မြိတ်တွင် ပိုက်ဆံအိတ်အလုခံရမှု တစ်ရက်အကြာတွင် ကျူးလွန်သူများကို ဖမ်းမိ

0
477

မြိတ်မြို့တွင် ဩဂုတ်လ ၁ ရက် ညပိုင်းက ဆိုင်ကယ်ဖြင့်သွားနေသည့် ကျောင်းဆရာမတစ်ဦး၏ ပိုက်ဆံအိတ် လုယက်သူများကို တစ်ရက်အကြာတွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အဆိုပါကျောင်းဆရာမက ပိုက်ဆံ အိတ်ကို ဆိုင်ကယ်လက်ကိုင်တွင် ချိတ် ဆွဲကာ သွားနေစဉ် မြိတ်မြို့ရေပုန်းလမ်း ဆုံအရောက်တွင် လူ ၃ ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ အမျိုးသားက ပိုက်ဆံ အိတ်ကိုဆွဲယူပြီး ထွက်ပြေးသွားကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။

ပိုက်ဆံအိတ်အတွင်း ငွေကျပ် ၃၂ သိန်းကျော်နှင့် ဘဏ်စာအုပ်များ၊ ဖုန်း နှင့် မှတ်ပုံတင် အစရှိသည့်ပစ္စည်းများပါသွားကြောင်း တိုင်းရဲမှတ်တမ်းတွင် ဖော်ပြသည်။
လုယက်ခဲ့သူသုံးဦးအနက် နှစ်ဦး ကို ဩဂုတ်လ ၂ ရက်နေ့က ဖမ်းမိထား ကြောင်း မြိတ်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက တနင်္သာရီအပတ်စဉ်ကို ပြောသည်။

စုံစမ်းဖော်ထုတ်ချက်များအရ လု ယက်ခဲ့သည့် အမျိုးသားနှစ်ဦးကို ဖမ်းမိ ခဲ့ပြီး လုယက်ရာမှ ရရှိသည့်ငွေကြေးဖြင့် ဝယ်ယူထားသည့် ပစ္စည်းများနှင့် လက် ကျန်ငွေကြေးများကို သိမ်းယူနိုင်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။
ကျန်သည့်တစ်ဦးက လွတ်မြောက် နေဆဲဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းနောက် ဩဂုတ်လ ၂ ရက် တွင် လုယက်ခံရသည့် ပစ္စည်းများအနက် ဘဏ်စာအုပ်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အခြားပစ္စည်းများကို မြိတ်မြို့ရှိ ကုမ္ပဏီတစ်ခုအနီး ကွမ်းယာ ဆိုင်အနောက်ဘက်တွင်တွေ့ရသည်ဟု အမျိုးသားတစ်ဦးက လုယက်ခံရသည့် အမျိုးသမီးထံ ဖုန်းဆက်အကြောင်းကြား ခဲ့ကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။

လုယူသွားသည့် အမျိုးသားသုံးဦး ကို ရာဇသတ်ကြီးပုဒ်မ-၃၈၂ (ခိုးမှုကို ကျူးလွန်ရန်အလို့ငှာ သေစေရန်ဖြစ်စေ၊ နာကျင်စေရန် ဖြစ်စေ၊ တားဆီးရန်ဖြစ်စေ ပြင်ဆင်ပြီးမှ ကျူးလွန်သောခိုးမှု)ဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ပုဒ်မ-၃၈၂ ကို ကျူးလွန်ပါက အလုပ် ကြမ်းနှင့် ၁၀ နှစ်အထိထောင် ဒဏ်ချမှတ် နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။