မြိတ်ဆေးရုံကြီး မီးစက်ခန်း ဖောက်ထွင်းခံရ

0
415

ဇူလိုင်လ ၃၁ ညက မြိတ်ခရိုင် ပြည်သူ့ ဆေးရုံကြီး၏ ခွဲစိတ်ခန်းသုံး မီးစက်ခန်း ဖောက်ထွင်းခံခဲ့ရကြောင်း ခရိုင်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ယင်းဆေးရုံကြီး၏ အနောက်ဖက်ရှိ ခွဲစိတ်ခန်းသုံး မီးစက်ခန်း သံပန်း တံခါးအား ဖျက်ဆီးပြီး အခန်း အတွင်းရှိ 3K အမျိုးအစား N ၁၅၀ အပြာရောင် ဘက်ထရီ ၂ လုံး၊ Mectrotic အမျိုးအစား ၁၂ ဗို့ ဘက်ထရီ အား သွင်းစက် ၁လုံး၊ UPS  နှင့်တွဲ ထားသည့် ၁၂ ဗို့ ဘက်ထရီ ၁ လုံး၊ ဂွအစုံပါရှိသည့် သေတ္တာ ၁ လုံးနှင့် မီးကြိုး(ကြေးကြိုး)ခွေများ အခိုးခံ ခဲ့ရကြောင်း ယင်းဆေးရုံကြီး၏ ဖေ့ဘွတ် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
“မနက်ကြားကြားချင်း သူတို့ဆီမှာ အချက်အလက်ယူပြီး အဟောင်းဆိုင် တွေမှာ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေ ပါတယ်”ဟု ကလွင်နယ်မြေ ရဲကင်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

ခိုးယူသူမှာ အနည်းဆုံး ၂ ဦး ရှိနိုင်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေသည်ဟု အဆိုပါ ရဲအရာရှိက ပြောဆိုသည်။
“မီးက ၂၄ နာရီပုံမှန်လာနေတယ် ဆိုတော့ ခုချိန်အထိ အခက်အခဲက မရှိသေးဘူး”ဟု ယင်းဆေးရုံကြီး၏ အရေးပေါ်ဌာနမှ တာဝန်ကျဆရာဝန်က ဩဂုတ်လ ၃ ရက်တွင် ပြောသည်။

အခိုးခံရသည့် မီးစက်ခန်းမှာ မီးပြတ်သည့်အချိန်၌သာ ခွဲစိတ်ခန်း အတွက် အရေးပေါ်သုံးရန် အရန်ထား သည့် မီးစက်ဖြစ်ပြီး ယင်းပစ္စည်း များနေရာ၌ ပြန်လည်အစားထိုးရန် စီစဉ်နေသည် ကိုသိရှိရကြောင်း ယင်း ဆရာဝန်က ပြောပြသည်။
မြိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး ပရဝုဏ်အတွင်း ညအချိန် ဆိုင်ကယ် ပျောက်ဆုံးမှုများလည်း မကြာခဏ ကြုံနေရသည်။