အားမနာလိုက်ပါနဲ့

0
1411

အားနာတယ်ဆိုတဲ့ စကားလုံးဟာ မြန်မာ့လူအဖွဲ့အစည်းမှာ အင်မတန် နာမည်ကျော်ကြားပါတယ်။ လူကို အတော်ကိုလည်း ဒုက္ခပေးပါတယ်။
ဒုက္ခပေးမှန်း သိလျက်နဲ့လည်း အား နာလို့မဆုံး၊ နာမြဲ နာဆဲ ဖြစ်နေတတ် တာလည်း တစ်ပုံတစ်ပင်ပါပဲ။
မြန်မာ့ လူမှုဓလေ့တစ်ခုလိုဖြစ်နေတဲ့ အားနာခြင်းကို ခွဲခြမ်းကြည့်တဲ့အခါ မြောက်များစွာသော အားနည်းချက်တွေ၊ အနာအဆာတွေကို တွေ့ရပါတယ်။

မပြတ်သားသူ
အားနာတတ်တဲ့သူ တိုင်းမှာ အထင်းသား တွေ့ရတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကိုယ်ပြောချင်တာကိုပြတ် ပြတ်သားသား မပြောရဲ၊ ကိုယ်လုပ်ချင်တာကိုပြတ်ပြတ်သားသား မလုပ်ရဲ၊ ကိုယ်စားချင်တာကိုရဲရဲတင်းတင်း မစား စသဖြင့် မပြတ်မသား မရဲတင်းမှုပေါင်း များစွာနဲ့ အခါတိုင်းလိုလိုမှာ ချီတုံ ချတုံ ဖြစ်နေတတ်ပါတယ်။
အားနာလို့ ပြောမထွက်ဘူး။

အားနာလို့ မလုပ်ဖြစ်ဘူး။
အားနာလို မတောင်းဖြစ်လိုက်ဘူး စသဖြင့် များစွာသောအကြောင်း အခြင်း ရာတွေဟာ မပြတ်မသားနဲ့ ဖြစ်နေတတ်ပါ တယ်။
အားနာလို့ မပြောတော့ဘူးလို့သာ ခေါင်းစဉ် အလွယ်တတ်လိုက်ပေမယ့် ကိုယ်ကိုယ်တိုင်က တကယ်ပြောချင် တာလား၊ မပြောချင်တာလား မသိတာ၊ တကယ်ပြောသင့်တယ်လို့ ပြတ်ပြတ် သားသား မဖြစ်တာကို တွေ့ရတတ်ပါ တယ်။
ဒီနေရာမှာ တစ်ခုကွဲကွဲပြားပြား သိဖို့လိုတာက မပြတ်သားတာနဲ့ ဆင် ခြင်စဉ်းစား ချင့်ချိန်နေတာမတူဘူး ဆို တာကိုပါ။ ဆင်ခြင်စဉ်းစား ချင့်ချိန် တာက ပြတ်သားမှုအတွက် အချိန်ယူခြင်း သာဖြစ်ပါတယ်။

တာဝန်မကျေသူ
အားနာတတ်သူတိုင်း မကြာခဏ ဆိုသလိုကြုံရတာက တာဝန်မကျေ ခြင်းပါ။
ကိုယ်လုပ်ရမယ့် တာဝန်၊ ကိုယ် ပြောရမယ့်တာဝန်ကို အားနာလို့မလုပ် ဖြစ် မပြောဖြစ်တာမျိုးပါ။ အချို့ဆိုရင် ဆိုးဆိုးရွားရွား အခြေအနေအထိ အား နာတတ်ပါတယ်။
ကိုယ်တွေ့ကြုံဖူးတာကို မျှဝေရမယ် ဆိုရင်တော့ ဈေးဆိုင်ရောင်းတာပါ။

ဈေးဝယ်သူမှာ ပါလာတဲ့ပိုက်ဆံက ၅၀၀ ကျပ်၊ ကျသင့်တာက ၅၅၀ ကျပ်။ ပစ္စည်းကိုထားခဲ့ပြီး ၅၀ ကျပ်ထပ်ဖြည့်ပြီး ပိုက်ဆံပြည့်မှ လာယူပါလို့မပြောထွက် တော့ အားနာပြီး နောက်မှပြန် လာပေး လို့ပြောပြီး ပစ္စည်းပေးလိုက်မိရော။
လာပေးတဲ့သူလည်းရှိမပေးတဲ့သူလည်းရှိ။ အဲလိုပြောပြီးလွှတ်လိုက်တာဘယ်နှစ်ယောက်မှန်းလည်း မသိ။
တကယ်အရင်းစစ်ကြည့်တော့ ကိုယ့်တာဝန်က ဒီဆိုင်ကို စောင့်ရှောက် ဖို့ပါ။ အမြတ်အစွန်းရအောင် လုပ်ဖို့ပါ။ ဒါပေမယ့် အားနာတယ်ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ကိုယ့်တာဝန် ကိုယ်မကျေ တော့ဘူး ဖြစ်သွားပါတယ်။
တချို့ဆိုရင် ကူညီတတ်သူဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဟိုဘက်ဒီဘက် ညှိနှိုင်းပေးရတဲ့ အခြေအနေမျိုးမှာ ဟိုဘက် မှာတုန်းကလည်း အားနာလို့ခေါင်းညိတ်ခဲ့ ပြီး ဒီမှာရောက်တော့ အားနာလို့ပြော မထွက်ဆိုတာမျိုးလည်း ဖြစ်တတ်ပါ တယ်။

