ရေကျော်လမ်းတွင် လှေမှောက် ပျောက်ဆုံးခဲ့သူ နှစ်ရက်အကြာတွင် အလောင်းပြန်တွေ့

0
356

သရက်ချောင်းမြို့နယ်၊ မင်းဒပ် ရွာရှိ ဝင်းဝတံတားအနီး လမ်းရေကျော် နေသည်ကို လှေဖြင့်ဖြတ်ကူးခဲ့ရာမှ လှေ မှောက်ကာ ပျောက်ဆုံးခဲ့သူကို နှစ်ရက် အကြာတွင် အလောင်း ပြန်လည်တွေ့ ရှိခဲ့ကြောင်း ရှာဖွေရေး လုပ်ဆောင်နေ သူများထံမှ သိရသည်။

ဇူလိုင်လ ၃၀ ရက် ည ၁၀ နာရီ ခန့်တွင် ရေကျော်နေသည့် မင်းဒပ်လမ်း ကို လှေငယ်ဖြင့် ဖြတ်ကူးစဉ် လှေမှောက် ခဲ့ရာ အသက် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦးပျောက်ဆုံးခဲ့ပြီးနောက် ဩဂုတ်လ ၁ ရက် နံနက်တွင် အလောင်းပြန်တွေ့ ခဲ့ခြင်း ဖြစ်သည်။

“အလောင်းတွေ့တာ လှေမှောက် တဲ့နေရာမှာ မဟုတ်ဘူး၊ မြစ်ဘေးက ဗောအနားမှာ ပြန်တွေ့တာ”ဟု ရှာဖွေကယ်ဆယ်ရေးလုပ်နေသူတစ်ဦးဖြစ် သည့် ဦးညိုမင်းက ပြောသည်။
လှေမှောက်ခဲ့စဉ်က လှေပေါ်တွင် ဆိုင်ကယ်နှစ်စီးနှင့် သေဆုံးသူအပါအဝင် ခရီးသည် ၃ ဦး၊ လှေသမား ၂ ဦး လိုက်ပါလာရာ သေဆုံးသူအမျိုးသားမှ အပ ကျန်သူများ လှေကို မင်းဒပ်ရွာ ဘက် ဆွဲယူကူးခတ်လာနိုင်ခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။

ဆိုင်ကယ်များကိုမူ ဇူလိုင်လ ၃၁ နံနက်တွင် ပြန်လည်ဆယ်ယူနိုင်ခဲ့သည်။
“သူက ဂျာကင်မိုးကာကြီး ဝတ် ထားတော့ ရေမကူးနိုင်ဘဲ ရေစီးနဲ့ မျောသွားတာဖြစ်မယ်၊ ညဘက်ဆိုတော့ ဘယ်နေရာကူးရမှန်းလည်း မသိနိုင်ဘူး လေ”ဟု မင်းဒပ်ရွာမှ အမျိုးသမီးတစ်ဦး က ပြောသည်။
သေဆုံးသူ အမျိုးသားသည် သရက် ချောင်းမြို့နယ် ပြင်းဖြူကြီးရွာသားတစ် ဦးဖြစ်ပြီး ၈ လသားအရွယ် ကလေးတစ်ဦး ၏ဖခင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မင်းဒပ်ရွာတွင် ယခင်နှစ်များက ရေကြီးလေ့ရှိသော်လည်း ယင်းသို့ လူသေဆုံးမှု မဖြစ်ဖူးဟု ရွာသူရွာသား များက ဆိုသည်။