ကျားနှစ်ကောင် သတ်ဖြတ်သူများ ထွက်ပြေးနေ

0
379

တနင်္သာရီတိုင်းအတွင်းရှိ အဆိုပြု အမျိုးသားဥယျာဉ်ဧရိယာအတွင်း ကျားနှစ်ကောင်ကို သတ်ဖြတ်သည်ဟု သံသယရှိသူ အမျိုးသားသုံးဦး ထွက်ပြေးတိမ်းရှောင်နေကြောင်း သစ်တော ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးက ပြောသည်။
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အဆို ပြုထားသည့် လေညာအမျိုးသားဥယျာဉ် ဧရိယာအတွင်း ထိုင်း-မြန်မာနယ်စပ်အနီးရှိ ရွာဟီလူကျေးရွာ၊ ရွာသစ် (ငြိမ်း ချမ်းသာရွာ)တွင် ဇူလိုင်လအတွင်းက ကျားထီးနှင့် ကျားမနှစ်ကောင် သတ်ဖြတ်ခံခဲ့ရသည်။

ကျားနှစ်ကောင်ကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသည့် အဆိုပါအမျိုးသား ၃ ဦးကို ဘုတ်ပြင်း ရဲစခန်းတွင် အမှုဖွင့်ထားပြီး ၎င်းတို့နေထိုင်ရာ အိမ်တွင် မတွေ့ရတော့ဘဲ အိမ်တံခါးများကို သော့ခတ်ပိတ်ထားခဲ့ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေယျက ဆို သည်။

၎င်းတို့အိမ်များကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအရှေ့တွင် သော့ဖျက်ပြီး ဝင်ရောက်ရှာဖွေရန် သစ်တောဝန်ထမ်းများကို ညွှန်ကြားထားပြီး ယင်းကိစ္စနှင့် ပတ် သက်၍ ဩဂုတ်လ ၇ ရက်အထိ အစီရင်ခံစာ မတက်လာသေးကြောင်း ၎င်းက ပြောသည်။
“သတင်းရလို့ သွားစစ်တဲ့အချိန်မှာတော့ ပြေးသွားပြီ”ဟု ဦးကျော်ဇေယျက ပြောသည်။
အဆိုပါ ကျေးရွာမှာ သွားလာရန် လမ်း၊ ဆက်သွယ်ရေး ခက်ခဲခြင်းများ ကြောင့် အဆိုပါ အမျိုးသား ၃ ဦး၏အိမ်တွင် မည်သည့်အရာများ တွေ့ရှိသည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါကျားနှစ်ကောင်ကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက ကင်မရာထောင် ချောက်တွင် တွေ့ရပြီးနောက် ယခုကဲ့သို့ အသတ်ခံရခြင်းဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။
ပြီးခဲ့သည့် ၃ ရက်ခန့်က သစ်တောဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် အဖွဲ့က ကျား များကို သတ်ပစ်သည်ဟု ယူဆရသူများကို သွားရောက်စုံစမ်းဖမ်းဆီးနေပြီး အဆိုပါအဖွဲ့ပြန် ရောက်ချိန်မှသာ အသေးစိတ်ကို သိနိုင်မည်ဖြစ်ကြောင်း ဘုတ်ပြင်းမြို့မရဲစခန်းမှူးက ဩဂုတ်လ ၇ ရက် ညနေပိုင်းတွင် ပြောသည်။

“သတင်းတင်တာလောက်နဲ့ပဲ အမှုတည်ဆောက်ထားသေးတာဆိုတော့ ဘာမှပြောလို့ မရသေး ဘူးခင်ဗျ”ဟု အထက်ပါ စခန်းမှူးက ဆိုသည်။
ကျားသည် သတ်ဖြတ်ရောင်းဝယ်ခွင့်မရှိဘဲ လုံးဝကာကွယ်ထားသည့် ရှားပါးသတ္တဝါ စာရင်း တွင် ပါဝင်သည်။
အဆိုပါ အမျိုးသား ၃ ဦးကို ဘုတ် ပြင်းမြို့မရဲစခန်းတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပုဒ် မ ၄၁ (က)ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ဥပဒေကို ကျူးလွန်ပါက ထောင်ဒဏ်အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါချမှတ်နိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။