တော်တော် ဂွကျ၊ အလုပ်မဖြစ်တဲ့ အနေအထားမျိုးပါ။ တခါတလေဆိုစိတ် ပျက်ဖို့ အတော်ကောင်းပါတယ်။
ဒါပေမယ့် ဒီလိုလူတွေဟာ စိတ်ရင်း ကောင်းပြီး ကူညီတတ်သူများ ဖြစ်တော့ လူတွေကလည်း တော်ရုံ ဗွေယူခဲ၊ ပြော ခဲပါတယ်။

အလွန်အကျွံ စိုးရိမ်တတ်သူ
အားနာတတ်သူတွေမှာ နောက်ထပ် တွေ့ရတာတစ်ခုက အလွန်အကျွံ စိုးရိမ် တတ်တာပါ။ တစ်ဖက်လူကအထင်လွဲမှာ၊ တစ်ဖက်လူတစ်ခုခု ခံစားသွားရမှာ၊ တစ် ဖက်လူ သဘောမကျမှာစသဖြင့် ဘာတွေ ပူလို့ပူမှန်းမသိ၊ ဘာတွေစိုးရိမ်လို့ စိုးရိမ်မှန်းမသိ ဖြစ်နေတတ်ပါတယ်။
မပြောတော့ပါဘူးလေ၊ သူစိတ် မကောင်း ဖြစ်နေပါဦးမယ်။

မလုပ်တော့ပါဘူးလေ၊ သူမကြိုက် လောက်ဘူး။
မသွားတော့ပါဘူးလေ။ တော်ကြာ သူတို့တစ်မျိုး ထင်နေဦးမယ်။
စသဖြင့် ဘာမှန်းမသိတဲ့များမြောင် လှစွာသောစိုးရိမ်ချက်တွေနဲ့လုံးထွေးနေတတ်ပါတယ်။

ဖိအားများဆီမှ ထွက်ပြေးသူ
အားနာတတ်သူတွေဟာ ဖိအားတွေ ကနေထွက်ပြေးသူလည်း ဖြစ်လာလေ့ရှိ ပါတယ်။ တစ်ခုခုကြောင့် ကိုယ့်ဆီသက် ရောက်လာမယ့် ဖိအားကို ရှောင်လွှဲချင် တာနဲ့ အားနာတယ်ဆိုတာကိုခေါင်းစဉ် တတ်ပြီး အသုံးချလေ့ရှိပါတယ်။
အားနာလို့မပြော တော့ဘူးဆိုတာ ဟာ တစ်ဖက်ကတွေးရင် ပြောဖို့ကြိုးစား ရတဲ့အချိန်မှာ ကိုယ့်ဆီသက်ရောက်လာတဲ့ ဖိအားကို မခံနိုင်တာကြောင့် မပြော တော့တာ ဖြစ်ပါတယ်။

အပြောင်းအလဲလုပ်ဖို့ ကြောက်ရွံ့သူ
အားနာတတ်တာနဲ့ ဆက်စပ်ပြီး နောက်ထပ် ဖြစ်လာတာတစ်ခုက အပြောင်းအလဲလုပ်ဖို့ ကြောက်ရွံ့တာ ဖြစ်ပါတယ်။ လုပ်နေကျ ပြောနေကျ မဟုတ်တာတစ်ခုခုကိုလုပ်ဖို့ ကြောက်ရွံ့ တာနဲ့ အားနာလို့မလုပ်လိုက်ဘူး၊ မပြော လိုက်ဘူးဆိုတာမျိုး လွှဲချတတ်ပါတယ်။
ချုပ်ပြောရမယ်ဆိုရင် အားနာတာ ဟာ ဘေးထွက်ဆိုးကျိုး တော်တော်များ ပါတယ်။

တချို့ ဆိုးကျိုးတွေက အားနာတာ ရဲ့ နောက်ဆက်တွဲအနေနဲ့ပြောင်းလဲ အရိုးစွဲလာတဲ့ အမူအကျင့်မျိုးတွေ ဖြစ် ပါတယ်။
အပြောင်းအလဲလုပ်ဖို့ ကြောက်ရွံ့သူ လိုမျိုးပါ။ အစကတော့ ရိုးရိုးအားနာ တာပါပဲ။ နောက်မှတဖြည်းဖြည်းနဲ့ အပြောင်းအလဲလုပ်ဖို့ ကြောက်ရွံ့သူ ဖြစ် လာတော့တာမျိုးပါ။
တစ်ခု အရေးကြီးတာက ဆင်ခြင် တုံတရား ရှိတာနဲ့ အားနာတာကိုမရော ထွေးဖို့ပါ။
ဆုံးဖြတ်ချက်ချဖို့ အချိန်ယူခြင်း၊ ဆင် ခြင်ခြင်းနဲ့ အားနာလို့ချီတုံ ချတုံ ဖြစ်ခြင်း အပုံကြီး ကွာပါတယ်။
ဆိုတော့ လူမှုဓလေ့တစ်ခုလိုဖြစ် နေပေမယ့် အားမနာမိဖို့ လိုပါတယ်။
အားနာတာတွေကို လျှော့စေချင်ပါ တယ်။