်”ဆိုသည့် စင်္ကာပူနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့်စကားအပေါ် ဝေဖန်ခဲ့ကြ သည်ကို တော်တော်များများ တွေ့ရ သည်။ ကျွန်တော့်အထင် အမေစုအနေဖြင့် ထိုကဲ့သို့ ပြောခဲ့ခြင်းမှာ အတည်သဘော ပြောဆိုခြင်းထက် ဟာသအနေဖြင့် အရွှန်းဖောက် ပြောဆိုခဲ့ခြင်းဖြစ်ဖို့က ရာခိုင်နှုန်းပိုများသည်။

သို့သော်လည်း ဒေါ်အောင်ဆန်း စုကြည်က ထိုကဲ့သို့ ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင်တော့ တိုင်းဒေသကြီး အဆင့် ဝန်ကြီးချုပ်များကပါ အမေစု၏ စကားကို သံယောင်လိုက်ကာ နောက် ဆယ်နှစ်ကြာလျှင် စင်္ကာပူကိုတောင် ကျော်တက်သွားနိုင်သည်ဆိုသည့် စကား ကို မိန့်ခွန်းများတွင် ထည့်သွင်း ပြောဆို လာကြသည်ကို တွေ့လာရသည်။ လက် တွေ့ကျကျ စဉ်းစားကြည့်လျှင်တော့ မြန်မာနိုင်ငံ၏လက်ရှိ ပစ္စက္ခအနေအထား အရဆိုလျှင် စင်္ကာပူကို ကျော်ဖို့ဆိုသည် မှာ အိပ်မက်မျှသာ။ အမေစု၏အရည် အချင်းကို လျှော့မတွက်ရဲသော်လည်း ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်သေးသ၍ စင်္ကာပူကို ကျော်ဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်။

ထို့အပြင် စင်္ကာပူကိုကျော်ဖို့ဆို လျှင် အောက်ခြေလူတန်းစားကအစ ထို စကားကို ကိုးကားပြောဆိုနေကြသော ဝန်ကြီးချုပ်တွေအဆုံး စိတ်ဓာတ်ပိုင်းဆိုင် ရာ ပြောင်းလဲမှုလုပ်ရန်၊ အလုပ်ကြိုး စားကြရန် အများကြီး လိုအပ်နေသေး သည်။
စင်္ကာပူကိုကျော်ဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ဘူးဟူ၍ကား ယတိပြတ် ပြော၍မရ။ နေရာတိုင်းတွင် မကျော်နိုင် သော်လည်း တချို့နေရာတွေမှာ ကျော် ချင်လျှင် ကျော်၍ရနိုင်သည့် အခင်း အကျင်းမျိုးကို ကျွန်တော်တို့ အနေဖြင့် ပိုင်ဆိုင်ထားသည်။
ဥပမာ စိုက်ပျိုးရေး၊ မွေးမြူရေး ကဲ့သို့သော အခန်းကဏ္ဍများတွင် စင်္ကာပူ ကိုကျော်၍ရသည်။ သဘာဝ သယံဇာတ ဆိုလျှင်လည်း စင်္ကာပူထက် အများကြီး သာသည်။ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့သာ လိုသည်။ ပထဝီအနေအထားအရ တရုတ် နှင့်အိန္ဒိယကဲ့သို့သော နိုင်ငံကြီး နှစ်နိုင်ငံ ကြားတွင် ရှိနေခြင်းက လုပ်တတ်ကိုင် တတ်လျှင် စင်္ကာပူထက်သာသည်ဆို သည်ကို အားလုံးအသိပင် ဖြစ်သည်။

ကျွန်တော်တို့ လက်ရှိမကျော်နိုင်သည်က စနစ်နှင့် စိတ်ဓာတ် ဖြစ်သည်။ သို့သော် စနစ်တကျ ပြင်ဆင်ပြုပြင်ကြလျှင်တော့ မကျော်နိုင်သည့်တိုင် မီတော့မီနိုင်သေး သည်ဟု ဆိုချင်ပါသည်။ တစ်ခြား အား နည်းချက်ရှိသည့် နေရာများတွင်လည်း စနစ်တကျပြုပြင်ကြမည်ဆိုလျှင် လိုအပ် ချက်ရှိသည့် နေရာတိုင်းတွင် စနစ်တကျ ပြုပြင်ကြမည်ဆိုလျှင် စင်္ကာပူကိုလိုက်၍ မီနိုင်ပေမည်။
တစ်ခါတစ်ရံ နောက်ကျနေခြင်း က ကိုယ့်အတွက် အခွင့်အရေးကောင်း များကို ဖန်တီးပိုင်ခွင့်ရစေနိုင်ပေသေး သည်။ သူများသွားပြီးသည့် လမ်း ကြောင်းအတိုင်း နောက်မလိုက်ဘဲ ခုန် ကျော်လွှား၍ သွားနိုင်သည့် အခွင့်အရေး ရှိသည်။ leap-frog  ဟု သုံးကြသည်။ နောက်ဆုံးပေါ် နည်းပညာများကို သုံးပြီး နိုင်ငံကို တိုးတက်အောင် ဆောင်ရွက် ကြခြင်း ဖြစ်သည်။ သို့သော် လက်တွေ့ တွင်မူ သူများမသုံးတော့သည့် နည်း ဟောင်းကြီးကိုပင် အဟုတ်ထင် နေကြ ဆဲ၊ အသုံးပြုဖို့ ကြိုးစားနေကြဆဲ ဖြစ် သည်ကို တွေ့နေရသည်။ leap-frog   မလုပ်နိုင်လျှင်တော့ သူများကို ကျော်ဖို့ နေနေသာသာ မီအောင်လိုက်ဖို့ တောင်မှ မဖြစ်နိုင်။ အမြဲတမ်း ခြေလှမ်းတစ်လှမ်း မက နောက်ကျနေပေလိမ့်မည်။

