လောင်းလုံးတွင် မှိုစားသူ ရှစ်ဦး အစာဆိပ်သင့်

0
382

လောင်းလုံးမြို့နယ်တွင် မှိုစား၍ လူရှစ်ဦး အစာအဆိပ်ဖြစ်ကာ ဆေးရုံ တင်ကုသလိုက်ရကြောင်း ကာယကံရှင် အချို့နှင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီး ထံမှ သိရသည်။
လောင်းလုံးမြို့နယ် ဟင်းချိုတော ကျေးရွာတွင် သဘာဝအတိုင်း ပေါက်နေ သည့် ဒေသအခေါ် မှိုဇင်ကို စားမိသည့် အသက် ၂၄ နှစ်မှ ၈၈ နှစ်အထိ အသက် အရွယ်ရှိသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ ဇူလိုင်လ ၃၁ ရက်က ဆေးရုံတင်လိုက်ရခြင်း ဖြစ် သည်။

ယင်းမှိုသည် မြန်မာအခေါ် သစ် ရွက်ဆွေးမှိုနှင့် ပုံသဏ္ဌာန်တူသည့် မှို ဖြစ်သည်။
မှိုစားမိသူများအနက် အသက် ၇၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသမီး နှစ်ဦးကို ထားဝယ်ပြည့်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ပြီး အခြားသူများကိုမူ လောင်းလုံးဆေးရုံသို့ တင်ပို့ကုသခဲ့ သည်။
လက်ရှိတွင် ထားဝယ်ဆေးရုံကြီး ၌ ကုသနေသည့် လူနာ ၃ ဦးအခြေ အနေမှာ သက်သာနေပြီဖြစ်ပြီး အသက် ၆၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ထားဝယ်ဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာခင်စိုးနွယ်က ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက တနင်္သာရီအပတ် စဉ်ကို ပြောသည်။
“လာကတည်းက အရမ်းအဆိုးကြီး မဟုတ်ပါဘူး၊ တစ်ခုခု အစာနဲ့မတည့်လို့ ဖြစ်သွားတဲ့ အခြေအနေပါ”ဟု ဒေါက် တာခင်စိုးနွယ်က ဆိုသည်။

ကြော်ချက်ထားသည့် မှိုအနည်း ငယ်ကိုသာ စားသောက်ခဲ့ပြီး အချိန် အနည်းငယ်အကြာတွင် နားရွက်များ ထူပူလာခြင်း၊ မူးဝေခြင်းများ ဖြစ်လာ ကြောင်း ထားဝယ်ဆေးရုံကြီးတွင် ဆေး ကုသမှုခံယူနေဆဲဖြစ်သည့် အသက် ၆၄ နှစ်အရွယ်ရှိ ဒေါ်တင်သောင်းက ဩဂုတ် လ ၁ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
“ကွမ်းမူးသလို နားရွက်ဖျားတွေ ထူပူလာတာ”ဟု ဒေါ်တင်သောင်းက ဆိုသည်။
လောင်းလုံးဆေးရုံတွင် တက် ရောက်ကုသနေသူ ၅ ဦးကို ဩဂုတ်လ ၁ ရက်တွင် ဆေးရုံမှဆင်းခွင့်ပြုလိုက် သည်ဟု ဖုန်းအဆက်အသွယ်ရကြောင်း ၎င်းက ပြောသည်။

ထားဝယ်ဆေးရုံကြီးတွင် ကျန်ရှိ သည့် လူနာနှစ်ဦးကိုလည်း သွေးစစ်ထား သည့် အဖြေရပါက ဆေးရုံမှဆင်းရဖွယ် ရှိကြောင်း အထက်ပါ ဆေးရုံကြီးထံမှ သိရသည်။