မွန်သုံးပါတီ ပေါင်းစည်းရန် သဘောတူ

0
427

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသားပါတီနှင့် အသစ် ဖွဲ့စည်းထားသည့် မွန်အမျိုးသား ကိုယ်စားပြုပါတီတို့ ပေါင်းစည်းရန် သဘောတူညီမှုရရှိကြပြီးဖြစ်သည်ဟု သက်ဆိုင်ရာ ကိုယ်စားလှယ်တို့က ပြော သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသား ပါတီတို့မှာ ပေါင်းစည်းပြီးဖြစ်ပြီး ထပ်အသစ်ဖွဲ့ ထားသော မွန်အမျိုးသား ကိုယ်စားပြု ပါတီတို့ပါ ထပ်ပေါင်းရန် သဘောတူ ခဲ့ကြခြင်း ဖြစ်သည်။
မွန်နိုင်ငံရေးပါတီတစ်ခုတည်းဖြစ် ရေးအတွက် ပေါင်းစည်း မွန်နှစ်ပါတီ ကိုယ်စားလှယ်တို့နှင့် မွန်အမျိုးသား ကိုယ်စားပြုပါတီ ကိုယ်စားလှယ်တို့ ဩဂုတ်လ ၇ ရက်က တွေ့ဆုံဆွေးနွေး ခဲ့ကြအပြီး ပေါင်းစည်းရန် သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ပေါင်းစည်း မွန်နှစ်ပါတီနဲ့ ၂၁ ဦးအဖွဲ့ ပြင်ပအင်အားစုပဲ ပြောပြော ပေါ့နော်။ ဒီတွေ့ဆုံမှုကနေ ရရှိထားတဲ့ သဘောတူညီမှုအရဆိုရင်တော့ ဒီ ၃ ဖွဲ့က တစ်ခုတည်းဖြစ်ပြီးလို့ ပြောလို့ရ တယ်”ဟု ပေါင်းစည်း မွန်နှစ်ပါတီမှ ကိုယ်စားလှယ် နိုင်လရီတမက ပြော သည်။

မွန်တစ်ပါတီဖြစ်ရေး၊ အဆင့် အလိုက် ပါဝင်မှု၊ ပါတီအမည်သစ်ကို လျာထား အမည် ၁၃ ခုအနက် တစ်ခု ကို ရွေးချယ်အတည်ပြုရန်၊ ကျန်ပြင်ပ အင်အားစုများ ပါဝင်လာရေးနှင့် မပြီး ပြတ်သေးသည့်ကျန်ကိစ္စရပ်များ ဆက် လက် ဆွေးနွေးသွားရန် စသည့် အချက် ၅ ချက် အဆိုပါတွေ့ဆုံမှုတွင် သဘော တူခဲ့ကြသည်။
မွန်တစ်ပါတီတည်း ဖြစ်ရေး အတွက် ပေါင်းစည်း မွန်နှစ်ပါတီတို့နှင့် ပူးပေါင်းရန် သဘောတူညီမှုရရှိထား ပြီးဖြစ်သည့်အတွက် မွန်အမျိုးသားကိုယ် စားပြုအမည်ဖြင့် ပါတီမှတ်ပုံတင်မည့် ကိစ္စကို ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ကြောင်း မွန်အမျိုးသားကိုယ် စားပြုပါတီ ဖော်ဆောင်ရေး ၂၁ ဦးအဖွဲ့ ခေါင်းဆောင် နိုင်တလညီက ပြော သည်။

“ကျွန်တော်တို့အနေနဲ့က မွန်အမျိုး သားကိုယ်စားပြုပါတီကို တည်ထောင်ခဲ့ တဲ့ ရည်ရွယ်ချက်က မွန်တွေမှာ တစ်ခု တည်းသောပါတီ ပေါ်ပေါက်ရေးအတွက် လုပ်ခဲ့တာဖြစ်တယ်၊ ဒီနေ့ဆွေးနွေးပွဲ အနေအထားအရလည်း မွန်မှာ တစ်ခု တည်းသော ပါတီပေါ်ပေါက်လာမယ့် အနေအထား ဖြစ်သွားပြီးဆိုတော့ မွန် အမျိုးသား ကိုယ်စားပြုပါတီဆိုတာ လည်း ဖြစ်လာစရာအကြောင်း မရှိတော့ ဘူး”ဟု ၎င်းက ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသားပါတီတို့က အပြီး သတ် ပေါင်းစည်းထားကြပြီး မွန်တစ် ပါတီ တည်းဖြစ်ရေးအတွက် ကျန်ပြင်ပ မွန်အင်အားများ ပါဝင်လာနိုင်ရေး ကြိုး ပမ်း ဆောင်ရွက်လျက်ရှိသည်။