သို့သော် နေရာတကာတွင်တော့ leap-frog   လုပ်ရန် မလို။ ဥပမာ ခရီး သွားလုပ်ငန်းတွင် တစ်ချို့သော ကဏ္ဍများတွင် သူ့နဂိုအတိုင်းထားပြီး ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည်။ ကျွန်တော်တို့ ပိုင်ဆိုင်ထားသည့် သဘာဝ ပတ်ဝန်းကျင်ကို မဖျက်ဆီးဘဲ နဂိုအတိုင်း ထားကာ eco tourism   လုပ်ငန်းကို ဖော်ဆောင်နိုင်သည်။ ပုဂံကဲ့သို့သော ရှေးဟောင်းသမိုင်းဝင်နေရာများကို ရှေးမူ လက်ရာ မပျက်အောင် ထိန်းသိမ်းထား ခြင်းဖြင့်လည်း ခရီးသွားလုပ်ငန်း တိုး တက်အောင် လုပ်နိုင်သည်။ ဤအချက် များတွင်တော့ ကျွန်တော်တို့က စင်္ကာပူ ထက်သာမည်ဟု ထင်ရ၏။
ကျွန်တော်တို့အနေဖြင့် သူများကို ကျော်ဖို့ကိုသာ စဉ်းစားမနေကြဘဲ မိမိ၏အားနည်းချက်များကို ပြုပြင်၊ အားသာ ချက်များကို ထိန်းသိမ်းကာ မိမိကိုယ်ကို အရင်ကျော်ဖို့ ကြိုးစားရပေမည်။

ဤနေရာတွင် စိန်ဗေဒါ၏ စိတ် ဓာတ်ခံယူချက်ကောင်းတစ်ခုကို ဝေမျှ ပေးချင်ပါသည်။ စိန်ဗေဒါသည် မြန်မာ ပြည်တွင် အတော်ဆုံး ပြိုင်ဘက်ကင်း သည့် ဆိုင်းဆရာတစ်ဦး ဖြစ်သည်။ သို့သော်လည်း စိန်ဗေဒါသည် နေ့စဉ် မပျက် ဆိုင်းအတီးလေ့ကျင့်လေ့ရှိသည်ဟု ဆိုသည်။ တစ်နေ့တွင် သူ၏တပည့် တစ်ဦးက “ဆရာ့ကို ယှဉ်ပြိုင်နိုင်သည့်သူ မရှိပါဘဲလျက် အဘယ့်ကြောင့် နေ့စဉ် လေ့ကျင့်နေရသလဲ”ဆိုပြီး မေးခဲ့ဖူးသည်။ ဤသည်တွင် စိန်ဗေဒါက “ငါသူများနှင့် ပြိုင်နေတာမဟုတ်။ ငါ့ကိုယ့်ကို ကိုယ် ငါပြိုင်နေခြင်း ဖြစ်တယ်။ ယနေ့ငါသည် မနေ့ကငါထက် ပိုတော်နေရမယ်။”ဟု ပြောခဲ့သည်။ မှတ်သားသင့်သည့် စကား အဖြစ် ကျွန်တော်ခံယူကျင့်သုံးမိသည်။

ကျွန်တော်တို့သည် သူများနှင့် နှိုင်းယှဉ်စံထိုးပြီး ပြိုင်နေခြင်းထက် မိမိ ကိုယ်ကို မိမိ ယှဉ်ပြိုင်ရင်းဖြင့် တိုးတက် အောင်လုပ်နိုင်သည်။
ယနေ့ နိုင်ငံတော်ကို ဦးဆောင် နေကြသူများ၊ အစိုးရအဖွဲ့အသီးသီး၊ အရွေးကောက်ခံ လွှတ်တော်အမတ် အသီးသီးတို့အနေဖြင့် သူများနှင့်ယှဉ်ပြိုင် မနေဘဲ မိမိ၏အရည်အချင်းကိုသာ မိမိယှဉ်ပြိုင်ရင်း ကျန်ရှိနေသေးသော အစိုးရသက်တမ်းကို ကုန်လွန်ကြစေချင် သည်။ သူများကို ကျော်ဖို့မကြိုးစားဘဲ မိမိဘာသာမိမိ ကျော်တက်နိုင်အောင်သာ ကြိုးစားကြစေချင်သည်။
သို့မှသာ ရှေ့ဆက်ဖို့အတွက် အား အင်ရပေမည်။

စင်္ကာပူကို ကျော်တက်မည့် အိပ် မက်ကိုတော့ လက်ရှိခဏ မေ့ထားကြရ အောင်ပါ။